Wednesday, August 12, 2015

ကလေးတွေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာစေဖို့

ငယ်ရွယ်စဉ်မှာပင် ကလေးငယ်ကို ရေကူးသင်ပေးနေစဉ်/ honeykidsasia.com
ကလေးများ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာခြင်းသည် သူတို့ အနာဂတ်အတွက် စိတ်ချသေချာရသော ဖွံ့ဖြိုးမှုတစ်ခု ဖြစ်သည်ဟု ဆိုပါသည်။ ထို့ကြောင့် နိုင်ငံတကာ ကလေးစိတ်ပညာဆိုင်ရာ သုတေသီများက ကလေးတွေကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာအောင် ငယ်စဉ်ကတည်းက ပျိုးထောင်ပေးဖို့ မိဘတွေကို တိုက်တွန်းအားပေးခဲ့ပါသည်။ အခြေခံအားဖြင့် ကလေးတွေကို အချက်(၉)ချက်ပါ နည်းလမ်းများဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ရှိလာစေဖို့ မိဘတွေက လမ်းညွှန်လုပ်ကိုင်ပေးနိုင်ပါသည်။
နေရာတကာမှာ အလွန်အကျွံ မချီးမြှောက်ပါနှင့်

ကလေးငယ်များ အနေဖြင့် လေးဖက်ထောက် တွားသွားသည့်အခါ၊ ဘောလုံးပုတ်သည့်အခါနှင့် ပုံဆွဲသည့်အခါ လူကြီးမိဘဆီက အားပေးမှုများ အများကြီး လိုအပ်ပါလိမ့်မည်။ သို့သော်လည်း ‘‘တော်လိုက်တာနော်’’ဟု ခဏခဏပြောသံကို ကြားရလျှင်လည်း အပိုပြောနေသည်ဟု ထင်လာပြီး ကြာလျှင် ကိုယ်ပြောတာကို အလေးမထားဖြစ်တတ်ပါသည်။ ထို့ကြောင့် သာမန် လုပ်ရိုးလုပ်စဉ်ကိစ္စတွေမှာ အလွန်အကျွံ မချီးကျူးပါနှင့်။ သူကသွားတိုက်ခြင်း၊ အင်္ကျီကို အ၀တ်ခြင်းတောင်းထဲ ထည့်ခြင်းမျိုးတွေအတွက်‘‘ကောင်းတယ်။ ကျေးဇူးပဲ သားရေ’’ဆိုတာလောက်ပဲ ပြော ပေးပါ။ အထူးတလည် လုပ်တာမျိုးကိုမှ အသေအချာ ချီးကျူးပေးပါ။ ဥပမာ ပန်းချီဆွဲသည့်အခါ သူ ဆွဲသည့် စက်ဝိုင်းက ၀ိုင်းနေတာမျိုး၊ ဆေးရောင်ခြယ်တာမှာ လှပ နေသည့်အခါမျိုးတွေမှာ ဖြစ်ပါသည်။

နေရာတကာ ၀င်မပါရ

မိဘတွေအနေဖြင့် ကိုယ့်ကလေးကို မနာကျင်၊ မထိခိုက်စေ ချင်တာ။ စိတ်မချမ်းမသာ မဖြစ်စေချင်တာ သဘာဝပဲ ဖြစ်၏။ သို့ သော် နေရာတိုင်းမှာ ကိုယ်က၀င် မပါရ။ တစ်ခါတစ်ခါ လောကမှာ အခက်အခဲဆိုတာ ရှိတတ်တာ၊ လောကကြီးမှာ နှစ်သက်တာရော၊ မနှစ်သက်စရာရော ရှိတာကို သူနားလည်လက်ခံပါစေ။ ကလေးစိတ်ပညာရှင် ဒေါက်တာ ရော ဘတ်ဘရုတိခ်က ကိုယ်က သူတို့အခက်အခဲများကို ၀င်ပါဖြေရှင်းတာမျိုး မလုပ်ဘဲ သူ့ဘာသာ အခက်အခဲများ ဖြေရှင်းတာကို လေ့လာသင်ယူခွင့်ပေးရမည်ဟု ဆို သည်။

