Friday, October 9, 2015

ဘင်္ဂလားဒေ့ရှ်တွင် IS စစ်သွေးကြွများ စိမ့်ဝင်လှုပ်ရှားနေမည်ကို အနောက်နိုင်ငံများ အထူးစိုးရိမ်

မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နိုင်ငံခြားသားများ ပစ်ခတ်သတ်ဖြတ်ခံခဲ့ရမှုများကို IS အုပ်စုက လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့ရာ ဒါကာအစိုးရက မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သော်လည်း ယင်းနိုင်ငံတွင်း ပြင်ပနိုင်ငံများမှ အကြမ်းဖက်အုပ်စုများ ဝင်ရောက်အခြေချနေပြီလော ဟူသည့် စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့ကြောင်း VOA သတင်းဌာနက ရေးသားဖော်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့က ဒါကာမြို့တော် သံတမန်ရပ်ကွက်၌ နယ်သာလန် အခြေစိုက် ဖွံ့ဖြိုးရေးအေဂျင်စီ တစ်ခုမှ အီတလီသား စီမံကိန်းမန်နေဂျာ တစ်ဦးကို အမည်မသိ သေနတ်သမားသုံးဦးက ပစ်ခတ်သတ်ဖြတ်မှု ပေါ်ပေါက် ခဲ့သလို စနေနေ့ကလည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်း ပညာရှင် ဂျပန်နိုင်ငံသားတစ်ဦး ဖြစ်သူ ကူနီယိုဟိုရှီဆိုသူကို သေနတ်သမားသုံးဦးကပင် ပစ်ခတ်သတ်ဖြတ်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံခြားသားများ တိုက်ခိုက်ခံရမှုသည် ဖြစ်တောင့်ဖြစ်ခဲ ကိစ္စရပ်ဖြစ်ပြီး အဆိုပါ လူသတ်မှုများနှင့် ပတ်သက်၍ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် ဂျပန်တို့က အမြန်ဆုံး ဖော်ထုတ်အရေးယူရန် တောင်းဆိုလိုက်သည်။

IS စစ်သွေးကြွ အုပ်စုများက ၎င်းတို့၏ Twitter စာမျက်နှာတွင် ဘင်္ဂလားဒေ့ရှ်၌ ဖြစ်ပေါ်ခဲ့သော ပစ်ခတ်သတ်ဖြတ်မှု နှစ်ရပ်လုံးကို စီစဉ်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုသည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက် SITE ထောက်လှမ်းရေးအဖွဲ့ကလည်း IS စစ်သွေးကြွတို့၏ အွန်လိုင်းပေါ်မှ ဆောင်ရွက်ချက်များအရ အီတလီလူမျိုးနှင့် ဂျပန်နိုင်ငံသားတို့ သတ်ဖြတ်ခံခဲ့ရသည့် ကိစ္စမှာ IS တို့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားသည်။

ထိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ IS စစ်သွေးကြွအုပ်စုများ ဝင်ရောက်လှုပ်ရှားနေခြင်း ရှိ၊ မရှိ ကိစ္စနှင့် ပတ်သက်၍ အနောက်နိုင်ငံများမှ စောင့်ကြည့်လေ့လာသူများက အထူးပင် စိုးရိမ်ပူပန်နေသော်လည်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဟုတ်မှန်ခြင်း မရှိကြောင်း ပြောကြားသည်။
အဆိုပါ ဖြစ်ရပ်များသည် ဘင်္ဂလားဒေ့ရှ်၏ ပင်မအတိုက်အခံပါတီ ဖြစ်သော ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ (BNP) နှင့် မဟာမိတ် ဂျမားအီအစ္စလာမီတို့၏ လက်ချက်သာဖြစ်ကြောင်း ပြစ်တင်ပြောဆိုသည်။
“နိုင်ငံခြားသားနှစ်ဦး သတ်ဖြတ်ခံရတဲ့ ကိစ္စမှာ BNP နဲ့ ဂျမားအီ အစ္စလာမီတို့ရဲ့ လက်ချက်ပါပဲ၊ သူတို့က လတ်တလောနှစ်များ အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရရဲ့ အောင်မြင်ဖြစ်ထွန်းမှုတွေကို ဖျက်လိုဖျက်ဆီးလုပ်ဖို့ ကြိုးစားနေကြတာ” ဟု ဝန်ကြီးချုပ် ရှိတ်ဟာဆီနာက ဆိုသည်။

သို့သော် BNP ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ်၏ စွပ်စွဲချက်များ လုံးဝမှန်ကန်မှု မရှိကြောင်း ငြင်းဆိုသည်။ 
“ဝန်ကြီးချုပ်ရဲ့ စွပ်စွဲချက်တွေဟာ မျှတမှု မရှိသလို ကျိုးကြောင်းဆီလျော်မှုလည်း မရှိပါဘူး” ဟု ၎င်းက ပြောကြားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက IS အုပ်စုများ နိုင်ငံခြားသားများကို သတ်ဖြတ်သည်ဟူသော ကိစ္စအပေါ် သံသယဖြစ်လျက်ရှိပြီး တစ်ကိုယ်တော် လှုပ်ရှားနေကြသည့် အစ္စလာမ္မစ် အစွန်းရောက်တို့က ဂျီဟတ်အယူဝါဒကို စွဲကိုင်ကာ ယင်းသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ခန့်မှန်းကြသည်။

The Voice weekly

No comments:

Post a Comment