Thursday, October 15, 2015

စစ်မှန်သည့် ငြိမ်းချမ်းရေးရရန် ရှမ်းပြည်၌ ထိုးစစ်ရပ်တန့်ဖို့ ရှမ်းလူမှုအဖွဲ့ များ တောင်းဆို

နေပြည်တော်အစိုးရအနေနှင့် ငြိမ်းချမ်းရေး အစစ်အမှန်ကို လိုလားပါက ရှမ်းပြည်နယ်ရှိ အပစ်ရပ်ဒေသတွင်းသို့ အစိုးရစစ်တပ်များ ထိုးစစ် ၀င်ရောက်ခြင်းကိုရပ်တန့်ရမည်။

ရှမ်းပြည်နယ်တွင်းရှိ အပစ်ရပ်ဒေသများဖြစ်သော မြို့နယ် (၄) ခု အတွင်း နေုပြည်တော်စစ်တပ်များ ယနေ့ထိုးစစ် ဆင်နေခြင်းကြောင့် ကျေး လက်ပြည်သူလူထု (၁၅၀၀) ဦးကျော် အိုးအိမ်စွန့်ခွါပြီး ထွက်ပြေးတိမ်းရှောင်နေရသည်ကို ရှမ်းလူမှုအဖွဲ့အစည်းများက များစွာစိုးရိမ်ပူပန်မိပါသည်။


မြန်မာအစိုးရစစ်တပ်သည် ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၆) ရက်နေ့မှ စတင်ကာ မိုင်းရှုး နှင့် မိုင်းနောင် မြို့နယ်တွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) ကိုအကြီးအကျယ်ထိုးစစ်ဆင်နေပါသည်။ မြန်မာစစ်တပ် တပ်ရင်း (၁၀) ရင်းကျော်ပါဝင်သည့် ပြင်းထန် သောတိုက်ပွဲများကြောင့် ထိုဒေသရှိရွာသူရွာသားပေါင်း (၁၅၀၀) ကျော် မှာ အိုးအိမ်၊ လယ်ယာများ ကိုစွန့်ခွာပြီး ဘေးလွတ်ရာ အခြားကျေးရွာများသို့ ထွက်ပြေးခိုလှုံနေရသလို တောတောင်အတွင်း တွင်လည်းဝင်ရောက် ပုန်းအောင်းနေကြရသည်။ ထိုအတွင်းတွင် အမျိုးသမီး (၄) ဦးမှာ ပုန်းအောင်းရာနေရာများတွင် မီးဖွါးခဲ့ကြရာ တဦးမှာဂူထဲတွင် မီးဖွားခဲ့ရသည်။ 

တိမ်းရှောင်သူများသည် အကာအကွယ် နှင့် လူသားချင်းစာနာမှု ကူညီထောက်ပံ့ရန်အတွက် အရေးပေါ်လိုအပ်နေသည်။ စိုက်ပျိုးထားသည်များကိုလည်း မရိတ်သိမ်းနိုင်သည့်အတွက် အနာဂါတ်တွင် စားနပ်ရိက္ခာ အခက်အခဲများ နှင့်လည်း ရင်ဆိုင်နေကြရသည်။

အောက်တိုဘာ (၁၁) ရက် ၂၀၁၅ တွင် ကျေးသီးမြို့နယ်အတွင်းရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ်ရှိရာ ၀မ်ဟိုင်းကို အစိုးရစစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် ရွာသူရွာသားများစိုးရိမ်ထိတ်လန့်ခဲ့ကြသည်။ ပြီးခဲ့သည့်ရက်များက တပ်သားများ ရာနှင့်ချီပြီး ထိုဒေသအတွင်း အင်အားဖြည့်သဖြင့် စစ်မြေပြင်တိုက်ပွဲများဖြစ်မည်ကို စိုးရိမ်ကြောက် ရွံ့နေကြရသည်။ 

၂၀၁၅ အောက်တိုဘာလ (၁၄) ရက်နေ့တွင်လည်း မြန်မာစစ်တပ်သည် တန့်ယန်း ဒေသရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ကို ထပ်မံထိုးစစ်ဆင်ခဲ့သည်။ ထို့ကြောင့် လာမည့်ရက်များတွင် လည်း တိမ်းရှောင်သူဦးရေ ပိုတိုးလာဖွယ်ရာ ရှိသည်။

