Monday, October 12, 2015

သွားရေးလာရေး အခက်အခဲကြောင့် ကိုကိုးကျွန်းသို့ စည်းရုံးရေးသွားရန် သင်္ဘောစင်းလုံး ငှားမည်ဟု NLD ဆို

သွားရေးလာရေး အခက်အခဲကြောင့် ကိုကိုးကျွန်းသို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စည်းရုံးရေးလုပ်ငန်းများ သွားရောက်လုပ်ဆောင်ရန် သင်္ဘောစင်းလုံးငှားမည် ဖြစ်ကြောင်း အဆိုပါ ပါတီကိုယ်စားလှယ်လောင်း ဦးဝင်းမင်းက ပြောကြားသည်။
“သင်္ဘောစင်းလုံးငှားဖို့ကို စီစဉ်ထားတယ်။ သင်္ဘောဆိုပေမယ့် ကမ်းရိုးတန်းသွား စက်လှေအမျိုးအစား ဖြစ်တော့ ကုန်တင်ခွင့်လိုင်စင်ပဲ ရှိတယ်။ အဲဒီတော့ လူလိုက်ပါဖို့အတွက် ခွင့်ပြုချက် တင်ရပါမယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ခွင့်ပြုချက် ရရှိရန်အတွက် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံသို့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် တင်ပြလျှောက်ထားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ထို့အပြင် သင်္ဘောစင်းလုံးငှားရန် ကုန်ကျစရိတ်ကို ကိုယ်စားလှယ်လောင်းများ၏ ကုန်ကျစရိတ်များမှ မျှခံရန် လျာထားသော်လည်း သင်္ဘောငှားမည့် နှုန်းထားနှင့် သင်္ဘောအမည်ကို ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

NLD ပါတီ ကိုယ်စားလှယ်လောင်းများ ကိုကိုးကျွန်းမြို့နယ်သို့ မဲဆွယ်စည်းရုံးရေးသွားရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ခွင့်ပြုသော်လည်း သွားရောက်မည့် တပ်မတော်ပိုင်ယာဉ်များ အသုံးပြုခွင့် မရရှိခြင်းဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
သို့သော်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ယှဉ်ပြိုင်မည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေကမူ ကိုကိုးကျွန်းမြို့နယ်တွင် မဲဆွယ်စည်းရုံးရန် စက်တင်ဘာလ ၂၂ ရက်နေ့တွင် တပ်မတော်လေယာဉ်ဖြင့် သွားရောက်ပြီး အောက်တိုဘာလ ၆ ရက်နေ့တွင် ယင်းလေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လာခဲ့သည်။
အဆိုပါ ကိုကိုးကျွန်းမြို့နယ်တွင် NLD ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ထို့အပြင် အဆိုပါ မြို့နယ်တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးသက်ဆွေ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်လောင်းလေးဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။
အလားတူ ယင်းမြို့နယ်ရှိ တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ်တွင် ကိုယ်စားလှယ်လောင်းတစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီပါတီသစ် ပါတီကမူ သွားလာရေး အခက်အခဲကြောင့် မဲဆွယ်စည်းရုံးရေး ခရီးစဉ်ကို သွားရောက်မည် မဟုတ်တော့ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ရွေးကောက်ပွဲကာလတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲရှိသော ဒေသများတွင် ကိုယ်စားလှယ်လောင်းများ သွားလာရေးအတွက် တပ်မတော် ရဟတ်ယာဉ်များကို အသုံးပြုမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုထားသည်။

No comments:

Post a Comment