Monday, September 14, 2015

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများကြောင့် အိမ်ခြေ ရာနှင့်ချီ ဆုံးရှုံး


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီးများ လျင်မြန်စွာ ပျံ့နှံ့လောင်ကျွမ်းနေပြီး နေအိမ်နှင့် အခြားအဆောက်အအုံ အများအပြား ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိသည်။
ကယ်လီဖိုးနီးယား မြောက်ပိုင်း မစ်ဒယ်လ်တောင်း ကျေးရွာတွင် အိမ်ခြေအဆောက်အအုံ ရာနှင့်ချီ မီးလောင်ကျွမ်းခံရပြီး ပတ်ဝန်းကျင် ဒေသများကိုပါ ခြိမ်းခြောက်နေကြောင်း ဒေသဆိုင်ရာ မီးသတ်တပ်ဖွဲ့က စက်တင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။

 တောင်ကြားတောမီးဟု အမည်ပေးထားသည့် လတ်တလော မီးလောင်ကျွမ်းမှုများသည် ယခုနွေရာသီတွင် အမေရိကန် အနောက်ဘက်ခြမ်း ဒေသ၌ ပျက်စီးဆုံးရှုံးမှု အကြီးမားဆုံး မီးဘေးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ကယ်လီဖိုးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက တောမီးပျံ့နှံ့ လောင်ကျွမ်းရာ ဒေသများကို အရေးပေါ် အခြေအနေ သတိပေးချက် ထုတ်ပြန် ကြေညာထားလိုက်သည်။
အဆိုပါ ဒေသတွင် လေပြင်းများ တိုက်ခတ်နေခြင်းကလည်း မီးကူးစက်မှုကို ပိုမို မြန်ဆန်စေပြီး နာပါတောင်ကြားရှိ ဝိုင်လုပ်ငန်း ထွန်းကားရာ မြို့ရွာများကိုပါ ခြိမ်းခြောက်လျက် ရှိသည်။ တောင်ကြားတောမီးသည် စက်တင်ဘာ ၁၂ ရက်တွင် စတင်အားကောင်းလာပြီးနောက် ဧက ၅၀၀၀၀ ခန့်ကို ဖျက်ဆီး လောင်ကျွမ်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မစ်ဒယ်လ်တောင်း၊ ကော့ဘ်နှင့် ဟစ်ဒင်းဗယ်လီလိတ်ခ်တို့တွင် လူပေါင်း ထောင်သောင်းချီ ကြိုတင် ရွှေ့ပြောင်းထားပြီး ဟာဘင်ရေပူစမ်း အပန်းဖြေဧရိယာတွင် ရွက်ဖျင်တဲများဖြင့် ယာယီခိုလှုံ နေထိုင်နေကြသည်။ ထို့အပြင် အနီးရှိ ကယ်လ်ဆီဗီးလ်နှင့် ကာလီစတိုဂါတို့သို့ ခေတ္တ မီးဘေးရှောင်နေသူများလည်း ရှိနေသည်။
“လောလောဆယ်ထိတော့ ပျက်စီးမှု တန်ဖိုးကို မခန့်မှန်းနိုင်သေးဘူး။ ဒါပေမဲ့ သိထားသလောက်တော့ သစ်တော အစိတ်အပိုင်း သတ်မှတ်ဇုန် ၁၀၀ ကျော်လောက် မီးလောင် ပျက်စီးသွားပြီးပြီ”ဟု ကယ်လီဖိုးနီးယား သစ်တောနှင့် တောမီးထိန်းချုပ်ရေး ဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိ ဒန်နီရယ်လ် ဘားလန့်က ပြောကြားခဲ့သည်။
၎င်းက “ဒီတောမီးက တကယ့်ကို ဖျက်စီးနိုင်စွမ်း ကြီးမားလွန်းတယ်။ အိမ်ခြေ ဘယ်လောက်ထိ ပျက်စီးသွားတယ် ဆိုတာတောင် မရေတွက်နိုင်သေးဘူး။ ဒေသတစ်ခုလုံးမှာ မီးဘေး ကြိုတင်ရှောင်တဲ့ ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေရတယ်”ဟုလည်း ဆိုသည်။
ကျွမ်းကျင်သူများက မီးလောင်ကျွမ်းသည့် ဒေသတွင် အပူလှိုင်း ဖြတ်သန်းနေခြင်းကလည်း အခြေအနေကို ပိုမိုဆိုးရွားစေကြောင်း သုံးသပ် ပြောဆိုထားသည်။ “တစ်နေရာရာမှာ မီးကို ကြိုတားထားနိုင်ပြီလို့ ယုံကြည်လိုက်ပြီး မကြာခင်မှာဘဲ မီးက အဲဒီဇုန်ကို ကျော်ပြီး ဆက်ကူးတော့တာပဲ”ဟုလည်း ဘားလန့်က ပြောကြားခဲ့သည်။
ရဟတ်ယာဉ်ပေါ်မှ ဆင်းသက်ရင်း မီးငြှိမ်းသတ်ရန် ကြိုးစားသည့် မီးသတ်ဝန်ထမ်း လေးဦးမှာ မီးဟပ်ခံရပြီး ဆေးရုံတက် ကုသမှု ခံယူနေရကြောင်းလည်း သိရသည်။ တောမီးသည် ဟာဘင်ရေပူစမ်း တည်ရှိရာ ဒွန်ပီနီယိုဘက်သို့ ဦးတည်နေပြီး ကယ်လ်ဆီဗီးလ်တွင်လည်း တောမီးလောင်ကျွမ်းရာ ဒေသများမှ လွင့်စင်လာသည့် ပြာမှုန်များ ကျဆင်းနေကြောင်း သိရှိရသည်။
_Ref: CNA

No comments:

Post a Comment