Friday, November 20, 2015

မော်ကွန်းဝင်ရဲဘော်ဟောင်းကြီး၏ စုတ်ချက်ပြတိုက်

နိုဝင်ဘာ ၁၇ ရက် နံနက်စောစောက ရန်ကုန်မြို့ ကမ်းနားဟိုတယ်တွင် ကျင်းပသော ပန်းချီပြပွဲတစ်ခုသို့ ရောက်ဖြစ်ခဲ့သည်။ သာမန်ပန်းချီပြပွဲမျိုးတော့ မဟုတ်။ ပန်းချီလောက၏ မှတ်ကျောက်တစ်ခုဟုပင် ဆိုရလောက်သည့် မြန်မာနိုင်ငံ၏ သက်ရှိထင်ရှားပန်းချီ ဆရာများအနက် အသက်အကြီးဆုံး ပန်းချီဆရာကြီး ဦးစန်းလှိုင်၏ တစ်ကိုယ်တော်ပန်းချီ ပြပွဲပင်ဖြစ်သည်။

ပြခန်းအ၀င်အ၀တွင် ဆီလီကွန်ဖြင့် ထုဆစ်ပုံဖော်ထားသော လူတစ်ရပ်ခန့်မြင့်သည့် ရုပ်တုနှစ်ရုပ်ကို တွေ့ရသည်။ တစ်ရုပ်က ဟိုး . . . ဖက်ဆစ်ဂျပန်တော်လှန်ရေးကာလမြန်မာ့တော်လှန်ရေး ရဲဘော်တစ်ဦး၏အသွင်။ တစ်ခုက ရင်ဘတ်တစ်ဖက်တစ်ချက်စီ တွင် ဆုတံဆိပ်များ ချိတ်ဆွဲထားသည့် ခေါင်းဆွတ်ဆွတ်ဖြူ အဘိုးအိုတစ်ဦး။ နှစ်ခုလုံးမှာပန်းချီ ဆရာကြီး အဘိုးဦးစန်းလှိုင်၏ တစ်ကိုယ်လုံးပုံတူ ရုပ်တုများပင်ဖြစ်သည်။

ဖျာပုံဇာတိပန်းချီကျော် အဘိုးဦးစန်းလှိုင်သည် ၁၉၂၃ ခုနှစ်ဖွားဖြစ်ပြီး အသက် (၉၃) နှစ်ရှိပြီဖြစ်ကာ ပန်းချီစုတ်တံကိုသာမက သေနတ်ကိုပါကိုင်စွဲခဲ့ဖူးသူ။ အနုပညာကိုသာမက စစ်အနိဋ္ဌာရုံများကိုပါ မျက်မြင်ခံစားကြုံတွေ့ခဲ့ဖူးသူ၊ အသက်အကြီးဆုံး ဂန္ထ၀င်ပန်းချီဆရာဟူသည့် ဂုဏ်ပုဒ်အပြင် မြန်မာ့လွတ်လပ်ရေးမော်ကွန်းဝင် တော်လှန်ရေးရဲဘော်ဟူသည့် ဂုဏ်ပုဒ်ကိုပါ ပိုင်ဆိုင်ထားသူတစ်ဦးလည်းဖြစ်သည်။

ပန်းချီဆရာတစ်ဦးအနေဖြင့်တော့ မြန်မာမှုကို ကျွမ်းကျင်ပိုင်နိုင်သူ။ သရုပ်မှန်ပန်းချီအရေးကောင်းသူ။ ဇာတိမာန်တက်ကြွအောင် ရေးသားနိုင်သူ။ စနစ်ကျသူ၊ ရှေးအခင်းအကျင်း ပိုင်နိုင်သူ ဂန္ထ၀င်ပန်းချီ ကျော်အဖြစ် ပန်းချီဆရာများက သတ်မှတ်ရိုသေကြပြီး ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံ တော်အလံဒီဇိုင်းရေးဆွဲခဲ့သူလည်းဖြစ်သည်။

