Monday, October 12, 2015

တာလီဘန် ဖမ်းဆီးခံရပြီး ပြန်လွတ်လာသည့် အမေရိကန်တပ်ကြပ် ကို စစ်ထောင်မချရန် ထောက်ခံ

တပ်ကြပ် ဘိုး ဘဒါဟီ။ (ဓာတ်ပုံ - ရိုက်တာ)
အာဖဂန်တာလီဘန်တွေရဲ့ ၅ နှစ်ကြာ ဖမ်းဆီးခံရပြီး ပြန်လွတ်လာတဲ့ အမေရိကန် တပ်ကြပ်တဦးကို စစ်ထောင်မချဖို့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် အရာရှိတဦးက ထောက်ခံတယ်လို့ သူ့ရဲ့ ရှေ့နေက အောက်တိုဘာ ၁၁ ရက်နေ့က ပြောဆိုပါတယ်။



ဒါနဲ့ပတ်သက်လို့ အမေရိကန်စစ်တပ်ရဲ့ တရားဝင်တုံ့ပြန်မှုတော့ မရှိသေးပါဘူး။

တပ်ကြပ် ဘိုး ဘဒါဟီ (Bowe Bergdahl) ဟာ ၂၀၀၉ ခုနှစ် အမေရိကန် ရှေ့တန်းစစ်စခန်းကို တမင်စွန့်ခွာခဲ့ပြီး တာလီဘန်တွေရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

၅ နှစ်ကြာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ပြီးခဲ့တဲ့နှစ်က ဂွာတာနာမို အကျဉ်းစခန်းက တာလီဘန် ခေါင်းဆောင် ၅ ဦးနဲ့ အငြင်းပွားဖွယ် အကျဉ်းသားချင်း လဲလှယ်မှုအတွက် ပြန်လည်လွတ်မြောက်လာတာပါ။

တကယ်လို့ စစ်ဆေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီး ပြောသလို ဘဒါဟီအပေါ် စွဲဆိုမှုကို လျှော့ပေါ့ပေးလိုက်ရင် သူဟာ အများဆုံး တဆင့်နိမ့်ရာထူးချခံရတာနဲ့ တပ်စည်းကမ်းချိုးဖောက်မှု အဆင့်လောက်ပဲ အပြစ်ပေးခံရမယ်လို့ ဘဒါဟီရဲ့ ရှေ့နေက ပြောဆိုပါတယ်။

လောလောဆယ်တော့ သူ့ကို တပ်ပြေးမှု စွဲချက်တင်ထားတဲ့အတွက် အမြင့်ဆုံး အပြစ်ဒဏ် ထောင်ဒဏ် တသက်တကျွန်း ကျခံရနိုင်တာပါ။

အမေရိကန်စစ်တပ်ကတော့ အမေရိကန် စစ်ဥပဒေတွေကို လေးစားလိုက်နာရမှာ ဖြစ်သလို အစွပ်စွဲခံရသူရဲ့ အခွင့်အရေးကိုလည်း လေးစားရမှာဖြစ်တယ်၊ အမှုကို တရားမျှတပြီး အမှန်ကန်ဆုံးဖြစ်အောင်၊ ဘယ်ဘက်မှ ထိခိုက်နစ်နာတာမျိုး မရှိအောင် အလေးထား ဆောင်ရွက်ရမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

No comments:

Post a Comment