မြန်မာနိုင်ငံသမိုင်းတစ်လျှောက်တွင်
အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်များဖြစ်သည့် ရေဘေးနှင့် မြေပြိုမှုဘေးများ
၂၀၁၅တွင် ကြုံတွေ့ခဲ့ရခြင်းက သမ္မတဦးသိန်းစိန်အစိုးရကို
ခေါင်းမီးတောက်စေခဲ့သလို ပြည်သူလူထုမှာလည်း ဆင်းရဲဒုက္ခမျိုးစုံ
ရင်ဆိုင်ခဲ့ရသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင်
ရေဘေးအန္တရာယ်ရင်ဆိုင်ခဲ့ရသည်။ စစ်ကိုင်းတိုင်းနှင့်
မကွေးတိုင်းဒေသကြီးတို့တွင် မိုးလယ်ကာလမှ စတင်ခဲ့သည့် နေ့စဉ်ရက်ဆက်
မိုးသည်းထန်စွာ ရွာသွန်းခဲ့ခြင်း၏ အကျိုးဆက်မှာ ကျန်ဒေသများတွင်လည်း
ဆက်တိုက်ဆိုသလို သဘာဝဘေးရင်ဆိုင်ခဲ့ရပြီး လူပေါင်းရာချီ သေဆုံးခဲ့ကာ
ကျပ်သန်းပေါင်း ၃၀၀ ဘီလီယံခန့်အထိ ဆုံးရှုံးခဲ့ကြောင်း နိုင်ငံတကာနှင့်
ပူးပေါင်းလုပ်ဆောင်ခဲ့သည့် အစိုးရစစ်တမ်းများက ဖော်ပြသည်။
သဘာဝဘေးကို
လူဦးရေစုစုပေါင်း ၁ ဒသမ ၆ သန်းကျော် တိုက်ရိုက်ရေဘေးသင့်ခံရသည့်အပြင်
ပြည်သူသန်းပေါင်းများစွာ လူမှုစီးပွားဘဝဆုံးရှုံးနစ်နာခဲ့ရကြောင်း အစိုးရက
သတင်းထုတ်ပြန်ခဲ့သည်။ ကမ္ဘာကျော်နာဂစ်ကဲ့သို့ လေမုန်တိုင်းဘေးကို ၂၀၁၅
အတွင်း ဖြစ်ပေါ်ခဲ့သည့် ရေကြီးရေလျှံမှုဘေးက လွှမ်းမိုးသွားခဲ့သည်။ အစိုးရက
စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီး၊ ချင်းနှင့် ရခိုင်ပြည်နယ်ကို
သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသအဖြစ် အရေးပေါ်အခြေအနေကို ကြေညာခဲ့သည်။
ယခုနှစ်
မိုးတွင်းကာလအတွင်း ချင်းပြည်နယ်မြို့တော် ဟားခါးတွင်
မိုးကြီးပြီးမြေပြိုကာ ဟားခါးမြို့၏ ၁၀ ရာခိုင်နှုန်းလုံးဝ
ပျက်စီးသွားခဲ့သည်။ ပြည်နယ်တစ်ခုလုံးတွင် အိမ်ခြေတစ်ထောင်ကျော်
ပြိုကျခဲ့သည်။ ရခိုင်ပြည်နယ်တွင် တစ်လအတွင်း
နှစ်ကျော့ပြန်
ရေကြီးနစ်မြုပ်ပြီး ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ခြင်း၏ အကျိုးဆက်ကြောင့်
ပြည်သူလူထု ဘေးဒုက္ခမျိုးစုံ ကြုံခဲ့သည်။ ရခိုင်ပြည်နယ် ရေဘေးတွင်
မိသားစုအလိုက် သေဆုံးသည့်ဖြစ်စဉ်မျိုး ရှိခဲ့သည်။ ကယားပြည်နယ်တွင်လည်း
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုကာ လူသေဆုံးမှုများ
ရင်ဆိုင်ခဲ့ရသေးသည်။ ဧရာဝတီမြစ်သည်လည်း မိုးသည်းထန်စွာ
ရက်ဆက်ရွာသွန်းသည့်ဒဏ်ကို ကြံကြံမခံနိုင်ခဲ့ပေ။ ရေလျှံကာ
မြစ်ကမ်းတစ်လျှောက်ရှိ မြို့ရွာများကို အကြီးအကျယ် ခြိမ်းခြောက်ခဲ့သည်။
ဧရာဝတီမြစ်မှ ခွဲထွက်သွားသည့် မြစ်လက်တက် အချို့ကြောင့် ရေကာတာအချို့
ကျိုးပေါက်ခဲ့သည်။ ဧရာဝတီမြစ်ရေသည် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ
မြို့ကြီးများ၏ စိုးရိမ်ရေမှတ်အထက်တွင် တစ်လကျော်အထိ တန့်နေခဲ့ပြီး
ယခင်ကာလများက ယင်းကဲ့သို့ အချိန်ကြာကြာ မြစ် ရေမြင့်တက်ခဲ့ခြင်း မရှိပေ။
ဧရာဝတီမြစ်သည် ယင်းဖြတ်သန်းရာ မြို့ကြီးများကို
ရေဘေးခြိမ်းခြောက်ခဲ့သကဲ့သို့ ချင်းတွင်းမြစ်ကလည်း မုံရွာမြို့ကို
နှစ်ကျော့ပြန် ခြိမ်းခြောက်ခဲ့သည်။ ရေကြီးနစ်မြုပ်ရာ ဒေသများမှ
ဆည်များကျိုးကျမည့် အန္တရာယ်ကို အစိုးရရော ပြည်သူလူထုပါ စိုးထိတ်ခဲ့ကြရသည်။
ရေကြီးရေလျှံမှု
အဆိုးရွားဆုံး ရင်ဆိုင်နေရစဉ် ယင်းကာလက အစိုးရပိုင်း၏ ကယ်ဆယ်ရေး
ဆောင်ရွက်မှုအခြေအနေကို စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ
ရေဘေးသင့်ပြည်သူတစ်ဦးက နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် သမ္မတဦးသိန်းစိန်ကို
အောက်ပါအတိုင်း အသိပေးခဲ့သည်။
‘‘အိမ်မှာရှိသမျှ
ပစ္စည်းဘာတစ်ခုမှ မယူနိုင်ဘဲနဲ့ ပစ်ထားခဲ့ရပါတယ်။ လူလွတ်ပဲ ရုန်းခဲ့ရပါတယ်။
ဒီရေကြီးမှုအတွက် ဘယ်ဌာနဆိုင်ရာမှ လာပြီးကူညီကယ်ဆယ်တာ လုံးဝမရှိခဲ့ပါဘူး။
သမ္မတကြီးတို့၊ ဝန်ကြီးတို့လာတဲ့ အချိန်ကျမှသာ နှမ်းလာဖြူးကြတာပါ။
ဒီမှာကယ်ဆယ်ရေး လုံးဝမလုပ်သေးပါဘူး။ စောင့်ရှောက်မှုလည်း လုံးဝမရှိသေးပါဘူး။
ကိုယ့်အသက်ကို ရုန်းပြီးတော့ ပြေးခဲ့ရတာပါ’’ဟု ဆိုခဲ့သည်။
ရေဘေးမကျရောက်မီ
ကြိုတင်ပြင်ဆင်မှုပြုလုပ်ရန် အစိုးရက သိသာသော သတိပေးမှုမျိုးမရှိခဲ့ဘဲ
မိုးလေဝသ သတင်းများကို ပြည်သူလူထုထံသို့ ထိထိရောက်ရောက် အသိမပေးခဲ့ပေ။
အစိုးရအပေါ် ယုံကြည်မှုအားနည်းနေချိန်တွင် စီမံခန့်ခွဲမှုအလွဲအချို့ကြောင့်
ကောလာဟလမျိုးစုံ ထွက်ခဲ့ကာ ရေဘေးသင့်သူများ ကျီးလန့်စာစားဖြစ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့အထက်ပိုင်းမှ ရာဇဂြိုဟ်ဆည်ကျိုးကျသည်ဟူသော
ကောလာဟလ မကြာခဏ ထွက်ပေါ်လာကာ အစိုးရတာဝန်ရှိသူများက ဆည်မကျိုးကြောင်း
သတင်းထုတ်ပြန်ခဲ့ရသည်မှာ အကြိမ်ကြိမ် ဖြစ်ခဲ့သည်။
ကုလသမဂ္ဂ
အဖွဲ့အစည်းများဖြစ်သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်(WFP) နှင့် အစားအစာနှင့်
စိုက်ပျိုးရေးအဖွဲ့(FAO) တို့ က လယ်ယာမြေများစွာ ပျက်စီးခဲ့ခြင်းကြောင့်
ရေဘေးသင့်ဒုက္ခသည်များဘဝ ရပ်တည်ရေးအချိန်မီ မကူညီနိုင်ပါက အကြွေးနွံ
ပိုမိုနက်ရှိုင်းခြင်းနှင့် အာဟာရ မပြည့်ဝခြင်းများ
ဖြစ်လာနိုင်သည်ဟုသတိပေးခဲ့သည်။ သတိပေးခဲ့သည့်အတိုင်းပင်
မိုးလွန်ကာလရောက်သောအခါ ဆန်ကဲ့သို့ အခြေခံစားသောက်ကုန်များ ဈေးတက်ခဲ့၍
အခြေခံလူတန်းစားများ အခက်အခဲမျိုးစုံ ရင်ဆိုင်ခဲ့ရသည်။
ကြက်သွန်နီဈေးနှုန်းသည် မကြုံစဖူးမြင့်တက်ခဲ့သည်။
မိုးလေ၀သ
သတင်းများကို လူမှုကွန်ရက်နှင့် သတင်းမီဒီယာများမှနေ၍ အမြဲမပြတ်
ထုတ်ပြန်သတိပေးခဲ့သည့် မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ယခုနှစ်ရေဘေးတွင်
အစိုးရရော ပြည်သူလူထုပါ သင်ခန်းစာယူစရာများ ရှိခဲ့ကြောင်း သုံးသပ်သည်။
ကြိုတင်ကာကွယ်မှုနှင့်
ပြင်ဆင်မှုအတွက် သတင်းထုတ်ပြန်ရာတွင် အစိုးရပိုင်း၌ အားနည်းချက်ရှိခဲ့သည်ဟု
ဒေါက်တာထွန်းလွင်က ပြောသည်။လူထုအတွင်းတွင်လည်း သဘာဝဘေးရင်ဆိုင်ရတော့မှသာ
ကယ်ဆယ်ရေးပိုင်း အင်တိုက်အားတိုက် လုပ်ဆောင်ကြပြီး ကြိုတင်ကာကွယ်ရေးပိုင်း
အသိပညာပေးမှု အားနည်းချက်များရှိခဲ့သည်ဟု ဆိုသည်။
၂၀၁၅
မိုးရာသီကာလအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ရာ ဒေသများတွင်
မြန်မာနိုင်ငံအနှံ့မှ ပရဟိတအဖွဲ့အစည်းများ၏ ကယ်ဆယ်ရေးနှင့်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများသည် အလွန်ထိရောက်ခဲ့သည်။ အရှိန်ရလာနေသည့်
အရပ်ဘက်အဖွဲ့အစည်းများဦးဆောင်ကာ သဘာဝဘေး ကြိုတင်ကာကွယ်ရေးအပိုင်း
ပညာပေးလုပ်ဆောင်ရန် ဒေါက်တာထွန်းလွင်က အကြံပြုသည်။
သဘာဝဘေးအန္တရာယ်များ
နှင့်ပတ်သက်၍ ၂၀၀၈ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း ကြုံခဲ့ပြီးနောက်ပိုင်း
မြန်မာနိုင်ငံသည် မကြာခဏ ကံဆိုးနေတတ်သည်။ ၂၀၁၆ သည်လည်း ကင်းလွတ်ခွင့်ရမည့်
ပုံစံမရှိပေ။ အကြောင်းမှာ သမိုင်းတစ်လျှောက် အင်အားအပြင်းထန်ဆုံး
အယ်လ်နီညိုရာသီဥတု၏ သက်ရောက်မှုကို မြန်မာနိုင်ငံတွင် ၂၀၁၆ နွေရာသီ၌
ကြုံတွေ့ရမည် ဖြစ်သောကြောင့်ပင် ဖြစ်ပါသည်။
7 day
No comments:
Post a Comment