တော်လှန်ရေး ရဲဘော် ဟောင်း တစ်ယောက်အနေဖြင့် မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA)၊ မြန်မာ့ကာကွယ်ရေး တက္ကသိုလ် (BDA) တို့တွင် ပါဝင် ခဲ့သူ၊ ၁၉၅၉ ခုနှစ်တွင် ကျဆုံး လေပြီးသော ဗိုလ်ချုပ်အောင် ဆန်းနှင့် အာဇာနည်တို့အား လွတ်လပ်ရေးမော်ကွန်းဝင် ဆုပေးအပ် သောအခါ မော်ကွန်းဝင်ဒုတိယ ဆင့်ရရှိခဲ့သူဖြစ်သည်။

အဘိုးဦးစန်းလှိုင်၏ ပန်းချီ ပြပွဲသည် အသက် (၉၃) နှစ်တွင် ပထမဆုံးပြုလုပ်ဖြစ်သော တစ် ကိုယ်တော်ပြပွဲဖြစ်သည်။ ပြခန်း အပြင်အဆင်ခမ်းနားပြီး ရောင်း ရန်မဟုတ်သော ဆီဆေးပန်းချီ ကားပေါင်း ၁၀၀ ကျော်ပြသထား သည်။ ပြခန်းဖွင့်ပွဲကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦး တင်ဦးက အဖွင့်နှုတ်ဆက်စကား ပြောကြားပေးသည်။ ဦးတင်ဦး ပြောသည့် ‘‘ပန်းချီပညာရှင်အဖြစ် ကျွမ်းကျင်မှုကိုသာမက ရဲဘော် တစ်ယောက်၏ စိတ်ဝိညာဉ်များကိုပါ သူ့ပန်းချီကားများထဲတွင် တွေ့ နိုင်သည်’’ဆိုသော စကားကိုကျွန်တော်သဘောကျမိသည်။ ဖွင့်ပွဲအစတွင် ဇရာဒဏ်ဖိစီး၍ ၀ှီးချဲပေါ် ရောက်နေပြီဖြစ်သော ဦးစန်းလှိုင်ကို တွေ့ရသည်။ တစ်ခေါင်းလုံးဖြူဆွတ်နေပြီး တိုက်ပုံအင်္ကျီ အောက်က ပါးလျနေသောခန္ဓာကိုယ်က မောဟိုက်နေပုံရ သည်။ ဘေးနားတွင်လည်း အောက်ဆီဂျင်ဘူးနှင့် သူနာပြုတို့ ကအသင့်။ အသက်အရွယ်အရ စကားအကြာကြီးပြောရန် တတ်နိုင်မည်မဟုတ်ဟု ထင်မိသော် လည်း ကျွန်တော်အထင်နှင့် အ မြင်လွဲသွားခဲ့ပါသည်။

‘‘ငါ့ကို နည်းနည်းထိန်းပေး ကြ၊ ငါပြောရင်း ကိုယ့်စိတ်ကိုယ် မနိုင်ဖြစ်မယ်’’ဟု ဦးစန်းလှိုင်က ၀ှီးချဲကို အားပြုရင်း တုန်ရီစွာ ပြော သည်။ ‘‘ငါက ကျွန်ခေတ်နှစ်ခု ကြားမှာ မွေးလာတာ။ ငါတို့ခေတ် ဗိုလ်ချုပ်တို့ ငါတို့ရဲဘော်တွေ သေသွားကြတယ်။ အခုထိ နိုင်ငံက ကျွန်ဖြစ်နေတုန်း။ အခုထိငါတို့ စုတ်ပြတ်နေတဲ့ ဘ၀မှာ အသုံးမ ကျတဲ့ လူတွေ အုပ်ချုပ်တာ ခံနေ ရတုန်းပဲ’’

