Wednesday, October 7, 2015

ငါးနှစ်အတွင်း ဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်းပြောင်းလဲ နိုင်ရေး အခြေခံ ဥပဒေကို ပြင်ဆင်မည်ဟု သမ္မတဆို

လာမည့် ငါးနှစ်အတွင်း မြို့နယ်များတွင် အစိုးရ က တိုက်ရိုက်ခန့်အပ်လေ့ရှိသောဌာနဆိုင်ရာ အုပ်ချုပ်မှုကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခွင့်ရမည့် ကိုယ်စားလှယ်များ ပါဝင်သော ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲနိုင်ရေး အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကပြောကြားသည်။
အောက်တိုဘာလ ၆ ရက် နိုင်ငံတော်သမ္မတ၏ လစဉ် ရေဒီယို မိန့်ခွန်းတွင် ၎င်းကယင်းသို့ ထည့်သွင်း ပြောဆိုခြင်းဖြစ်သည်။
လက်ရှိ အသုံးပြုနေသော မြို့နယ်၊မြို့ပြ အုပ်ချုပ်ရေးများတွင် အစိုးရ အုပ်ချုပ်ရေး စနစ်မှ ပြည်သူများက ရွေး ချယ် ပေးသော ပြည်သူ့ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည့် မြို့နယ်ကောင်စီ (Township Council)၊ မြို့တော်ကောင်စီ(City Council) များအဖြစ် ဖွဲ့စည်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောကြားသည်။

“ ဌာနဆိုင်ရာများနဲ့ အုပ်ချုပ်မှုအစား ပြည်သူ့အုပ်ချုပ်မှု ယန္တရားအဖြစ် အသွင်ပြောင်းလဲ ဖွဲ့စည်းနိုင်အောင် ဖွဲ့စည်း ပုံအခြေခံဥပဒေမှာ ဖြည့်စွက် ပြင်ဆင်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ၎င်းကဆိုသည်။
ယင်းသို့ မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးမှူးများ နှင့် အဖွဲ့ဝင်များကို ပြည်သူလူထုမှ တိုက်ရိုက် ရွေးချယ် ခွင့် ရရှိပါက ဒီမိုကရေစီ စံနှုန်းပိုမိုမြင့်မားလာမည်ဖြစ်ပြီး အောက်ခြေလူထု အနေဖြင့် အပြောင်းအလဲများကို ကိုယ်တိုင် ကိုယ်ကျ ခံစားခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ထောက်ပြပြောဆိုသည်။
“သမ္မတ ကို ပြည်သူက တိုက်ရိုက်ရွေးခွင့်ရတာ မရတာထက်၊ အောက်ခြေက ကိုယ်တွေနဲ့ ထိတွေ့ ဆက်ဆံ နေရမယ့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ကိုယ်တွေ ရွေးချယ်တင်မြှောက်ခွင့်ရလာမှာပေါ့၊ လွှတ်တော်ကိုယ် စား လှယ်ဆိုတာက ရွေးချယ်ပြီး လွှတ်တော်ထဲရောက်သွားရင် ပြည်သူနဲ့ တိုက်ရိုက် ထိတွေ့ဖို့က မလွယ်တော့ဘူး၊ ဒီ အုပ်ချုပ်ရေးအဖွဲ့က လူတွေက ပြည်သူတွေနဲ့ ထိတွေ့နေမှာပဲလေ၊ တကယ်လုပ်မယ်ဆိုရင် တို့အနေနဲ့ကြို ဆိုပါတယ်”ဟု ၎င်းကဆိုသည်။
ထို့အပြင် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ အတွင်း ကျင်းပသော အမျိုးသားလွှတ်တော်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို ပြည်သူများက တိုက်ရိုက် ရွေးချယ်နိုင်ရေး ပြင်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း ထောက်ခံသူ လေးဦးသာရှိသောကြောင့် မအောင်မြင်ခဲ့ကြောင်း ၎င်းကထပ်လောင်းပြောကြားသည်။
လက်ရှိတွင် တိုင်းဒေကြီး/ပြည်နယ်၊ မြို့နယ် နှင့် ရပ်/ကျေး အထွေထွေအုပ်ချုပ်ရေးမှူးရုံးများသည် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထောင်စုဝန်ကြီးအဖြစ် တိုက်ရိုက်ခန့်အပ်ရသော ပြည်ထဲရေးဝန်ကြီးဋ္ဌာနအောက်တွင် ရှိသောကြောင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များတွင် အခက်အခဲများစွာ ရှိနေပြီး အောက်ခြေလူထု အနေဖြင့် အပြောင်းအလဲများကို ခံစားခွင့် နည်းပါးနေကြောင်း နိုင်ငံရေးလေ့လာသုံး သပ်သူ များက ထောက်ပြပြောဆိုထားသည်။
အလားတူ လက်ရှိ အစိုးရသစ်လက်ထက်တွင် ဒီမိုကရေစီစနစ် နှင့် အုပ်ချုပ်မှု ယန္တရား အံဝင်ခွင်ကျ မဖြစ် သော ကြောင့် ပြုပြင်ပြောင်းလဲရေး အရှိန်နှေးခြင်းဖြစ်ကြောင်း သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုး သိန်းက ပြောဆိုထားသည်။

No comments:

Post a Comment