Friday, November 20, 2015

၇ နှစ်သမီးလေးအတွက် ဖခင်၏လက်ဆောင် ဒေါ်လာ ၄၈ သန်းကျော်တန် စိန်ပွင့်ကြီး

ယခုသီတင်းပတ်အတွင်း ကမ္ဘာ့စံချိန်တင် ဈေးနှုန်း ဒေါ်လာ ၄၈.၄ သန်းဖြင့် ရောင်းချလိုက်သည့် အပြာရောင်စိန်ပွင့်ကြီးသည် ဖခင်က ၇ နှစ်အရွယ် သမီးလေးအတွက် ပေးအပ်သည့်လက်ဆောင် ဖြစ်လာကြောင်း သိရသည်။

နိုဝင်ဘာ ၁၈ ရက်တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့ရှိ Sotheby လေလံဌာနက Blue Moon စိန်ပွင့်ကြီးကို ဒေါ်လာ ၄၈.၄ သန်းဖြင့် ဟောင်ကောင်မှ ဝယ်လက်တစ်ဦးက လေလံဆွဲဝယ်ယူသွားကြောင်း ကြေညာသည်။ အဆိုပါ ဈေးသည် စိန်တစ်ပွင့်အတွက် ကမ္ဘာ့စံချိန်တင်ဈေးနှုန်းဖြင့်ပြီး ကျောက်မျက်ရတနာများအတွက် ကာရက်အလိုက် တွက်ချက်မှုတွင်လည်း အမြင့်ဆုံးဈေး ဖြစ်လာသည်။

နောက်ပိုင်းတွင် လေလံအောင်သူက စိန်ပွင့်ကြီး၏အမည်ကို Blue Moonမှ Blue Moon of Josephineဟု အမည်ပြောင်းလဲလိုက်သည့်နောက် CNN က ဝယ်ယူသူ မည်သူမည်ဝါဆိုသည်ကို ခြေရာခံ ဖော်ထုတ်လာနိုင်ခဲ့သည်။

စိန်ပွင့်ကြီးကို ကမ္ဘာ့စံချိန်တင်ဈေးဖြင့် ဝယ်ယူသွားသူမှာ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်း Chinese Estate Holdings ၏ ပိုင်ရှင် ဂျိုးဆက်ပ်လော် ဖြစ်သည်။ အဆိုပါ စိန်ပြာပွင့်ကြီးကို လေလံမတင်မီရက်ပိုင်း အလိုကလည်း ဂျနီဗာရှိ Christie လေလံဌာတွင် ၁၆.၀၈ ကာရက် အလေးချိန်ရှိ ပန်းရောင်စိန်ပွင့်ကြီးကို အမည်မဖော်လိုသူတစ်ဦးက ဒေါ်လာ ၂၈.၅ သန်းဖြင့် ဝယ်ယူခဲ့ပြီး Sweet Josephine ဟု အမည်ပေးခဲ့သေးသည်။

“ဟုတ်ပါတယ်။ စိန်ပြာကြီးကိုဝယ်ခဲ့တာ မစ္စတာဂျိုးဆက်ပ်လော်ပါ။ သူ့သမီးအငယ်လေးအတွက် လက်ဆောင်ဝယ်ပေးလိုက်တာပါ”ဟု ၎င်း၏ ပြန်ကြားရေးအရာရှိက CNN သို့ အတည်ပြုချက် ပေးခဲ့သည်။

လော်တွင် သမီးနှစ်ယောက်ရှိပြီး ၁၃ နှစ်အရွယ် ဇိုးနှင့် ၇ နှစ်အရွယ် ဂျို့စ်ဖင်းတို့ ဖြစ်ကြသည်။ လော်သည် သမီးကြီးဇိုးအတွက်လည်း တန်ဖိုးကြီး ကျောက်မျက်ရတနာများကို ဝယ်ယူ၍ လက်ဆောင်ပေးခဲ့ဖူးသည်။

၂၀၀၉ ခုနှစ်က ၎င်းသည် ၇.၀၃ ကာရက်ရှိ စိန်ပြာကြီးတစ်ပွင့်ကို ဂျို့စ်ဖင်အတွက် ရည်ရွယ်ကာ ဒေါ်လာ ၉.၄၈ သန်းဖြင့် လေလံဆွဲဝယ်ယူခဲ့သည်။ ထိုစိန်ပွင့်ကြီးကို Star of Josephine ဟု လော်က အမည်ပေးခဲ့သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင်မူ ၉.၇၅ ကာရက် စိန်ပြာတစ်ပွင့်ကို လော်က ဒေါ်လာ ၃၂.၆ သန်းဖြင့် ဝယ်ယူကာ The Zoe Diamond ဟု အမည်သတ်မှတ်ခဲ့သည်။ ထို့အပြင် မြန်မာ့ပတ္တမြားကြီးတစ်လုံးကို စိန်ပွင့်များစီခြယ် အလှဆင်ထားသည့် ရင်ထိုးတစ်ခုကိုလည်း ဒေါ်လာ ၈.၄၃ သန်း အကုန်အကျခံဝယ်ယူကာ The Zoe Red ဟု ပြောင်းလဲခေါ်ဝေါ်စေခဲ့သည်။

လော်သည် အနုပညာပစ္စည်းများ၊ တန်ဖိုးကြီး ဝိုင်အရက်များကိုလည်း ဝါသနာအရ စုဆောင်းလေ့ရှိသူတစ်ဦးဖြစ်သည်။ ၎င်းသည် အန်ဒီဝါဟိုးလ်၏ လက်ရာဖြစ်သည့် မော်စီတုံးပုံတူ ပန်းချီကားကိုလည်း ဒေါ်လာ ၁၇.၄ သန်းဖြင့် ဝယ်ယူထားသည်။ ၎င်းသည် ဟောင်ကောင်တွင် အမြင့်ဆုံး ဈေးဝယ်စင်တာတစ်ခုကို တည်ဆောက်ပြီး The One ဟု အမည်ပေးခဲ့သည်။ လော်၏ ရည်းစားဟောင်းတစ်ဦးကို ညွှန်းဆိုခေါ်ဝေါ်သည့်ဂုဏ်ပုဒ်ကို အဆောက်အအုံ အမည်အဖြစ် မှည့်ခေါ်ထားခြင်းဟု ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

Forbes မဂ္ဂဇင်း၏အဆိုအရ လော်သည် ကမ္ဘာပေါ်တွင် အချမ်းသာဆုံးပုဂ္ဂိုလ်များအနက် အဆင့် ၁၁၄ တွင် ရှိနေပြီး ၎င်း၏ ပိုင်ဆိုင်မှုတန်ဖိုးသည် ဒေါ်လာ ၉.၈ ဘီလီယံမျှ ရှိနိုင်ကြောင်း သိရသည်။

Ref: CNN

No comments:

Post a Comment