Thursday, November 12, 2015

ဝိုင်အရက်ကိစ္စကြောင့် ပြင်သစ်-အီရန် နိုင်ငံတော် ညစာစားပွဲ အစီအစဉ် ဖျက်သိမ်း

ဝိုင်အရက် ထည့်သွင်းမတည်ခင်းရန် တောင်းဆိုမှုကြောင့် အီရန်သမ္မတ ဟာဆန်ရူဟာနီကို ကြိုဆိုဧည့်ခံမည့် နိုင်ငံတော် ညစာစားပွဲအစီအစဉ်ကို ပြင်သစ်အစိုးရက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။ယခုသီတင်းပတ်ကုန်တွင် ရူဟာနီသည် ဥရောပသို့ လည်ပတ်မှုခရီးစဉ် စတင်မည်ဖြစ်ရာ ၎င်းကိုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရန် ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်းက စီစဉ်ထားသည်။ မွတ်ဆလင်နိုင်ငံတစ်ခုဖြစ်သော အီရန်အနေဖြင့် အရက်သေစာသောက်စားမှုကို ရှောင်ကြဉ်လိုသဖြင့် အဆိုပါညစာစားပွဲတွင် ဝိုင်အရက် ထည့်သွင်းတည်ခင်းမှုမပြုရန် တောင်းဆိုရာ ပြင်သစ်က ယခုလို တုံ့ပြန်လိုက်ခြင်း ဖြစ်သည်။ ဝိုင်အရက်သည်ပြင်သစ်နိုင်ငံ၏ နာမည်ကျော် ထုတ်ကုန်တစ်ခုလည်း ဖြစ်သည်။

အီရန်ဘက်က အဆိုပါ ညစာစားပွဲတွင် ဝိုင်အရက် မထည့်သွင်းရန်၊ အစားအသောက်အားလုံး အစ္စလာမ်မစ်ဘာသာရေး ပြဋ္ဌာန်းချက်အတိုင်း ဟာလာလ်စံညွှန်းဖြင့် စီမံချက်ပြုတ်ရန် တောင်းဆိုခဲ့သည်။ ပြင်သစ်က ဝိုင်အရက် မပါသည့် တည်ခင်းမှုမျိုးဆိုပါက ညစာစားပွဲထက် မနက်စာစားပွဲတစ်ခု စီစဉ်လျှင် ပိုမိုသင့်တော်မည်ဟု ပြန်ကြားခဲ့ရာ ယင်းအစီအစဉ်ကမူ ပေါ့ပျက်ပျက်နိုင်လွန်းကြောင်း အီရန်က ကန့်ကွက်ခဲ့သည်။ ထိုအခါ ပြင်သစ်အစိုးရက ညစာစားပွဲအစီအစဉ်ကိုပါ ဖျက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ပါရီသို့ ရူဟာနီ ရောက်ရှိချိန်တွင် ခေါင်းဆောင်နှစ်ဦးသည် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေး စကားပြောမှုမျိုးသာ ပြုလုပ်တော့မည်ဖြစ်ပြီး အကျွေးအမွေးကဏ္ဍ ပါဝင်တော့မည် မဟုတ်ချေ။

ရူဟာနီသည် ဥရောပသို့ သွားရောက်မည့် ခရီးစဉ်တွင် အီတလီဝန်ကြီးချုပ် မက်တီယိုရန်ဇီ၊ ပုပ်ရဟန်းမင်းကြီးတို့နှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။ အီရန်၏ နျူကလီးယား စွမ်းအင်ကဏ္ဍ ကန့်သတ်မှုအတွက် သဘောတူညီချက် ရရှိပြီးနောက် အနောက်ဥရောပနိုင်ငံများသည် အီရန်နှင့် ဆက်ဆံရေး တိုးမြှင့်ရန် ပြန်လည်လမ်းဖွင့်လာခဲ့ခြင်း ဖြစ်သည်။

Ref: Boston Globe

No comments:

Post a Comment