Monday, November 16, 2015

ပါရီအကြမ်းဖက်မှုအပြီး လွတ်မြောက်နေသည့် သံသယ တရားခံများကို ခြေရာခံ ရှာဖွေနေ

ပါရီတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးစေခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုကြီးနှင့် ပတ်သက်၍ သံသယ တရားခံများကို ပြင်သစ်လုံခြုံရေး တပ်ဖွဲ့က အပြင်းအထန် ခြေရာခံ ရှာဖွေလျက် ရှိသည်။

နိုဝင်ဘာ ၁၃ ရက် ညပိုင်းက ပါရီရှိ နေရာအတော်များများတွင် အကြမ်းဖက်သမားများက ကွန်မန်ဒိုဆန်ဆန် အသေခံ စီးနင်းတိုက်ခိုက်ခဲ့ရာ လူပေါင်း ၁၂၉ ဦး အသက်ဆုံးရှုံးခဲ့သည်။ အစောပိုင်းက အသေအပျောက် ပမာဏ ၁၅၀ ကျော် ရှိခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ပိုင်းတွင် ၁၂၉ ဦး သေဆုံးကြောင်း ပြင်သစ် အစိုးရက အတည်ပြုခဲ့သည်။

ပြင်သစ် ရဲတပ်ဖွဲ့သည် အသက် ၂၆ နှစ်အရွယ် ဆာလား အက်ဘ်ဒီဆာလမ်ကို ယခု အကြမ်းဖက်မှု၏ အဓိက တရားခံအဖြစ် အစောပိုင်းက ယူဆခဲ့သည်။ တိုက်ခိုက်မှု ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာ နိုဝင်ဘာ ၁၄ ရက်တွင် ၎င်းကို ကားတစ်စီးထဲတွင် ရဲတပ်ဖွဲ့က ရှာဖွေ တွေ့ရှိခဲ့သော်လည်း နောက်ပိုင်းတွင် လွတ်မြောက်သွားခဲ့သည်။

၎င်း၏ ညီအစ်ကို တော်စပ်သူ တစ်ဦးမှာ အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ပြီး အသေခံ ဗုံးဖောက်ခွဲသွားသလို အခြားတစ်ဦးမှာ လတ်တလော အဖမ်းခံထားရသည်။ ပါရီ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်သမား ၇ ဦးကို လုံခြုံရေး တပ်ဖွဲ့များက သုတ်သင်နိုင်ခဲ့သော်လည်း အက်ဘ်ဒီဆာလမ် အပါအဝင် နောက်ထပ် လွတ်မြောက်နေသူများ ရှိနိုင်သေးသည်ဟု ယုံကြည်ရသောကြောင့် သံသယ တရားခံများကို အလေးအနက် စုံစမ်း ရှာဖွေလျက် ရှိသည်။

ရဲတပ်ဖွဲ့က သံသယ ရှိခဲ့သည့် အက်ဘ်ဒီဆာလမ်သည် VW Polo မော်တော်ကား တစ်စီးကို ငှားရမ်းကာ အဓိက အသေအပျောက် အများဆုံး နေရာ ဖြစ်ခဲ့သည့် Bataclan ပြဇာတ်ရုံနားတွင် ရှိနေခဲ့ကြောင်း သိရသည်။ အဆိုပါ မော်တော်ကားကို အကြမ်းဖက်သမားများက အသုံးပြုခဲ့သည်ဟုလည်း ရဲများက ယူဆခဲ့သည်။ Bataclan ပြဇာတ်ရုံတွင် အကြမ်းဖက်သမားများက ဓားစာခံများကို ဖမ်းဆီးပြီး တစ်ဦးချင်းစီ ပစ်သတ်ရာ လူပေါင်း ၈၉ ဦး သေဆုံးခဲ့သည်။

နိုဝင်ဘာ ၁၄ ရက်တွင်မူ ဘယ်လ်ဂျီယံနှင့် နယ်ခြားတွင် အက်ဘ်ဒီဆာလမ် မောင်းနှင်လာသည့် မော်တော်ကားကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ၎င်း၏ စာရွက်စာတမ်းများကို စစ်ဆေးကာ
ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော်လည်း ထိုအချိန်က လုံလောက်သည့် အထောက်အထားမျိုး မရှိသဖြင့် အက်ဘ်ဒီဆာလမ်ကို အခြားသူ နှစ်ဦးနှင့်အတူ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