ဤကဲ့သို့ ထပ်မံထိုးစစ်ဆင်ခြင်း၊ ကျေးရွာများရှိရာဒေသကိုလက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကို ကျွန်ုပ်တို့ ရှမ်းလူမှုအဖွဲ့အစည်းများမှ ပြင်းပြင်းထန်ထန် ရှုတ်ချပါသည်။ ဤတိုက်ပွဲများသည် ရှမ်းပြည် တိုးတက်ရေးပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ နယ်မြေကို အစိုးရတပ်မတော်က သိမ်းယူရန် လွန်ခဲ့သည့်နှစ်အနည်းငယ်ကစ၍ စနစ်တကျ ရည်ရွယ်သော တိုက်ပွဲများဖြစ်သည်။ ၂၀၁၂ ခု ဇန်န၀ါရီလတွင် လက်မှတ်ထိုးခဲ့ကြသည့် အပစ်ရပ်ရေးစာချုပ်ကို ချိုးဖေါက်ခြင်းလည်း ဖြစ်သည်။

တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ် (NCA) ကို လက်မှတ်မထိုးမီ ဤကဲ့သို့ ထိုးစစ် ဆင်နေခြင်းသည် ပဋိပက္ခအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့်ဖြေရှင်းရန် မြန်မာအစိုးရစစ်တပ်က စိတ်မ၀င်စားကြောင်း ရှင်းလင်းစွာ ပြသလိုက်ခြင်းလည်း ဖြစ်သည်။ တိုင်းရင်းသားနယ်မြေများကို အင်အားသုံးသိမ်းပိုက်ရန် ၄င်းတို့၏ ဆယ်စုနှစ်ချီသည့် ဗျူဟာဟောင်းအတိုင်း ဆက်လက်လုပ်ဆောင် နေခြင်းလည်းဖြစ်သည်။

၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁၅) ရက်တွင် လက်မှတ်ရေးထိုးကြသော တနိုင်ငံလုံးအပစ်ရပ်ရေးစာချုပ်(NCA)သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ အားလုံးပါဝင်ခြင်း မရှိသဖြင့် လက်နက်ကိုင်အင်အားစုတချို့ကို ယာယီချွေးသိပ်ထားကာ အခြားအင်အားစုတို့ကို ဖြိုခွဲသည့် သွေးခွဲဖြိုခွဲအုပ်ချုပ်သည့် နည်းသာဖြစ်သောကြောင့် ငြိမ်းချမ်းရေး အစစ်အမှန် ကိုရရှိနိုင်မည် မဟုတ်ပေ။

နိုင်ငံတကာအဖွဲ့အစည်းများသည်လည်း မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေး ရစေလိုပါက ဤထိုးစစ်များကိုရှုတ်ချပြီး တိုင်းရင်းသားဒေသများ အတွင်း စစ်တပ်များစေလွှတ်ခြင်းကိုရပ်တန့်ရန်၊ ထိုဒေသမှ စစ်တပ်များရုတ်သိမ်းရေးအတွက် နေပြည်တော်ကို အမြန်ဆုံးဖိအားပေးရန် လိုအပ်သည်။

နိုင်ငံတကာအလှူရှင်များကို ရှမ်းလူမှုအဖွဲ့အစည်းများက တောင်းဆိုလို သည် မှာ ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူများ အတွက် ထောက်ပံ့ရန် လူသားချင်းစာနာသည့် အကူအညီများ အရေးပေါ် ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။

ထုတ်ပြန်ကြေငြာချက်တွင် ပူးပေါင်းပါဝင်သော ရှမ်းလူမှုအဖွဲ့အစည်းများ -

(1) Shan Human Rights Foundation
(2) Shan State Development Foundation 
(3) Shan Sapawa Environmental Organization 
(4) Shan Youth Power
(5) Shan Women’s Action Network
(6) Worker Solidarity Association 
(7) Migrant Worker Federation 
(8) Shan Literature and Culture Society (Chiang Mai)
(9) Shan Literature and Culture Association in Mong Su
(10) Shan Youth Network Group
(11) Shan Youth Power Group
(12) Organizations in Toom toan tai
(13) Shan Refugee Committee
(14) Koong Jor Refugee Committee
(15) Shan Youth Organization 
(16) Jao Khur Tai Organization 
(17) Shan Students’ Union Chiangmai
(18) Shan Farmers’ Network

ဆက်သွယ်မေးမြန်းရန် - 

စိုင်းခေးဆိုင် +၆၆၈၁ ၆၇၂ ၂၀၃၁ Shan, Burmese, English
နန်းချန်တောင်း +၆၆၈၁ ၆၀၃ ၆၆၅၅ Shan, Thai, English
စိုင်းဟော်ရှဲန် +၆၆၆၂ ၉၄၁ ၉၆၀၀ Shan, English

ဓာတ်ပုံ - မိုင်းရှူးမြို့နယ်အတွင်းရှိ စစ်ဘေးရှောင် ဒုက္ခသည်များ(ဓာတ်ပုံ – နန်းကောင်ခမ်း)

ဧရာဝတီ

No comments:

Post a Comment