Friday, October 9, 2015

မြန်မာအသင်း လက်ဘနွန်ကို ရှုံးနိမ့်

၂ဝ၁၈ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယ အဆင့် ခြေစစ်ပွဲဖြစ် သည့် မြန်မာ အသင်းနှင့် လက်ဘနွန်အသင်း တို့မှာ ယနေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆုပါသာလာ ထိုင်းကွင်း၌ ယှဉ်ပြိုင် ကစားရာ မြန်မာ အသင်းမှာ နှစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်သွားသည်။
လက်ဘနွန် -နှစ်ဂိုး
မြန်မာ-ဂိုးမရှိ

ဒုတိယအဆင့်ခြေစစ်ပွဲတွင် နိုင်ပွဲ မရသေးသည့် မြန်မာအသင်းမှာ အိမ်ကွင်း ပွဲစဉ်တွင် အနိုင်ရရှိရေး ကြိုးပမ်းခဲ့သော်လည်း ရှုံးပွဲထပ်မံ ကြုံတွေ့ခဲ့ရသည်။ နည်းပြ အေဗရာ မိုဗစ်၏ အပြောင်းအလဲ များကြား တွင် မြန်မာအသင်း ကစား ပုံ တိုးတက်မှု ရှိလာသော်လည်း နိုင်ပွဲပျောက်ဆုံးမှု ကို အဆုံးမသတ်နိုင်ခဲ့ပေ။
မြန်မာအသင်းမှာ ပွဲထွက် လူစာရင်းကို အနည်းငယ်အပြောင်းအလဲပြုလုပ်ခဲ့ပြီး မျိုးမင်းလတ်(ဂိုး)၊ ကျော်ဇင်လွင်၊ ဇော်လင်း၊ ခင်မောင် လွင်၊ နန္ဒကျော်၊ ရန်အောင်ကျော်၊ ရဲကိုဦး၊ ဒေးဗစ်ဒန်း၊ သီဟဇော်၊ ကျော်ကိုကို၊ သန်းပိုင်တို့ဖြင့် ပွဲထွက် ခဲ့သည်။ ပွဲထွက်အခင်းအကျင်းကို အနည်းငယ်အပြောင်းအလဲ ပြုလုပ် ထားသည့် မြန်မာအသင်းမှာ ပထမ ပိုင်းတွင် ခြေအသာဖြင့် ကစားနိုင် ခဲ့ သည်။ ၁၃ မိနစ်တွင် ဒေးဗစ်ဒန်း၏ အနီးကပ်ကန်ချက် ဘားထိထွက်ခဲ့ပြီး ၁၈ မိနစ်တွင် နန္ဒကျော်၏ကန်ချက် ကိုလည်း လက်ဘနွန်ဂိုးသမားက ကာကွယ်နိုင်ခဲ့ သည်။ မြန်မာအသင်း ခြေအသာရနေသော်လည်း ၂၇ မိနစ် တွင် မထင်မှတ်ဘဲ ဂိုးပေးခဲ့ရပြီး ထောင့်ကန်ဘောမှ တစ်ဆင့် ဟာဆန်မာတွတ် က ခေါင်းတိုက်ကာ လက်ဘနွန်အတွက် ဂိုးသွင်းယူခဲ့ သည်။ ၃၇ မိနစ်တွင် တိုက်စစ်မှူး ကျော်ကိုကို ပင်နယ်တီဧရိယာအစပ်မှ ကန်ခွင့်ရသော်လည်း လွဲချော်ခဲ့သည်။
ဒုတိယပိုင်းတွင် မြန်မာအသင်းမှာ သန်းပိုင်အစား အောင်သူ၊ သီဟဇော် အစား ဆောင်လမန်ကို ထည့်ကာ တိုက်စစ်အားမြှင့်ခဲ့သည်။ ဒုတိယပိုင်း တွင် မြန်မာအသင်းက ပွဲချိန်အများစု ဖိကစားနိုင်ခဲ့သည်။ လက်ဘနွန် အသင်းမှာ ဂိုးထပ်မံရရှိရေးထက် ဂိုး မပေးရရေး ခံစစ်ကိုသာ ဦးစားပေး ကစားခဲ့သည်။ ရန်အောင်ကျော်၊ ဒေးဗစ်ဒန်းတို့၏ အဝေးကန်ချက်များ လွဲချော်ခဲ့သလို အောင်သူ၏ ကန်ချက် ကိုလည်း လက်ဘနွန်ဂိုးသမား ကာကွယ်နိုင်ခဲ့သည်။ လက်ဘနွန် အတွက် ဒုတိယဂိုးကို ပွဲပြီးခါနီး၌ အက်ဝီက သွင်းယူပေးခဲ့သည်။
မြန်မာအသင်းမှာ ဒုတိယအဆင့် ခြေစစ်ပွဲတွင် လေးပွဲကစားအပြီး၌ တစ်ပွဲ သရေ သုံးပွဲရှုံးဖြင့် တစ်မှတ်သာ ရရှိသေးသည်။ မြန်မာအသင်းမှာ ဒုတိယ အကျော့ ပထမပွဲအဖြစ် အောက်တိုဘာ ၁၃ ရက်တွင် လာအို အသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MFF

MOI

No comments:

Post a Comment