သို့သော် အက်ဘ်ဒီဆာလမ် မောင်းနှင်လာသည့် မော်တော်ကားသည် ပြဇာတ်ရုံရှေ့တွင် ၎င်းရပ်ထားခဲ့သည့် VW Polo အမျိုးအစား ဟုတ်မဟုတ် ကွဲကွဲပြားပြား မသိရသေးချေ။ ရဲတပ်ဖွဲ့က အက်ဘ်ဒီဆာလမ်သည် ဘယ်လ်ဂျီယံတွင် အခြေစိုက်သည့် အကြမ်းဖက်မှု သံသယရှိသူ ညီအစ်ကို သုံးဦးအနက် အပါအဝင်ဖြစ်ပြီး အန္တရာယ် ရှိသူ တစ်ဦးအဖြစ် သတိပေး ကြေညာထားသည်။

၎င်း၏ အစ်ကိုဖြစ်သူ အသက် ၃၁ နှစ်အရွယ် ဘရာဟင်မ် အက်ဘ်ဒီဆာလမ်မှာ ပြဇာတ်ရုံအနီး Bouldvard Voltaire အရက်ဘား အနီးတွင် အသေခံ ဗုံးခွဲတိုက်ခိုက်ခဲ့ပြီး လူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ အခြားတစ်ဦးမှာ မိုဟာမက် အက်ဘ်ဒီဆာလမ်ဖြစ်ပြီး ပါရီမှ ဘယ်လ်ဂျီယံသို့ အပြန်တွင် ဖမ်းဆီးရမိခဲ့သည်။

ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇန်နျူဗာက ပါရီ အကြမ်းဖက်မှုအတွက် ဘယ်လ်ဂျီယံတွင် လူသူစုရုံးပြီး စနစ်တကျ ကြိုတင် ပြင်ဆင်ခဲ့ခြင်းဟု စုံစမ်းသိရှိထားကြောင်း ဆိုသည်။ ဆီးရီးယားနှင့် အီရတ်တို့တွင် လှုပ်ရှားနေသည့် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများက အဆိုပါ အကြမ်းဖက်မှုကို မိမိတို့ ကြိုးကိုင် အကောင်အထည် ဖော်ခဲ့ကြောင်း ကြေညာထားသည်။

ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် ချားလ်စ်မိုက်ကယ်က မိုလန်ဘိခ် ဒေသကို မြေလှန်ရှာဖွေပြီး ပြင်သစ်ကို အကူအညီ ပေးသွားမည်ဟု ကတိပြုထားသည်။ ဘယ်လ်ဂျီယံပိုင် မိုလန်ဘိခ် ဒေသသည် ဂျီဟတ်ဝါဒီ အကြမ်းဖက်သမားများ ခြေရာဖျောက် ခိုနားရာ နိဗ္ဗာန်ဘုံအဖြစ် တင်စားခံရသည့် နေရာတစ်ခု ဖြစ်သည်။

ပြင်သစ် ရဲတပ်ဖွဲ့က အကြမ်းဖက် တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သူ နောက်တစ်ဦးမှာ အသက် ၂၉ နှစ်အရွယ် အစ္စမေးလ် အိုမာ မိုစတာဖိုင်ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။ ၎င်းသည် Bataclan ပြဇာတ်ရုံကို လုံခြုံရေး တပ်ဖွဲ့များ ဝင်ရောက် စီးနင်းချိန်၌ အသေခံ ဗုံးဖောက်ခွဲခဲ့သည်။ အိုမာမိုစတာဖိုင်သည် ရာဇဝတ်မှု မှတ်တမ်းဟောင်းများ ရှိသူတစ်ဦးဖြစ်ပြီး အစွန်းရောက် အစ္စလာမ်မစ်ဝါဒ လက်ကိုင်ထားသူ တစ်ဦးအဖြစ် ပြင်သစ် ထောက်လှမ်းရေးက စောင့်ကြည့်နေခဲ့ကြောင်း သိရသည်။

Ref: BBC

No comments:

Post a Comment