Thursday, July 16, 2015

SNLD ရွေးကောက်ပွဲဝင်မည်၊ မဲဆန္ဒနယ် တစ်ရာ့ခြောက်ဆယ် ပြိုင်မည်

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ဝင်ပြိုင်ရန် ဆုံးဖြတ်လိုက်ပြီး မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီ ဒုတိယဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောကြားသည်။
ဇူလိုင်လ ၁၄ ရက်နေ့နှင့် ၁၅ ရက်နေ့တို့တွင် ကျင်းပသည့် SNLD ဗဟိုကော်မတီ အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။
“၂၀၁၅ ရွေးကောက်ပွဲဝင်ဖို့ အားလုံးက သဘောတူညီမှုပေးခဲ့တဲ့ အတွက်ကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ မနက်ဖြန် ကော်မတီ အစည်းအဝေးပွဲမှာ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းများကို ဆက်လက်ဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောသည်။
SNLD ပါတီအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ကယားပြည်နယ်များတွင် မဲဆန္ဒနယ် ၁၆၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ပြောဆိုထားသည့် နိုင်ငံရေးအကျဉ်းသားများအဖွဲ့ (CRPP) အဖွဲ့ဝင်များ၏ မဲဆန္ဒနယ်များ ခွဲဝေရေးကိစ္စကိုမူ ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
SNLD ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီခေါင်းဆောင်အချို့ နိုင်ငံရေးအကျဉ်းသားများ အဖြစ် အကျဉ်းကျနေသောကြောင့် ပါတီမှတ်ပုံတင်ခြင်း မရှိဘဲ ၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။
၂၀၁၅ ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။
The Voice Weekly

No comments:

Post a Comment