ကင်မရာမီးများ တဖျပ်ဖျပ် အောက်တွင် အဘိုးဦးစန်းလှိုင်က သူပြောလိုသမျှကို ဖွင့်ဟသွား သည်မှာ မိနစ် ၂၀ ခန့်ရှိရော့မည်။သူ့ပုံသဏ္ဌာန်က တစ်ဘ၀တာ ခံစားရသမျှကို စကားလုံးဖြင့် ဖော်ပြနိုင်မစွမ်း၍ အားမရဖြစ်နေပုံက ကျောင်းသားများကို ရာဇ၀င် အပြည့်အ၀ မရှင်းပြလိုက်ရသည့် သမိုင်းဆရာလိုအသွင်။

ယခုအသက်အရွယ်တွင်မှ ပထမဆုံးကျင်းပဖြစ်သော သူ၏ တစ်ကိုယ်တော်ပြပွဲ၊ ဦးစန်းလှိုင် ဟူသော ဂန္ထ၀င်အမည်တစ်လုံးကို နှိုင်းယှဉ်ချပြသည့်ပွဲတွင် ဦးစန်း လှိုင်တစ်ယောက် သူ၏ ပန်းချီအ ယူအဆ။

သူ၏ ကိုယ်ပိုင်ဟန်၊ သူ့ပန်းချီရည်ရွယ်ချက်၊ သူပိုင်ဆိုင်သော အနုပညာနှင့် ပတ်သက်၍ ပြောဆိုမည့်အစား မကျေနပ်မှုတွေကို မာန်ပါပါဖြင့် ပြောနေသည်။ တစ်ချက်တစ်ချက် အရေတွန့်နေသော သူ့မျက်ဝန်းအိမ်ထဲမှာ မျက်ရည်စတွေကို မြင်နေရသည်။

‘‘ဒီအစိုးရက ဗိုလ်ချုပ်တို့ ယူပေးခဲ့တဲ့ လွတ်လပ်ရေးကို အလွဲ သုံးစားလုပ်ခဲ့တယ်။ တန်ဖိုးမထားဘူး။ အခုချိန်မှာ ငါတို့က မော်ဒယ်ဂဲလ်တွေလောက်တောင် အသုံးမကျဘူး’’ဟု စကားများက တောင်စဉ်ရေမရဟု ထင်နိုင်စရာရှိသော်လည်း မော်ကွန်းဝင်ရဲဘော်ပန်းချီ ဆရာ၏ ခံစားချက်က ပြင်းထန်သည်။ အခန်းတွင်းမှ လူအချို့ပင် မျက်ရည်ဝဲကြသည်။

ထို့နောက် အဘိုးဦးစန်းလှိုင် ၏ ပန်းချီကားများကို လေ့လာဖြစ် သည်။ ပြခန်းအ၀တွင် မြတ်စွာ ဘုရားပုံ၊ ဗုဒ္ဓ၀င်ပုံများ၊ ထို့နောက် ရှုမျှော်လင်းပုံအချို့၊ တိုင်းရင်း သားပုံများ၊ ရှင်ဘုရင်တို့ စီးချင်း ထိုးကြပုံများ၊ ဗိုလ်ချုပ်ပုံများ။ လူ ကြိုက်များသည့် ပန်းချီကားများ ကတော့ မြန်မာ့လွတ်လပ်ရေး တပ်မတော် စစ်ချီတက်လာပုံများ၊၈၈ အရေးတော်ပုံပန်းချီကား၊ စက် မှုတော်လှန်ရေးကျောင်းသားပန်း ချီကားများပင်။ ပန်းချီကားများက တိကျမှုနှင့် မြန်မာဆန်မှု ပါဝင်သည်ကတော့ ပန်းချီနားမလည်သူများပင် သိနိုင်သည့် အချက်ဖြစ် သည်။

