Wednesday, October 7, 2015

ငြိမ်းချမ်းရေးကို စိန်ခေါ်လိုက်ခြင်းလော


တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကျင်းပရေးအတွက် ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကိုရန်ကုန်မြို့ မြန်မာ့ငြိမ်းချမ်းရေးပြန်လည် ထူထောင်ရေးဗဟိုဌာန (MPC) တွင် အောက်တိုဘာလ ၄ ရက်နေ့ကကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်း အနားကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ အစည်း ၈ ဖွဲ့မှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြပါတယ်။ NCA လက်မှတ်ရေးထိုး နိုင်ရေးအတွက် တက်ရောက်ခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNLA-PC) ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက် ရေးပါတီ (ALP) နှင့် ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA) အဖွဲ့တို့ဖြစ်ပါတယ်။

ဆွေးနွေးချက်အရတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာ ကွန်ဗင်းရှင်းဗဟိုဌာန-၂(MICC-2) တွင်ကျင်းပရန် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြားသဘောတူညီမှုရရှိခဲ့ပါတယ်။ အစိုးရနှင့် တိုင်းရင်းသားများဘက်မှ တစ်ဖက်လျှင် ကိုယ်စားလှယ် ၁၀ ဦးစီ ပါဝင်သည့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲကျင်းပရေးပူးတွဲကော်မတီကိုလည်း ၎င်းညှိနှိုင်း ဆွေးနွေးပွဲမှ ဖွဲ့စည်းနိုင်ခဲ့ပါတယ်။
ယခုအချိန်သည် နိုင်ငံတွင်း၌ဖြစ်ပွားနေသော နှစ်ပေါင်းကြာရှည်သည့် ပဋိပက္ခများကိုဖြေရှင်းပြီး ငြိမ်းချမ်းသာယာသည့် နိုင်ငံတည်ဆောက်ရန် အစိုးရနှင့် ညီနောင်တိုင်းရင်းသားများအတူလက်တွဲ၍ ဆောင်ရွက်နေသည့် ကာလတစ်ခုဖြစ်ပါတယ်။ ဒီလိုသမိုင်းဝင်အချိုးအကွေ့တစ်ခု၊ သမိုင်းမှတ်တိုင်တစ်ခု ဟုဆိုနိုင်သော ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးပွဲကို မပါဝင်နိုင်ဘဲအကြောင်းအမျိုးမျိုးပြပြီး ငြိမ်းချမ်းရေးကို ရှောင်လွဲကာမိုက်မြဲတိုင်းမိုက်ချင်နေသော KIA လက်နက်ကိုင်အဖွဲ့ကတော့ အလင်းကိုမမြင်နိုင်ဘဲအဆိုး သံသရာထဲတွင် ကျန်ရှိနေဆဲပင်ဖြစ်ပါတယ်။ ဆွေးနွေးပွဲများအကြိမ်ကြိမ်ပြုလုပ်ကာ UPWC နှင့် မြန်မာအစိုးရ ဘက်မှ အတူလက်တွဲရန်ဖိတ်ခေါ်ခဲ့သော်လည်း KIA အဖွဲ့သည် မူဝါဒအမျိုးမျိုးကိုင်စွဲကာ လက်နက်ကိုင် လမ်းစဉ်ကိုမစွန့်လွှတ်နိုင်ဘဲဒေသခံတိုင်းရင်းသားများအပေါ် အနိုင်ကျင့်ဗိုလ်ကျ အကြမ်း ဖက်နည်းမျိုးစုံဖြင့် ဆောင်ရွက်နေသည်မှာယနေ့တိုင်ပင်ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ကမိုင်းဖန်-မုံးပေါ် သွားကားလမ်းပေါ်ရှိမုံးပေါ်ချောင်းကူးတံတားအနီးတွင် KIA သောင်းကျန်းသူများ ယုတ်မာသောအကြံဖြင့် ထောင်ထားသောမိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ ဖြစ်စဉ်တွင် မိုင်းဖန်ကျေးရွာမှ မုံးပေါ်သို့ကျောင်းသွား တက်သော အပြစ်မဲ့ကလေးငယ် ၃ ဦး မိုင်းစများထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သဖြင့် မုံးပေါ် တိုက်နယ်ဆေးရုံမှ မူဆယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာဆေးကုသမှုခံယူခဲ့ရပါတယ်။ KIA တို့သည် ဒေသခံ တိုင်းရင်းသားများအပေါ် ၎င်းတို့၏ အာဏာတည်မြဲရေးအတွက် အကြမ်းဖက်မှုနည်းမျိုးစုံ အသုံးပြုပြီး လက်နက် အားကိုးဖြင့် ရက်စက်ယုတ်မာနေတယ်ဆိုတာဒီဖြစ်စဉ်များ ကအထင်အရှားပြနေပါ တယ်။
နိုင်ငံတော်သမ္မတကြီးကလက်မှတ်မထိုးနိုင်သေးသည့် တိုင်းရင်းသားအဖွဲ့များကို ငြိမ်းချမ်းရေးမလို လားသူများဟုမသတ်မှတ်ရန်နှင့် လက်တွဲခေါ်ဆောင်ရန် အကောင်းမြင်ကာမှတ်ချက်ပြုပြောကြား ခဲ့ပါတယ်။ သို့သော် နိုင်ငံတော်သမ္မတကြီးနှင့် UPWC တို့၏ စေတနာကို KIA က လက်နှင့်ရေး သည်ကိုခြေဖြင့်ဖျက်ရန် ကြိုးစားခဲ့သည်ဟုဆိုချင်ပါတယ်။ ယနေ့အချိန်တွင် အစိုးရနှင့် အခြားတိုင်း ရင်းသားအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို လျစ်လျူရှု မထီမဲ့မြင်ပြုကာတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် အတူ လက်တွဲသွားနေချိန်တွင် KIA က အပြစ်မဲ့ကလေးငယ်များကို မိုင်းထောင်၍ဖောက်ခွဲပြလိုက်ခြင်းက ငြိမ်းချမ်း ရေးကိုစိန်ခေါ်လိုက်လေသလောဟု ပြည်သူများကိုယ်စား မေးလိုက်ချင်ပါတယ်။

သက်ထွဋ်မောင်

Today Myanmar

No comments:

Post a Comment