Sunday, September 6, 2015

ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား ကွယ်လွန်

ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းအရ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် စံချိန်တင်ထားသော နီပေါနိုင်ငံသား ချန်ဒရာဘဟာဒါဒန်ဂီသည် စက်တင်ဘာလ ၄ ရက်နေ့က ကွယ်လွန်သွားခဲ့ကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။
ကွယ်လွန်ချိန်တွင် အသက် ၇၅ နှစ် အရွယ်ရှိပြီ ဖြစ်သော ဒန်ဂီသည် တောင်ပစိဖိတ် သမုဒ္ဒရာအတွင်းရှိ အမေရိကန်ပိုင်နက် ဆာမိုအာကျွန်းစုပေါ်တွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
အရပ်အမြင့် ၁ ပေနှင့် ၉ လက်မခွဲသာ ရှိသော ဒန်ဂီသည် ၎င်း၏ အသက် ၇၂ နှစ်အရွယ်၊ ၂၀၁၂ ခုနှစ် ဖေဖ်ာဝါရီလအတွင်းက ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန် တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
နီပေါအနောက်ဘက်ဒေသ
ဒန်ခရိုင်မှ ဒန်ဂီသည် အမေရိကန်ပြည်ထောင်စုသို့ ခေတ္တ အလည်အပတ် ရောက်ရှိနေစဉ် နေထိုင်မကောင်းဖြစ်ရာမှ ဆေးရုံ၌ ကုသမှု ခံယူနေစဉ် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်။
ဒန်ဂီသည် ဆာမိုအာကျွန်းစု ပါဂိုပါဂိုမြို့ရှိ Lyndon B Johnson Tropical Medical Centre တွင် ကုသမှု ခံယူနေရင်းက သောကြာနေ့ မွန်းလွဲပိုင်းတွင် ကွယ်လွန်သွားခဲ့ခြင်း ဖြစ်သည်ဟု ၎င်း၏ မန်နေဂျာ ဂူရာဂိန်းက ပြောကြားသည်။
ဒန်ဂီ၏ ရုပ်အလောင်းကို မိသားစုဝင်များထံ လွှဲပြောင်းပေးရန်နှင့် သေစာရင်း ထုတ်ပေးရန် ဆေးရုံက လိုအပ်သည်များကို ပြင်ဆင်လျက် ရှိသည်ဟုလည်း ဂူရာဂိန်းက ပြောကြားသည်။
ဒန်ဂီသည် လက်ရှိ ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် သာမက တိုင်းတာခဲ့ဖူးသမျှ အရွယ်ရောက်ပြီး သူများထဲတွင် အရပ်အပုဆုံးသူ အဖြစ်လည်း ဂင်းနစ်စံချိန် တင်ထားသူလည်း ဖြစ်ကာ သူ၏ ကိုယ်အလေးချိန်မှာ ၃၁ ပေါင်ခန့်သာ ရှိသည်။
ဒန်ဂီမတိုင်မီက ကမ္ဘာ့အရပ်အပုဆုံး အမျိုးသား အဖြစ် ဂင်းနစ်စံချိန် တင်ထားသူမှာ ဖိလစ်ပိုင်နိုင်ငံမှ ဖြစ်ပြီး ထိုသူမှာ ဒန်ဂီထက် အရပ် ၂ လက်မခန့် ပိုမြင့်သည်။
ဒန်ဂီသည် ကမ္ဘာ့အရပ်အပုဆုံး အမျိုးသားအဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ခြင်း အတွက် အထူးတလည် ဂုဏ်ယူခဲ့သူတစ်ဦး ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment