Friday, December 4, 2015

ကယ်လီဖိုးနီးယား ပစ်ခတ်မှု တရားခံ ဇနီးမောင်နှံအိမ်၌ လက်နက်အများအပြား ရှာတွေ့

တရားခံများ၏ နေအိမ်တွင် ရှာတွေ့သည့် ကျည်ဆန်များ။
ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို ဝင်ရောက်ပစ်ခတ်ကာ လူ ၁၄ ဦးထက်မနည်း သေဆုံးစေခဲ့သည့် သေနတ်သမား ဇနီးမောင်နှံ၏ နေအိမ်တွင် လက်နက်အမြောက်အမြား ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဒီဇင်ဘာ ၂ ရက်က ပြည်နယ်မြို့တော် လော့စ်အန်ဂျလိစ် အနီးရှိ ဆန်ဘာနာဒီနို မြို့လေးမှ လူမှုစောင့်ရှောက်ရေး စင်တာတစ်ခုကို အမျိုးသား၊ အမျိုးသမီး နှစ်ဦးက ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာများ ရရှိခဲ့သည်။
သေနတ်သမားများသည် SUVကားတစ်စီးနှင့် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရဲတပ်ဖွဲ့က ထပ်ကြပ်မကွာ လိုက်ပါပြီး အသေပစ်ခတ် ဖမ်းဆီးခဲ့သည်။ ထို့နောက်ပိုင်းတွင် သေနတ်သမား နှစ်ဦးမှာ အသက် ၂၈ နှစ်အရွယ် ဆာယာက်ဒ် ရစ်ဇ်ဝမ် ဖာရွတ်ခ်နှင့် ဇနီးဖြစ်သူ အသက် ၂၇ နှစ်အရွယ် တက်ရှ်ဖင်းမာလစ်ခ်တို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ထို့အပြင် သေဆုံးသူ ၁၄ ဦး၏ အမည်များကိုလည်း ရဲတပ်ဖွဲ့က ကြေညာခဲ့ပြီး အငယ်ဆုံးမှာ အသက် ၂၆ နှစ် အရွယ်ရှိပြီး အကြီးဆုံးမှာ အသက် ၆၀ ဖြစ်ကြောင်း သိရသည်။
ရဲများက တရားခံနှစ်ဦး၏ နေအိမ်ကို စီးနင်းရှာဖွေရာ လက်နက်တိုက်ငယ် တစ်ခုသဖွယ် တွေ့မြင်ရပြီး လက်နက်ခဲယမ်း မီးကျောက် အများအပြား ရှိနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့ ဇနီးမောင်နှံက ယခုလို အကြမ်းဖက် တိုက်ခိုက်ရသည့် စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကိုမူ အဖြေရှာမတွေ့သေးချေ။

“သူတို့ဟာ ဒီတိုက်ခိုက်မှုအတွက် ကြိုတင်ပြင်ဆင်ထားတာ သိသာတယ်။ စစ်ဆင်ရေး တစ်ခုလိုကို ကြိုပြင်ဆင်ထားတာ။ ဒါကိုတော့ ကျွန်တော်တို့ အဖြေထုတ်လာနိုင်ပါပြီ။ ဘာကြောင့်လဲ ဆိုတာသာ မသိသေးတာ။ တစ်ယောက်ယောက်ကို ပစ်မှတ်ထားခဲ့သလား၊ ဒါမှမဟုတ် ကြုံသလို ရမ်းကားပစ်ခတ်သွားတာလား ဆိုတာကို အဖြေရှာမရသေးဘူး”ဟု FBI၏ လော့စ်အန်ဂျလိစ် ရုံးခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ် ဘောဒစ်ရှ်က ပြောကြားခဲ့သည်။

ဖာရွတ်ခ်နှင့် မာလစ်ခ်တို့သည် ရဲတပ်ဖွဲ့နှင့် နာရီပေါင်း အတန်ကြာ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး ကျည်ဆန် ၇၆ တောင့်မျှ တုံ့ပြန် ပစ်ခတ်ခဲ့သည်။ လုံခြုံရေး အရာရှိများက ၎င်းတို့ကို စုစုပေါင်း ကျည်ဆန် ၃၈၀ မျှ အသုံးပြု ပစ်ခတ်ခဲ့သည်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရခဲ့သည်။

ယခုဖြစ်ရပ်သည် ၂၀၁၂ ခုနှစ်က လူပေါင်း ၂၆ ဦး သေဆုံးသည့် ကွန်နက်တီကက် စာသင်ကျောင်း ပစ်ခတ်မှုအပြီး အမေရိကန်တွင် အဆိုးရွားဆုံး သေနတ်ဖြင့် ရမ်းကား တိုက်ခိုက်မှု အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

Ref: CNN

No comments:

Post a Comment