လက်ရှိတွင် ပန်းချီမရေးနိုင် တော့သော်လည်း အသက် (၈၀) ကျော်အထိ အဆင်ပြေစွာ ရေးဆွဲနိုင်ခဲ့သည်ဟု ဆိုသည်။ သရုပ်မှန် ပန်းချီများ ရေးသားရာ၌ အခင်း အကျင်းနှင့် အပြင်အဆင်များ သည် သူတကာနှင့် ကွဲထွက်ပြီး ရှေးဆန်သော မြန်မာအပြင်အဆင်ကို တွေ့ရသည်ဟု ပန်းချီဆရာအများစုက ပြောပါသည်။ ပန်းချီပုံများမှာ တိကျပြီး လူပုံတူများ ရေးဆွဲရာ၌ ခံစားမှုကို ပုံဖော်နိုင်သည်။ ရှုမျှော်ခင်းများ တွင် ကိုယ်ပိုင်ခံစားမှုအရောင်ကို အသုံးပြုနိုင်သည်ဟု ပန်းချီဆရာ အများစုက သုံးသပ်ကြသည်။

ဖျာပုံသား အဘိုးဦးစန်းလှိုင် ၏ လက်ဦးဆရာမှာ ပန်းချီဆရာ မှတ်ဖြစ်သည်။ ထို့နောက် ဦးသိန်း ညွန့်၊ ဦးငွေကိုင်နှင့် ဦးလှမောင် ကြီး၊ ဦးခင်အုန်းတို့ထံတွင် ရေ ဆေး၊ ဆီဆေးနှင့် မြန်မာမှုလက် ရာများကို တပည့်ခံသင်ယူခဲ့သည်။ ငယ်စဉ်က နွမ်းပါးသောကြောင့် ပညာသင်ယူရာတွင် အခက်အခဲ များရှိသော်လည်း ပန်းချီဆရာကြီး များ၏ နောက်သို့ ဆေးခွက်ကိုင် လိုက်ရင်း ပညာသင်ယူခဲ့ရသည် ဟု ဆိုသည်။

ပန်းချီဆရာတစ်ဦးအနေဖြင့်ဗုဒ္ဓ၀င်ရုပ်ပုံများစွာကို ဇာတ်ကြီး ၁၀ ဘွဲ့၊ ငါးရာငါးဆယ်နိပါတ်၊ ဇိနတ္ထပကာသနီစသည်တို့တွင် သရုပ်ဖော်ပုံများစွာကို ရေးဆွဲခဲ့သည်။ မဆလလက်ထက်က အလုပ်သမား၊ လယ်သမား၊ လူငယ်ဆိုင်ရာ အမှတ်တံဆိပ်ပန်းချီ များကို ရေးဆွဲခဲ့ကာ ဆုများစွာ လည်း ရရှိခဲ့ပြီး မြန်မာနိုင်ငံ အလံတော်ကို ဒီဇိုင်းဆွဲသရုပ်ဖော်ခဲ့သူတစ်ဦးအဖြစ် ထင်ရှားသည်။

ပန်းချီဆရာဘ၀ကို နှစ် သက်သလောက် ရဲဘော်အလုပ် ကို ဂုဏ်ယူသည်ဟု ဦးစန်းလှိုင် က ပြောသည်။ ဒုတိယကမ္ဘာစစ် အတွင်း အသက် (၂၀) အရွယ် တွင် တပ်မတော်ထဲသို့ ၀င်ခဲ့ပြီး BIA နှင့် BDA နှစ်ခုစလုံးတွင် ပါဝင်ခဲ့သည်။ ရဲဘော်ဘ၀တွင် အမှတ်တရများစွာရှိခဲ့ပြီး ပြန်ပြောင်း ပြောပြနေသည့် သူ့မျက်နှာတွင် ဂုဏ်ယူစရာ အတိတ်များ ပြည့်နေသည်။

