Tuesday, August 4, 2015

မြန်မာ့ရေဘေးအတွက် ထိုင်းအစိုးရ ဘတ်ငွေ ၅ သန်း လှူဒါန်း

မြန်မာနိုင်ငံမှ ရေဘေးသင့် ပြည်သူများကို ကူညီကယ်ဆယ်ရေးအတွက် ထိုင်းအစိုးရက ဘတ်ငွေ ၅ သန်း ပေးပို့ လှူဒါန်းမည်ဟု သတင်းရရှိသည်။
မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းမှု၊ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုများနှင့် ဆက်နွှယ်ပြီး မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ရာ လူ ၄၇ ဦးထက်မနည်း သေဆုံးပြီး ထောင်ပေါင်းများစွာ ရေဘေးဒုက္ခများနှင့် ကြုံနေရသည်။
ထိုင်းအစိုးရ၏ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးဖြစ်သူ ဝီရာချုံ ဆူခွန်တာပါတီပက်က သဘာဝ ဘေးအန္တရာယ် တွေ့ကြုံနေရသည့် မြန်မာနိုင်ငံကို ငွေကြေးအရ ထောက်ပံ့ကူညီရန် အစိုးရက ဩဂုတ် ၃ ရက်တွင် သဘောတူညီခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းစာသို့ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ရေဘေးသင့်မှု အခြေအနေနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် စပ်လျှဉ်းပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ သံအမတ်သည် ထိုင်းအစိုးရ ကိုယ်စားလှယ်များနှင့်လည်း ဩဂုတ် ၄ ရက်တွင် တွေ့ဆုံ ဆွေးနွေးမည်ဟု ဆိုသည်။ အဆိုပါ တွေ့ဆုံမှုတွင် ထိုင်းအစိုးရ ကိုယ်စားလှယ်များက ထိုင်းဘတ်ငွေ ၅ သန်းကို ပေးအပ် လှူဒါန်းသွားမည်ဟု အဆိုပါ သတင်းစာက ဖော်ပြထားသည်။
ရေကြီးမှုများနှင့်အတူ နိုင်ငံအနှံ့ မြေပြိုမှုများပါ ဖြစ်ပေါ်နေရာ မြန်မာအစိုးရသည် ပြည်နယ်နှင့်တိုင်းဒေသကြီး လေးခုတို့ကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် ဒေသများအဖြစ် သတ်မှတ် ကြေညာခဲ့သည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာသည် မြန်မာနိုင်ငံ၏ ရေဘေးဒုက္ခအတွင်း ပြည်သူများ ထိခိုက်သေကြေခဲ့မှုအတွက် စာနာဝမ်းနည်းကြောင်း သဝဏ်လွှာကိုလည်း မြန်မာသမ္မတ ဦးသိန်းစိန်ထံ ပေးပို့ခဲ့ကြောင်းလည်း သိရှိရသည်။
_Ref: Bangkokpost

No comments:

Post a Comment