Wednesday, September 9, 2015

ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရေးနှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရေးအရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား


  ပြည်သူအားလုံး မဲပေးပိုင်ခွင့်ရရှိရေးနှင့် ပြည်သူများအနေဖြင့် ရွေးကောက်ပွဲနေ့တွင် သွားရောက်မဲပေးရေးသည် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ ၈ ရက်တွင် ရွေးကောက်ပွဲအတွက် ပြည်သူများသို့ ပြောကြားသောမိန့် ခွန်းတွင် အဓိကအချက်အနေဖြင့် ထည့်သွင်းပြောကြားသည်။
၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်ရခြင်းသည် ရွေးကောက်ပွဲတွင် ပြည်သူလူထု၏ဆုံးဖြတ်ချက်ကို လက်ခံရန်ဖြစ်ကြောင်း ဒေါ် အောင်ဆန်းစုကြည်က ပြောကြားသည်။ ဒေါ်အောင်ဆန်းစုကြည်က “ ဒီမိုကရေစီဆိုတာဟာ ပြည်သူရဲ့ဆုံးဖြတ်ချက် ပြည်သူရဲ့ဆန္ဒကို အလေးထားရတဲ့စနစ်ပါပဲ။ ဒါ ကြောင့်မို့ နောက်ဆုံးကျတော့ ပြည်သူကသာလျှင် ဆုံးဖြတ်မှာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုထူထောင်ဖို့အတွက် ကြိုးစားခဲ့တာဟာဆိုလို့ရှိရင် အနှစ် ၃၀ နီးပါးရှိပါပြီ။ အခုထိပန်းတိုင်ကို မရောက်သေးပါဘူး။ သို့သော်လည်း ပြည်သူရဲ့ထောက်ခံမှုနဲ့ ပြည်သူရဲ့ဆန္ဒရဲ့ တွန်းအားနဲ့ ကျွန်မတို့ အောင်မြင်နိုင်မယ်ဆိုတာကို အဓိကယုံကြည်ပါတယ်။ အခုအချိန်မှာ အရေးကြီးတာကတော့ ကျွန်မ တို့ပြည်သူလူထုအားလုံးဟာ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရဖို့နဲ့ ရွေးကောက်ပွဲနေ့ရောက်တဲ့အခါ သွားပြီးတော့ မဲပေးဖို့ပါပဲ” ဟု ပြောကြားသည်။


ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “မဲပေးတဲ့အခါကျလို့ရှိရင်လည်း ကျွန်မတို့ နိုင်ငံရဲ့အနာဂတ် ကျွန်မတို့မျိုးဆက်သစ်တွေရဲ့ အနာဂတ်ကို စဉ်းစားပြီးတော့ မဲပေးကြပါ။ ရှေ့ကိုမျှော်ကြည့်ပြီးတော့ ပြောင်းလဲချိန်တန်တဲ့အခါမှာ ပြောင်းလဲဖို့ဝိုင်းဝန်းပြီးတော့ ကူညီကြပါလို့ ကျွန်မအနေနဲ့ တိုက်တွန်းနှိုးဆော် ချင်ပါတယ်”ဟု ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် NLD ပါတီသည် လာမည့်ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးရှိ မဲဆန္ဒနယ်အားလုံးနီးပါးတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ၁၁၀၀ ကျော်ရှိ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်မှပင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဆက်လက်ယှဉ် ပြိုင်မည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် ၂၀၁၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှုဖြင့် အပြတ်အသတ် အနိုင်ယူအောင်ပွဲခံနိုင်ရေးကို ကြိုးပမ်းနေကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ကို ဦးဆောင်လျက် ၂၀၁၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှတစ်ဆင့် မြန်မာနိုင်ငံ၏ ဒီမိုကရေ စီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နိုင်ငံရေးအလှည့်အပြောင်းကို ထုဆစ်ဖန်တီးမည်ဖြစ်ကြောင်း NLD က ၂၀၁၅ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။

မှန်ကန်သည့် အုပ်ချုပ်ရေးစနစ် ထူထောင်ပေးသည့်နည်းဖြင့် ပြည်သူများကို အကျိုးပြုချင်၍ NLD ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစု ကြည်က ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်က ”အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ်လို့ ပြောဆိုခြင်းဟာ ကျွန်မတို့ရဲ့ယုံကြည်ချက်အရ ကျွန်မတို့က ဒီနိုင်ငံကို တိုးတက်အောင်လို့၊ ညီညွတ်အောင်လို့ လုပ်ပေးနိုင်တဲ့  အရည်အချင်းရှိတယ်။ ဒီအရည်အချင်းကို အများပြည်သူအတွက်သုံးပြီးတော့ တကယ့်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ခု ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်မတို့ ရွေးကောက်ပွဲဝင်မှာဖြစ်ပါတယ်” ဟု  ပြောကြားသည်။

NLD သည် စတင်ဖွဲ့စည်း တည်ထောင်သည့် ၁၉၈၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအဖြစ်သို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတိအလင်းကြေညာခဲ့ကြောင်း၊ ထိုရည်မှန်းချက်သို့ရောက်ရှိရန် ခက်ခဲကြမ်းတမ်းစွာ ရင်ဆိုင်ဖြတ်သန်းခဲ့ရ သည်မှာ ယနေ့ထက်တိုင်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် နိုင်ငံရေးပရိယာယ်အမျိုးမျိုး၏ အချိုးအကွေ့များကို သတိကြီးစွာထား၍ မိမိတို့နှင့် ရည်ရွယ်ချက် မူဝါဒတိုက်ဆိုင်သော နိုင်ငံရေး အင်အားစုများနှင့် လက်တွဲလုပ်ကိုင်ကြမည်ဖြစ်ကြောင်း NLD နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း) တို့၏ နိုင်ငံရေးပူးတွဲကြေညာစာတမ်းတွင် ဖော်ပြထားပြီး နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ရေးအတွက် (၁) ၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာစေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန်၊ (၂) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို ရွေးကောက်ပွဲနည်းလမ်းအပါအ၀င် လွှတ်တော်တွင်း လွှတ်တော်ပ လှုပ်ရှားဆောင်ရွက်မှုများဖြင့် ဆက်လက်ကြိုးပမ်းသွားရန်၊ (၃) ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် နိုင်ငံရေးဆန္ဒ၊ နိုင်ငံရေး ရည်မှန်းချက်များအပေါ် အခြေခံ၍တိုင်းရင်း သားအင်အားစုများနှင့်အတူ တက်ကြွစွာ လက်တွဲပါဝင်ဆောင်ရွက်ရန် စသည်တို့ကို ပူးတွဲကြေညာထားသည်။
eleven

No comments:

Post a Comment