Wednesday, August 5, 2015

သဘာဝဘေးနှင့်အတွေ့ နောက်ကောက်ကျခဲ့ပြန်ခြင်း

အိမ်မှာရှိသမျှ ပစ္စည်းဘာတစ်ခုမှ မယူနိုင်ဘဲနဲ့ ပစ်ထားခဲ့ရပါတယ်။ လူလွတ်ပဲ ရုန်းခဲ့ရပါတယ်။  ဒီရေကြီးမှုအတွက် ဘယ်ဌာနဆိုင်ရာမှ လာပြီး ကူညီကယ်ဆယ်တာ လုံးဝမရှိခဲ့ပါဘူး။  သမ္မတကြီးတို့၊  ဝန်ကြီးတို့ လာတဲ့အချိန်ကျမှသာ နှမ်းလာဖြူးကြတာပါ။ ဒီမှာ ကယ်ဆယ်ရေး လုံးဝမလုပ်သေးပါဘူး။ စောင့်ရှောက်မှုလည်း လုံးဝမရှိသေးပါဘူး။ ကိုယ့်အသက်ကို ရုန်းပြီးတော့ပြေးခဲ့ရတာပါ။ သမ္မတကြီးတို့အနေနဲ့က ဒီဆည်ကြီးကို ဖျက်သိမ်းပေးဖို့   ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်တယ်။ ဒီဆည်ကြီး ရှိနေလို့ အခုလိုဖြစ်ရတာပါ။ တစ်သက်နဲ့တစ်ကိုယ်  တစ်ခါမှ  ရေမကြီးဖူးဘူး’’

အဆိုပါစကားကို ရေဘေးသင့်ဒေသ ကလေးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်သမ္မတ၏အနီးတွင် ဒေသခံဒေါ်မီးမီးက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ဖြေကြားခြင်းဖြစ်သည်။ သမ္မတ ဦးသိန်းစိန်က စစ်ကိုင်းတိုင်းဒေသကြီးရေဘေးသင့်ဒုက္ခသည်များထံ ကူညီအားပေးရန် ၁၁ ရက်အတွင်း နှစ်ကြိမ်မြောက်သွားခြင်းဖြစ်သည်။ ကောလင်း၊ ကန့်ဘလူ၊ ကျွန်းလှနှင့် အနီးဝန်းကျင်မြို့နယ် အချို့တွင် ရေဘေးစတင်ကျရောက်စဉ် ဇူလိုင် ၂၁ ရက်က ကန့်ဘလူမြို့သို့ တစ်ကြိမ်နှင့် သြဂုတ် ၂ ရက်က ကလေးမြို့သို့တစ်ကြိမ် သမ္မတဦးသိန်းစိန် သွားရောက်ခြင်းဖြစ်သည်။

ကြိုတင်ကာကွယ်ချိန်မရဘဲ ရေဘေးလွတ်ရာသို့ လက်ချည်းဗလာထွက်ပြေးခဲ့ရသည့် ဒေသခံပြည်သူတစ်ဦးက ယင်းကဲ့သို့ရင်ဖွင့်ပြီးချိန်တွင် သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ  ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က အစိုးရအဖွဲ့ကိုယ်စား ဝန်ခံစကားတစ်ခွန်းဆိုသည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်နှင့်   သဘာဝဘေးနှင့်ပတ်သက်၍ ပြင်ဆင်ရန်  လိုအပ်မှုရှိခဲ့ကြောင်း၊ လူထုသို့  ပညာပိုမိုပေးရန် လိုအပ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