‘‘ကလေးငယ်တွေအနေနဲ့ မိဘတွေက မှားတယ်၊ မှန်တယ် ဝေဖန်မှုမရှိဘဲနဲ့ သူတို့ဘာသာ သူတို့လုပ်ကြည့်ပြီး အန္တရာယ်တွေကို သူတို့ဘာသာ သိလာတာလည်း တစ်ခါတလေ အရေးပါပါတယ်’’ဟု သူကပြောပါသည်။

ဆုံးဖြတ်ခိုင်းပါ

တစ်ခါတလေ ကလေးကို ငယ်ငယ်ကတည်းကပင် သူ့ဆုံးဖြတ်ချက်နှင့် သူလုပ်ခွင့်ပေးပါက ကလေးအနေဖြင့် သူ့ကိုယ်သူ ပို ယုံကြည်မှု ရလာစေပါသည်။ ကလေးကို အရမ်းထိန်းချုပ်မထားဘဲ သူ့ဘာသာ ဆုံးဖြတ်ခွင့်ပေးပြီး ရွေးခိုင်းလျှင် ပိုကောင်းပါသည်။ ဥပမာ သုံးနှစ်အရွယ် ကလေးတစ်ဦးကို နေ့လယ်စာ ဘာစားချင်လဲ မမေးဘဲ ခေါက်ဆွဲ၊ မြေပဲယို၊ ဂျယ်လီ သုံးခုထဲက ဘာစားချင်သလဲဟု သူကြိုက်တာကို ရွေးခိုင်းတာမျိုးဖြစ်သည်။ အချို့အရာများကိုတော့ မိဘသဘောအတိုင်းသာ လုပ်ရမည်ဆိုတာ ကလေးကို သဘောပေါက်စေရပါမည်။ အသက်(၈)နှစ်အရွယ် သမီးတစ်ယောက်မိခင် ကာရိုလိုင်းက သူ့သမီးလေးကို အင်္ကျီအ၀တ်အစားနှင့် ဆံပင်ပုံစံကို ကလေးကြိုက်တာသာ ရွေးချယ်ဆုံးဖြတ်စေသည်ဟု ဆိုပါသည်။ သို့သော် စန္ဒရားတီးတာကို လေ့ကျင့်သည့် အချိန်မှာတော့ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် မိဘသဘောအတိုင်းသာ ဖြစ်စေသည်ဟု ဆိုပါသည်။

အကောင်းမြင်တတ်လာအောင် လေ့ကျင့်ပေးပါ

ကလေးများကို စိတ်ပျက်စရာကို ကြုံလာပါက အကောင်းမြင်တတ်သည့်စိတ်ဖြင့် ရင်ဆိုင်လာ အောင် ကူညီပေးပါ။ အစစအရာရာ ကောင်းလာလိမ့်မည်ဟု စွတ်မပြောဘဲ သည်အခြေအနေကနေ တိုးတက်လာစေဖို့၊ သူ့ရည်မှန်းချက်တွေ အထမြောက်စေဖို့ နည်းလမ်းတွေရှာဖို့ အားပေးပါ။ ကလေးက ကျောင်းစာမှာ သူ့အတန်းဖော်ထက် နောက်ရောက်နေပါက စာကြိုးစားဖတ်ပြီး အမီလိုက်ဖို့ အားပေးပါ။ ဥပမာ ကျောင်းကပွဲမှာ သူမပါရလို့ ကလေးက စိတ်ထိခိုက်နေပါက နောက်တစ်ခါ ကပွဲလုပ်သည့်အခါ အရွေးခံရအောင် ဘယ်လိုမျိုး ကြိုးစားမလဲဆိုတာကို မေးပြီး ပြင်ဆင်ခိုင်းပါ။

