Wednesday, December 30, 2015

မဲဆွယ် အသုံးစရိတ် တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းမျှ အသုံးပြုမည်ဟု ထရမ့်ပ်ပြောကြား

ရွေးကောက်ပွဲကြို မဲဆွယ်မှုများအတွက် တစ်ပတ်လျှင် အနည်းဆုံး ဒေါ်လာ ၂ သန်းမျှထိ အကုန်အကျခံ သုံးစွဲသွားမည်ဟု ဒေါ်နယ်လ် ထရမ့်ပ်က ပြောကြားလိုက်သည်။လာမည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ၏ သမ္မတလောင်းနေရာအတွက် အထူးရေပန်းစားနေသည့် မီဒီယာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီးက မဲဆွယ်အသုံးစရိတ်ကို ရက်ရက်ရောရော အသုံးပြုသွားမည်ဟု ဆိုသည်။ဖေဖော်ဝါရီလတွင် စတင်ကျင်းပမည့် သမ္မတရွေးကောက်ပွဲကြို ပါတီသမ္မတလောင်း ရွေးကောက်ပွဲများ မတိုင်မီထိ တစ်ပတ်လျှင် ဒေါ်လာ ၂ သန်းစီထိ အသုံးပြုပြီး အိုင်အိုဝါ၊ နယူးဟမ့်ရှိုင်းယားနှင့် တောင်ပိုင်း ကာရိုလိုင်းနားတို့တွင် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်သွားရန် ထရမ့်ပ်က စီစဉ်ထားသည်။
ထိုအတောအတွင်း နယူးယောက်မြို့တော်ဝန်ဟောင်း ဂျော့ဂ်ျပါတာကီက ရီပတ်ဘလစ်ကန် ကိုယ်စားပြုသမ္မတလောင်း နေရာအတွက် ပါဝင်ယှဉ်ပြိုင်မည့် အစီအစဉ်မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။
လေ့လာသူများက သမ္မတလောင်း အတော်များများ ပါဝင်ယှဉ်ပြိုင်သည့် ရီပတ်ဘလစ်ကန် ပါတီတွင် ပါတာကီသည် ထင်ထင်ရှားရှား ပြောင်ပြောင်မြောက်မြောက် လုပ်ဆောင်မှုမျိုး အလွန်အားနည်းခဲ့သည်ဟု မှတ်ချက်ပေးခဲ့ကြသည်။

ထရမ့်ပ်က မိမိအနေဖြင့် ရီပတ်ဘလစ်ကန်ပါတီ၏ အဓိက ရေပန်းအစားဆုံး သမ္မတလောင်းအဖြစ် ရပ်တည်လာနိုင်သည့်တိုင် မဲဆွယ်မှုအသုံးစရိတ်ကို အလွန်အကျွံအသုံးပြုမထားကြောင်း ပြောကြားခဲ့သည်။ “ရှေ့ဆက်ပြီးတော့ တစ်ပတ်ကို အနည်းဆုံး ဒေါ်လာ ၂ သန်းလောက် သုံးသွားပါမယ်။ လိုရင်တော့ ဒီထက်ပိုသုံးမှာပေါ့”ဟု CNN သို့ ထရမ့်ပ်က ပြောကြားခဲ့သည်။ ၎င်းက အိုင်အိုဝါ၊ နယူးဟမ့်ရှိုင်းယား၊ တောင်ပိုင်းကာရိုလိုင်းနားတို့တွင် မဲဆွယ်အသုံးစရိတ်ကို အဓိကရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး အဆိုပါ နေရာများသည် အလွန် အဓိကကျကြောင်းလည်း မှတ်ချက်ပေးခဲ့သည်။

ထရမ့်ပ်သည် အငြင်းပွားဖွယ်အခြေအနေမျိုးစုံဖြင့် ပိုမိုလူသိများလာပြီး ၎င်း၏ ပါတီတွင်းနှင့် အာဏာရဒီမိုကရက်ပါတီ သမ္မတလောင်းများကို ဝေဖန်တိုက်ခိုက်မှုများပြုလုပ်ခဲ့သလို မွတ်ဆလင်များကို ပြည်ဝင်ခွင့်ပိတ်ပင်သင့်ကြောင်း အကြံပြုချက်ကြောင့်လည်း အမေရိကန် နိုင်ငံရေး အသိုက်အဝန်းတွင် အကြီးအကျယ် ဂယက်ရိုက်ခတ်သွားခဲ့သည်။

Ref: CNN

No comments:

Post a Comment