Tuesday, August 18, 2015

ဟိန္ဒူဘုရားကျောင်း ဗုံးပေါက်ကွဲမှုမှ သံသယရှိသူ အမျိုးသားကို ထိုင်းရဲတပ်ဖွဲ့ ရှာဖွေနေ


လုံခြုံရေး ကင်မရာ မှတ်တမ်းများကို အခြေခံပြီး ဘန်ကောက်မြို့၊ ဧရာဝဏ် ဟိန္ဒူ ဘုရားကျောင်း ဗုံးပေါက်ကွဲမှု၏ အဓိက လက်သည်ဟု ယူဆရသူ အမျိုးသားကို ရှာဖွေနေကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာခဲ့သည်။ထိုင်းရဲများသည် အနီးအနားတွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ မှတ်တမ်းများ၊ အခြားသူများ ပူးပေါင်းကူညီ ပေးပို့လာသည့် ဖုန်းဗီဒီယို မှတ်တမ်းများကို စစ်ဆေးပြီးနောက် အဝါရောင် တီရှပ် ဝတ်ဆင်ထားသူ အမျိုးသား တစ်ဦးသည် ယခုဗုံးခွဲမှုတွင် တာဝန်အရှိဆုံးသူအဖြစ် ယူဆလာခဲ့သည်။

ဗီဒီယို မှတ်တမ်း တစ်ခုတွင် ၎င်းသည် အရောင်ရင့်ရင့် ကျောပိုးအိတ် တစ်လုံးကို လွယ်ထားပြီး အခြားဗီဒီယို မှတ်တမ်း တစ်ခုတွင်မူ မည်သည့်ပစ္စည်းမျှ ရှိမနေတော့သည်ကို တွေ့ရသည်။ ထို့ကြောင့် သံသယရှိသူသည် ပိုက်ဗုံးဟု ယူဆရသည့် ဖောက်ခွဲရေး ပစ္စည်းကို ကျောပိုးအိတ်ထဲ ထည့်ယူလာကာ ဘုရားကျောင်းထဲတွင် ချသွားခြင်းဟု ရဲများက သုံးသပ်ထားသည်။
တော်ဝင် ထိုင်းရဲတပ်ဖွဲ့ အကြီးအကဲ ရဲမှူးကြီး ဆွမ်ယွတ် ပွမ်ပန်မောင်းက သံသယရှိသူ အမျိုးသား မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် ၎င်းသည် ထိုင်းနိုင်ငံသား၊ သို့မဟုတ် နိုင်ငံခြားသား ကွဲပြားစွာ မသိရသေးကြောင်း ပြောကြားခဲ့သည်။ “အပြီးသတ် ကောက်ချက်တစ်ခုခု မချခင်မှာ နောက်ထပ် သက်သေ အထောက်အထားတွေ လိုအပ်နေပါသေးတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုတွင် လူပေါင်း ၂၀ ကျော် သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ ယင်းဖြစ်ရပ်အပြီး နောက်တစ်နေ့ ဩဂုတ် ၁၈ ရက်တွင် ဘန်ကောက်မြို့တော်ရှိ ဆက်သွန် ဆိပ်ခံတံတားတွင် နောက်ထပ် ဗုံးပေါက်ကွဲမှု အသေးစားတစ်ခု ဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရမှု မရှိဟု သတင်းများက ဖော်ပြခဲ့သည်။ အဆိုပါ ပေါက်ကွဲမှုနှစ်ခု ဆက်စပ်ခြင်း ရှိ မရှိကိုမူ မသိရသေးချေ။
_Ref: CNN

No comments:

Post a Comment