ကလေးစိတ်ဝင်စားသည့် အရာတွေကို အားပေးပါ

ကလေးကို လှုပ်ရှားမှု အမျိုး မျိုး၊ အတွေ့အကြုံ အမျိုးမျိုး ရှိစေဖို့ ကြိုးစားပေးပါ။ ကလေးမှာ သူ စိတ်ဝင်စားစရာ တစ်ခုခုရှိလာပါ ကလည်း အားပေးပါ။ သူစိတ်ဝင် စားတာက ဒိုင်နိုဆောအကြောင်း သိချင်တာဖြစ်မည်။ ဒါမှမဟုတ် ဟင်းချက်ချင်တာပဲ ဖြစ်မည်။ ဘာပဲဖြစ်ဖြစ် တစ်ခုခုမှာ စိတ်ရည်မှန်းချက်ပြင်းထန်သည့် ကလေးများသည် သူတို့ဘ၀၏ တခြားသော နေရာများမှာလည်း အောင်မြင်တတ်ပါသည်။ ကိုယ့်ကလေး၏ ၀ါသနာကို တခြားကလေးတွေ ၀ါသနာနှင့် ချိတ်ဆက်နိုင်အောင် အားပေးပါ။ ကိုယ်၏ ကလေးက ပုံဆွဲဝါသနာပါပြီး တခြားသူ၏ သူငယ်ချင်းများက ဘောလုံးကန် ၀ါသနာပါသည်ဆိုပါစို့။ ကိုယ့်ကလေးကို သူငယ်ချင်းတွေအကြိုက် ဘောလုံးပုံတွေ များများဆွဲခိုင်းပြီး အားပေးပါ။

ပြဿနာများ ဖြေရှင်းတတ်အောင် အားပေးခြင်း

‘‘ကလေးတွေက သူတို့လို ချင်တာကို သူတို့ဘာသာရအောင် လုပ်ကိုင်တတ်တယ်ဆိုရင် သူတို့ကိုယ်သူတို့ ယုံကြည်မှု ရှိလာတာပဲ’’ဟု ကလေးပြုစုပျိုးထောင်နည်း စာအုပ်ကို ရေးသားခဲ့သူ ဒေါက်တာမိုင်နာရှူရီက ပြောပါသည်။ သူ၏ သုတေသနပြုချက်အရ ကလေးတွေကို ငယ်ငယ်ကတည်းကပင် ပြဿနာများကို သူ့ဘာသာ ဖြေရှင်းတတ်လာအောင် သင်ကြား ပေးလို့ ရသည်ဟု ဆိုပါသည်။ အဓိက အချက်က ကိုယ်က ဘာမှဝင်မပြောမိစေရန် နေဖို့ပဲဖြစ်ပါသည်။ ဥပမာ ကလေးတွေ အချင်းချင်း ကစားနေရင်း ကိုယ့်ကလေး၏ ကစားစရာ ကားကလေးကို အခြားကလေးက လုသွားသည့်အခါ ကလေးက ကိုယ့်ကို လာတိုင်သည်ဆိုပါစို့။ သည်ကားလေးကို ပြန်ရအောင် ဘယ်လိုလုပ်မလဲဆိုတာ ကလေးကိုသာ စဉ်းစားခိုင်းလိုက်ပါ။ ကလေး၏ ပထမအကြံက ကားကို ပြန်လုယူမယ်ဟု ပြောကြားလျှင် တကယ်လို့ ကားကို ပြန်လုပါက ဘာတွေဖြစ်လာမလဲဟု သူ့ကိုပဲ စဉ်းစားခိုင်းပါ။ ထို့နောက် ထိုကဲ့သို့ မလုပ်ဘဲ အခြားနည်းနှင့် ကားလေးပြန်ရအောင် လုပ်လို့မရဘူးလားလို့ ကလေးကို မေးကြည့်လိုက်ပါ။

ဒေါက်တာရှူရီ၏ သုတေသနပြုချက်အရ အသက် (၄)နှစ် အရွယ်ကလေးပင်လျှင် ကားကလေးကို ပြန်ရရန် အံ့အားသင့်စရာကောင်းသော အကြံဉာဏ်များ ထွက်လာသည်ဟု ဆိုပါသည်။ ကလေးက ကားလုသွားသော ကလေးကို အောက်ပါအတိုင်း သွားပြောမည်ဟု လူကြီးတွေကို ပြန်ပြောခဲ့ပါသည်။

‘‘နင်ဘာသာ တစ်ယောက်တည်း ကစားတာထက်စာရင် ငါနဲ့အတူ ကစားတာက ပိုပျော်စရာ ကောင်းမယ်။ ငါ့ကိုလည်း ပေးကစားပါလို့ သွားပြောလိုက်မယ်လေ’’

