Friday, October 9, 2015

ကြံ့ခိုင်းရေးပါတီ မဲဆွယ်ယာဉ် ပိတ်ဆို့သူကို အရေးယူမည်မဟုတ်ဟုဆို

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများက ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အောက်တိုဘာလ ၈ ရက်နေ့က မဲဆွယ်စည်းရုံးစဉ် အိမ်စီး မော်တော်ယာဉ်ဖြင့် ပိတ်ဆို့မှုပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ အမှုဖွင့်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း အဆိုပါပါတီ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။
“အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ သာမန်အရပ်သားဖြစ်ပြီး ဘယ်ပါတီရဲ့အရိပ်မှ မရှိဘူးလို့ တွေ့ရှိရလို့ ကျွန်တော်တို့ပါတီ အနေနဲ့ အမှုဖွင့်လှစ်ခြင်း မပြုတော့ပါဘူး။ဒါလည်း မမျှော်လင့်ဘဲ ဖြစ်တာလို့ နားလည်ပါတယ်”ဟု ၎င်းက ဆိုသည်။

ယင်းပါတီ ကိုယ်စားလှယ်များ ပါဝင်သည့် မဲဆွယ်စည်းရုံးရေး အလှပြယာဉ်သည် အောက်တိုဘာလ ၈ ရက်နေ့ မွန်းတည့် ၁၂နာရီခန့်က မန္တလေးကန်တော်ကြီး တောင်မှ မြောက်သို့ဖြတ်သန်းစဉ် အိမ်စီးကားတစ်စီးက အလှပြယာဉ်ကို ရှေ့မှ ပိတ်ရပ်ကာ နှောင့်ယှက်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီထံမှ သိရှိရသည်။
ယင်းသို့ မဲဆွယ်စည်းရုံးရေးယာဉ်တန်းနှင့်အလှပြယာဉ် ကန်တော်ကြီး ပတ်လမ်းသို့ ရောက်ရှိစဉ် ချမ်းမြသာစည်မြို့နယ် ကျွန်းလုံးဥသျှောင် ရပ်ကွက်တွင်နေထိုင်သည့် ဦးသောင်းရွှေ အသက် ၄၅နှစ် မောင်းနှင်သည့် KLUGER ယာဉ်ဖြင့် ယာဉ်ကြောပိတ်ဆို့မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ရဲတပ်ဖွဲ့စခန်း စစ်ဆေးချက်များအရ သိရှိရသည်။
“အရက်မူးလို့ ဖြစ်သွားတာပါ”ဟု အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် ဦးသောင်းရွှေနှင့် နီးစပ်သူတစ်ဦးက ပြောဆိုသည်။
မဲဆွယ်စည်းရုံးရေးဆိုင်ကယ်အဖွဲ့က လမ်းဖယ်ပေးရန် သွားရောက်ပြောဆိုသော်လည်း ဦးသောင်းရွှေသည် အရက်မူးနေပြီး မချေမငံပြောဆိုခြင်း၊ယာဉ်ကို ဖယ်ပေးခြင်းမရှိ ဆက်လက် ရပ်တန့် ထားသည့်အပြင် ကားအောက်သို့ ဆင်းလာသဖြင့် စည်းရုံးရေးအဖွဲ့များနှင့် တွန်းထိုးမှုအနည်းငယ် ဖြစ်ပွားခဲ့ကြောင်း ချမ်းမြသာစည်မြို့နယ် အမှတ် ၁၀ ရဲစခန်း စစ်ဆေးချက်အရ ထပ်မံသိရသည်။
The Voice Weekly

No comments:

Post a Comment