လက်ရှိကာလသည် သမိုင်းတွင် မေ့ဖျောက်မရနိုင်သည့် နာဂစ်မုန်တိုင်းနောက်ပိုင်း အဆိုးရွားဆုံး သဘာဝဘေးကို မြန်မာနိုင်ငံရင် ဆိုင်နေရချိန်ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် လူဆယ်ဦးခန့်အထိ သေဆုံးခဲ့သည့်ရေဘေးကို ဇွန်လကုန် ခန့်က ဗွေဆော်ဦးရင်ဆိုင်လိုက်ရပြီးနောက် မရှေးမနှောင်းမှာပင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ချင်းပြည်နယ်တို့တွင် သမိုင်းတွင်မည့် ရေကြီးနစ်မြုပ်မှု ရင်ဆိုင်ရခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်မှာ နှစ်လဆက်တိုက် ရေဘေးသင့်ခဲ့ခြင်းဖြစ်သည်။

ဒေသတစ်ခု ရေဘေးသင့်ပြီး ပြန်လည်ထူထောင်ရေး မစတင်နိုင်ပင် အခြားဒေသတစ်ခုရေဘေး ကျရောက်နေသည်။ ပညာရှင်များ နှင့် မိုး/ဇလဌာနကလည်း ဒေသ အချို့ နောက်ထပ် ရေလွှမ်းမိုးမှု ဆက်လက်ကြုံတွေ့ရနိုင်သည်ဟု သတိပေးထားသည်။ သို့သော် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်တို့သည် လုံလောက်သော ကြိုတင်သတိပေးမှု၊ ပြင်ဆင်ရန် အချိန်မရလိုက်ဘဲ အချိန်တိုအတွင်း ကြီးမားသော ပျက်စီးဆုံးရှုံးမှုဖြင့် စတေးလိုက် ရသည်။ သို့သော် ယခုအခါ အရေးကြီးဆုံးမှာ သဘာဝဘေးများကို ထပ်မံရင်ဆိုင်ရပါက မည်သို့အကောင်းဆုံး အန်တုရင်ဆိုင်မည် ဆိုသည်နှင့် အစိုးရပိုင်းတာဝန်မဲ့ခဲ့သည့်  ရေဘေးသင့်ဒေသများကို ပြန်လည်ထူထောင်ရေးအပိုင်း မည်ကဲ့သို့ ဖြေရှင်းမည်ဆိုသည့် အချက်ပင်။

  ကြိုတင်သတိပေးမခံရဘဲ ရေဘေးရင်ဆိုင်ခဲ့ရပြီး  သုံးရက်ကြာမှသာ  အစိုးရပေးသည့် ဆန်တစ်ပြည်ရခဲ့သည့် ကောလင်းမြို့ နယ်  ဆီဆုံကျေးရွာဒေသခံအ သက်(၇၅)နှစ်အရွယ်  အဘွား ဒေါ်လှရွှေက  ‘‘ရေဆိုတဲ့ အသံ မကြားချင်တော့ဘူး။ ဖြစ်ပြီးသမျှ လည်း ဘယ်သူမှ အပြစ်မတင်ချင်ဘူး။ ဒါပေမဲ့ အဘွားတို့ဘ၀တွေ လယ်ပိုင်ရှင်ဘ၀ကနေ အလှူရှင်တွေပေးတဲ့ ကယ်ဆယ်ရေးပစ္စည်းကို မျှော်နေရတဲ့ဘ၀ရောက်နေ ပြီ’’ဟု ဆို့နင့်စွာပြောသည်။

အစိုးရက ရေဘေးအန္တရာယ် တစ်နေ့ထက်တစ်နေ့လျော့နည်းသွားကြောင်း သတင်းထုတ်ပြန်နေချိန်တွင် ကောလင်းမြို့နယ်အတွင်း ရေဘေးသင့်ကျေးရွာနှစ်ခု၏ ကယ်ဆယ်ရေးပစ္စည်းရလိုမှုနှင့် ပတ်သက်၍ ဖြစ်ပွားခဲ့သည့်အခြေအနေကြောင့်လည်း ၀မ်းနည်းခဲ့ရသည်ဟု ကယ်ဆယ်ရေးပစ္စည်း သွားရောက်ပေးလှူခဲ့သည့် ညောင်ဝန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းကပြောသည်။
7 day

No comments:

Post a Comment