‘‘မိုးတွေ ရွာတဲ့အချိန်ကိုယ် က ယူနီဖောင်းလေးနဲ့ ပြန်လာ တုန်း လူကလည်း ခိုက်ခိုက်တုန် နေပြီ။ ရှေ့မှာ လာနေတဲ့ ကား တစ်စီးပေါ်က လူတစ်ယောက်က ဆင်းလာပြီး ရဲဘော်ပါလား။ လာ လာဆိုပြီး လှမ်းခေါ်တယ်။ ရေနွေးတိုက်၊ အ၀တ်ထပ်ခြုံပေးပြီး သူ့ ကိုယ်နဲ့ ပွေ့ထားတယ်’’ဟု ဦးစန်း လှိုင်တစ်ယောက် ဆွေးလျစွာ ပြန် ပြောနေသည်။ ‘‘ပြီးတော့ မိတ် ဆက်တယ်။ ကျွန်တော်သခင်မြ ပါရဲဘော်။ တွေ့ရင်ခေါ်ပါဆိုပြီး။ ဘယ်လောက် နှိမ့်ချတတ်လဲ။ အခုခေတ်လူတွေများ အသုံးက ဖြင့် မကျဘူး။ ဟိုပြောဒီပြောနဲ့’’ ဟု အာဇာနည်တစ်ဦးနှင့် ကြုံတွေ့ခဲ့ရပုံကို ဦးစန်းလှိုင်က စီကာပတ် ကုံးပြန်ပြောပြနေသည်။

ပန်းချီနှင့် ပတ်သက်၍ သူ့ ခံစားချက်ကတော့ မြန်မာပန်းချီ ဆိုလျှင် မြန်မာမှုပါရမည်ဟူ၍။ သူက ပို့စ်မော်ဒန်။ မော်ဒန်ခေတ် လွန်ပန်းချီတို့ကို နှစ်သက်ပုံမရ။ သရုပ်မှန်မဟုတ်သော ပန်းချီများ များစားစားဆွဲသည်ကို မတွေ့ရ။ ‘‘အိမ်နဲ့ သစ်ပင်ကို ဟိုဘက်၊ ဒီဘက်ပြောင်းဆွဲတဲ့ ပန်းချီမဟုတ် ဘူး။ ဇာတိမာန်နိုးကြားဖို့ ဆွဲတာ’’ ဟု သူက ပြောပါသည်။

‘‘သူ့ပန်းချီတွေမှာ အတွေး တွေ ရှုပ်ယှက်ခတ်မနေဘူး။ ရှင်း လင်းပြတ်သားတယ်။ ပန်းချီကို အမြင်နဲ့ ခံစားပြီး အသိနဲ့ ဆုံးဖြတ် ဖို့ လွယ်ကူတယ်။ ဟန်ရှိတယ်’’ ဟု ပန်းချီဆရာကြီး ဦးလွန်းကြွယ် က ပြောသည်။

သူ့ပန်းချီများထဲတွင် ခေတ် ကို မြင်ရသည်။ သူ့ခေတ်သူ့အခါ သူ့အခြေအနေနှင့် ကြုံတွေ့ရ သော အခြေအနေများကို ဓာတ်ပုံ သဖွယ် ပန်းချီတွင် ကွက်ကွက် ကွင်းကွင်းမြင်နေရသည်။ ယခုပြ ပွဲသည်လည်း ဦးစန်းလှိုင်၏ ရင် ဖွင့်သံတစ်စုံတစ်ရာဖြစ်လိမ့်မည် ထင်သည်။ ဂန္ထ၀င်ပန်းချီဆရာကြီး တစ်ယောက် သူ့အသက်အရ ပန်း ချီဆွဲဖို့ မလွယ်ကူနိုင်တော့ပေမယ့် မော်ကွန်းဝင်ရဲဘော်တစ်ဦးအ နေဖြင့်တော့ ပြောစရာများ ထပ် ရှိနေဦးမည်မှာ အမှန်ပင် . . .။
7 day

No comments:

Post a Comment