Tuesday, August 18, 2015

ဘန်ကောက် ဗုံးခွဲမှုသည် ထိုင်းနိုင်ငံ ကြုံဖူးသမျှ အဆိုးဆုံး တိုက်ခိုက်မှုဟု ဝန်ကြီးချုပ် ပြောကြား


ဘန်ကောက်မြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုသည် ထိုင်းနိုင်ငံအတွက် ကြုံဖူးသမျှ အဆိုးရွားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှုဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။
ဩဂုတ် ၁၇ ရက် ညပိုင်းက ဘန်ကောက်မြို့လယ် အီရာဝမ် လေးမျက်နှာ ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၂၂ ဦးထက်မနည်း သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အီရာဝမ် ဟိန္ဒူ ဘုရားကျောင်းသည် ဘန်ကောက်တွင် ကမ္ဘာလှည့် ခရီးသည် အများစု သွားရောက်လည်ပတ်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

ဒေသစံတော်ချိန် ည ၇း၀၀ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားချိန်၌ အဆိုပါ နေရာအနီးတဝိုက်တွင် လူအများအပြား ရှိနေကြောင်း မျက်မြင်များက ဆိုသည်။ “ဒါဟာ ထိုင်းနိုင်ငံ သမိုင်းမှာ ကြုံဖူးသမျှ အဆိုးရွားဆုံး ဖြစ်ရပ် တစ်ခုပါပဲ။ အရင်က ဗုံးထောင်မှုတချို့ ရှိခဲ့ပေမယ့် အသေးစား ကိစ္စလေးတွေ၊ ဆူဆူပူပူ ဖြစ်ရုံလေးတွေထက် မပိုခဲ့ဘူး။ အခုဖြစ်ရပ်မှာတော့ အပြစ်မဲ့တဲ့ အသက်တွေ အများကြီး ဆုံးရှုံးခဲ့ရပြီ။ အကြမ်းဖက်သမားတွေဟာ ကျုပ်တို့ရဲ့ စီးပွားရေး၊ ကျုပ်တို့ရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းတွေကို ဖျက်ဆီးပစ်ချင်နေတယ်”ဟု ဝန်ကြီးချုပ် ပရာယွတ်သ်က ပြောကြားခဲ့သည်။

၎င်းက လုံခြုံရေး ကင်မရာ မှတ်တမ်းများမှ ရိုက်ယူထားသည့် အကြမ်းဖက်သမားဟု ယူဆရသူ၏ ပုံရိပ်မှာ သဲသဲကွဲကွဲ မရှိလှကြောင်းလည်း အတည်ပြုခဲ့ပြီး စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်နေဆဲဟု ဆိုသည်။ ဗုံးကွဲမှု ဖြစ်ပွားရာ ဘုရားကျောင်းတွင် လုံခြုံရေး ကင်မရာ အများအပြား တပ်ဆင်ထားသလို အခင်းဖြစ်ချိန်တွင် အနီးအနားမှ လူအများက ရိုက်ယူထားသည့် ဗီဒီယိုများကိုလည်း ရဲတပ်ဖွဲ့ထံ ကူညီ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုင်းအာဏာပိုင်များသည် ယခုတိုက်ခိုက်မှုကို မည်သူမည်ဝါက ကျူးလွန်ကြောင်းနှင့် ရည်ရွယ်ချက်မှာ မည်သည့်အတွက်ကြောင့် ဖြစ်ကြောင်းကို ဝေခွဲမရဘဲ ရှိနေဆဲ ဖြစ်သည်။ ဖြစ်နိုင်ခြေရှိသည့် သံသယ စာရင်းတွင် နိုင်ငံတောင်ပိုင်း၌ ခွဲထွက်ရေး လှုပ်ရှားနေသည့် အစွန်းရောက် အစ္စလာမ်မစ် အကြမ်းဖက်သမားများ ပါဝင်နေသော်လည်း ယခုကိစ္စမှာ ၎င်းတို့အတွက် အလှမ်းကျယ်လွန်းနေသည်။ အဆိုပါ အဖွဲ့အစည်းများသည် ၎င်းတို့ အခြေစိုက်ရာ ဒေသတွင် ဗုံးထောင် တိုက်ခိုက်မှုများ ပြုလုပ်လေ့ ရှိသော်လည်း ယင်းတို့၏ ပိုင်နက်အပြင်ဘက်ကို နယ်ကျော်၍ ထွက်လာခြင်းမျိုး မရှိခဲ့ချေ။

ထိုင်းတွင် စစ်တပ်အာဏာသိမ်းမှု မဖြစ်ပွားမီ ပေါ်ပေါက်ခဲ့သည့် နိုင်ငံရေး အုံကြွမှုများနှင့်လည်း ယခုဖြစ်ရပ်က ဆက်နွှယ်မှု ရှိနိုင်ကြောင်း ခန့်မှန်းမှုများလည်း ထွက်ပေါ်နေသည်။ ထိုင်းအမျိုးသား ရဲတပ်ဖွဲ့ အကြီးအကဲ ဆွမ်ယွတ် ပွမ်ပမ်မောင်းက ယခုဗုံးသည် ပိုက်ဗုံးအမျိုးအစားဖြစ်ပြီး ဘုရားကျောင်း အတွင်း၌ ချန်လှပ်ထားခဲ့ခြင်းဟု ပြောကြားခဲ့သည်။ သတင်းများက အဆိုပါ ဗုံးတွင် TNTယမ်းပျော့ ၃ ကီလိုဂရမ်မျှ အသုံးပြုထားကြောင်း ဖော်ပြကြသည်။

“ဘယ်သူပဲ ဖြစ်ဖြစ်ပါ။ ဒီဗုံးထောင်ခဲ့သူဟာ ရက်စက်ယုတ်မာလွန်းပြီး လူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ဖို့ လုပ်ခဲ့တာပါပဲ။ ဒီလိုနေရာမျိုးမှာ ဗုံးထောင်ခဲ့တယ် ဆိုကတည်းက လူတွေအများကြီး သေကြေကုန်တာကို သူတို့ မြင်ချင်တာ သိသာပါတယ်”ဟု ဆွမ်ယွတ်က ပြောကြားခဲ့သည်။

အခင်းဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် နယူးဇီလန် နိုင်ငံသား ဆေးဝန်ထမ်း မာကို ကန်နင်ဂမ်က မြင်ကွင်းသည် သားစိမ်းဈေးတန်းသဖွယ် ဖြစ်နေကြောင်း ဆိုသည်။ “နေရာတိုင်းမှာ အလောင်းတွေ ရှိနေတယ်။ တချို့တွေက မွစာကြဲပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ။ အရမ်းကို ကြောက်စရာကောင်းတယ်”ဟု ၎င်းက မှတ်ချက်ပြုခဲ့သည်။

အဆိုပါ ဘုရားကျောင်းသည် ဟိန္ဒူနတ်ဘုရား ဘရာဟ်မာကို ရည်စူးဝတ်ပြုရန် တည်ဆောက်ထားခြင်း ဖြစ်သော်လည်း ဗုဒ္ဓဘာသာဝင် ထောင်ပေါင်းများစွာပါ နေ့စဉ်လာရောက် လည်ပတ်လေ့ရှိကြောင်း သိရှိရသည်။

_Ref: SCMP

No comments:

Post a Comment