Monday, November 16, 2015

အိုင်အက်စ် ဌာနချုပ်ရှိရာ ရက္ကာမြို့တွင် ပြင်သစ် တိုက်လေယာဉ်များ ဗုံးကြဲ

ပါရီ အကြမ်းဖက်မှုကြီး ဖြစ်ပွားပြီး နှစ်ရက်အကြာ နိုဝင်ဘာ ၁၅ ရက်တွင် ပြင်သစ် ဂျက်တိုက်လေယာဉ်များက ဆီးရီးယားနိုင်ငံ၊ ရက္ကာမြို့ရှိ အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်ရေးပစ်မှတ်များကို ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
လူပေါင်း ၁၂၉ ဦး သေဆုံးခဲ့သည့် ပါရီ အကြမ်းဖက်မှုကြီးကို မိမိတို့ ကြိုးကိုင် စီမံခဲ့ကြောင်း အိုင်အက်စ်တို့က ကြေညာခဲ့ပြီးနောက် ပြင်သစ် လေတပ်က ဗုံးမိုးရွာပြီး လက်တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ ပြင်သစ် သမ္မတ
ဖရန်ဆွာဟော်လန်းက ပါရီကို အကြမ်းဖက် တိုက်ခိုက်မှုသည် မိမိတို့ကို စစ်ကြေညာခြင်းဟု ယူဆကြောင်း ကြေညာထားသည်။
ရက္ကာမြို့သည် အိုင်အက်စ်တို့ သိမ်းပိုက်ထားသည့် နယ်မြေများကို စုစည်းပြီး ကိုယ်ပိုင်နိုင်ငံ ထူထောင်ထားရာတွင် မြို့တော်အဖြစ် သတ်မှတ်ထားသည့် နေရာဖြစ်ပြီး ဂျီဟတ်ဝါဒီ အကြမ်းဖက် အဖွဲ့၏ အဓိက အကျဆုံး ခြေကုပ်စခန်း နေရာလည်း ဖြစ်သည်။ ရက္ကာကို ပြင်သစ် လေတပ်က ဗုံးကြဲခဲ့ရာတွင် ကွပ်ကဲရေး စခန်းတစ်ခု၊ လူသစ် စုဆောင်းရေးစခန်း၊ လက်နက်သိုလှောင်ရုံ၊ စစ်သင်တန်းကျောင်း တစ်ခုတို့ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာနမှ အကြံပေး အရာရှိ မစ်ခေးလ် ဆိုရီရာက ပြောကြားခဲ့သည်။
နိုဝင်ဘာ ၁၅ ရက် တိုက်ခိုက်မှုတွင် တိုက်လေယာဉ် ၁၀ စီး အပါအဝင် လေယာဉ် ၁၂ စီးကို အသုံးပြုခဲ့ကြောင်းလည်း ဆိုရီရာက ဆိုသည်။ စစ်ဆင်ရေးတွင် ဗုံးအလုံးပေါင်း ၂၀ ကို ကြဲချခဲ့ပြီး ရည်စူးပစ်မှတ်အားလုံးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။
အိုင်အက်စ် အလိုတော်ရိ မီဒီယာ ဌာန တစ်ခုကမူ ပြင်သစ် လေတပ် ရောက်မလာမီ အဆိုပါ နေရာများကို အချိန်မီ ကြိုတင် စွန့်ခွာနိုင်ခဲ့သဖြင့် အိုင်အက်စ် အဖွဲ့တွင် အသေအပျောက် မရှိခဲ့ဟု ဖော်ပြခဲ့သည်။
ပြင်သစ်သည် အမေရိကန် ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ပြီး အိုင်အက်စ် ပစ်မှတ်များကို ချေမှုန်းခဲ့သည်။ သို့သော်လည်း ပါရီအကြမ်းဖက်မှု အပြီးတွင် ပြင်သစ်၏ စစ်ရေး အရှိန်အဟုန်သည် ပိုမို မြင့်တက်လာဖွယ် ရှိနေသည်။
အမေရိကန် စစ်တပ်မှ အငြိမ်းစား ဗိုလ်မှူးချုပ်ဟောင်းနှင့် CNN၏ စစ်ရေး ကျွမ်းကျင်သူ ဂျိမ်းစ်မာ့ခ်က “ပါရီအကြမ်းဖက်မှုအပြီး ပြင်သစ်လေတပ်က ခုလို ဗုံးကြဲတာဟာ တိုက်ဆိုင်မှု မဟုတ်ဘူး။ ဒါဟာ သတင်းစကား တစ်ခုဖြစ်တယ်။ ပြင်သစ်ရဲ့ မူဝါဒကို ပြသလိုက်တာ ဖြစ်တယ်။ လေကြောင်း တိုက်ခိုက်မှုမှာ ရွေးချယ်သွားတဲ့ ပစ်မှတ် အားလုံးဟာ အရမ်းစနစ်ကျတယ်။ ပြင်သစ် အနေနဲ့ အိုင်အက်စ်တွေကို စစ်ဆင်ရာမှာ ပိုပြီး အလေးအနက်ထား လုပ်ဆောင်လာနိုင်တယ်”ဟု ပြောကြားခဲ့သည်။
ပြင်သစ် လေယာဉ်များသည် အာရပ်စော်ဘွားများ ပြည်ထောင်စု နိုင်ငံနှင့် ဂျော်ဒန်နိုင်ငံတို့မှ ပျံတက်လာပြီး ဆီးရီးယား ပိုင်နက်တွင် ဗုံးကြဲခဲ့ခြင်း ဖြစ်သည်။ ယခု ဗုံးကြဲသည့် ပစ်မှတ် နေရာများကို ပြင်သစ် လေတပ်က ယခင်အကြိမ်များတွင် ကင်းထောက် ပျံသန်းမှုများ ပြုလုပ်ခဲ့ဖူးကြောင်း သိရှိရသည်။
Ref: CNN

No comments:

Post a Comment