အခြားသူတွေကို ကူညီခိုင်းပါ

ကလေးတွေက သူတို့က အများနှင့်မတူဘဲ ဆောင်ရွက်ရလျှင် ပိုပြီး ယုံကြည်မှုရှိလာတတ်ပါ သည်။ ဥပမာ ကျောင်းမှာ စားစရာ ခွက်တွေကို ကူသယ်ပေးရတာ။ စားစရာတွေကို လူကြီးတွေဆီ သွားပို့ရတာမျိုးများ ဖြစ်ပါသည်။ ကလေးတွေကို သူတို့တတ်နိုင်သမျှ အိမ်မှုကိစ္စတာဝန်လေးတွေ ပေးထားတာ ကောင်းပါသည်။ ဥပမာ ကိုယ့်အလုပ်မှာ တတ်နိုင်သမျှ သူတို့ကို ကူညီခိုင်းပါစေ။ ‘‘အမေကတော့ သားကူညီမှ ဖြစ်မှာပါ’’လို့ ပြောပြီးကူညီခိုင်းပါ။ လူကြီးတွေကို သည်လိုအကူအညီတောက်တိုမည်ရ လုပ်ပေးလေ့ရှိသူများသည် အနာဂတ် အလုပ်ခွင်ထဲမှာလည်း သူများကို ကူညီတတ်ပြီး အဆင်ပြေပြေ လုပ်တတ်ကိုင်တတ်သူများ ဖြစ်လာပါသည်။

လူကြီးတွေနဲ့ အချိန်များများ နေခိုင်းပါ

ကလေးတွေက သူတို့ သူငယ်ချင်းများနှင့် ဆော့ရတာကို သဘောကျပါသည်။ သို့သော်လည်း သူတို့နားမှာ အရွယ်ရောက်သူ လူကြီးတွေ လူမျိုးစုံရှိနေဖို့လည်း အရေးကြီးပါသည်။ ကလေးဘ၀တွင် လူကြီးများနှင့် စကားပြောခိုင်း၊ ဘေးမှာ နေခိုင်းတာက ကလေးတွေကို အတွေးအခေါ်များ ကွဲပြားခြားနားစေပါသည်။ သုတေသနပြုချက်များအရ ဆရာ။ ဦးလေး။ ကလေးထိန်း။ သူငယ်ချင်းများ၏ မိဘများနှင့် နီးနီးစပ်စပ် ကြီးပြင်းခဲ့ရသည့် ကလေးများသည် ပေါင်းသင်းဆက်ဆံရေးတွင် အဆင်ပြေပြေ ပေါင်းသင်းတတ်သည်ကို တွေ့ရသည်ဟု သိရပါသည်။

အနာဂတ်အတွက် ပြင်ဆင်ရင်ခုန်ခိုင်းပါ

ကလေးများ သူတို့ကြီးပြင်းလာပါက အကောင်အထည် ဖော်စရာ၊ စိတ်ကူးယဉ်စရာ အနာဂတ်ရှိထားမည်ဆိုပါက သူတို့မှာ ပိုယုံကြည်မှု ရှိတတ်ပါသည်။ ကလေးကို ကိုယ့်အကြောင်း၊ အခြားလူတွေ အလုပ်အကိုင်တွေကို ဘယ်လိုရွေးချယ်လုပ်ကိုင်သလဲဆိုတာ ပြောပြပါ။ ကလေးက ကြီးလာလျှင် အဆိုတော်ဖြစ်ဖြစ်၊ အာကာသယာဉ်မှူးဖြစ်ဖြစ် ဖြစ်ချင်သည်ဟု စိတ်ကူးယဉ်သည်ပဲထား။ သူ့စိတ်ကူးများကို မဖြစ်နိုင်ဘူးဟု မပြောပါနှင့်။ ကြီးလာမှ စိတ်ပြောင်းချင် ပြောင်းပါစေ။ ကလေးအနေဖြင့် အနာဂတ် ရည်မှန်းချက်အတွက် တွေးတောနေဖို့က အရေးကြီးပါသည်။

(Parent မဂ္ဂဇင်းပါ 9 Secrets of Confident Kids ဆောင်းပါးကို ထားထားမြင့် ဘာသာပြန်ဆိုသည်။ )

No comments:

Post a Comment