Friday, December 4, 2015

အိန္ဒိယ ဝန်ကြီးချုပ်၏ ပြုပြင်ထားသည့် ဓာတ်ပုံကို အွန်လိုင်းသုံးစွဲသူများ လှောင်ပြောင်


နိုင်ငံပိုင် မီဒီယာဌာန တစ်ခုက အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ ရေဘေးသင့် ဒေသများသို့ သွားရောက် စစ်ဆေးနေဟန် ပြုပြင်ထားသည့် ဓာတ်ပုံအတုကို ဖော်ပြခဲ့ခြင်းကြောင့် အကြီးအကျယ် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။
အိန္ဒိယရှိ ချန်နိုင်းတွင် လူအသေအပျောက် ရာနှင့်ချီ ဖြစ်ပေါ်သည်အထိ ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်နေပြီး အစိုးရပိုင် Press Information ဗျူရိုက လေယာဉ်ပြတင်းပေါက်မှတစ်ဆင့် ချန်နိုင်း ရေဘေးသင့် ဒေသများကို မိုဒီက လှမ်းကြည့်နေဟန် ဓာတ်ပုံကို Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါ ဓာတ်ပုံမှာ လေယာဉ်ပေါ်တွင် မိုဒီရှိနေစဉ် ရိုက်ကူးထားသည့် ဓာတ်ပုံတစ်ပုံကို ပြုပြင်ကာ ရေဘေးသင့် ဒေသ ဓာတ်ပုံတစ်ခုနှင့် ရောစပ်ဖန်တီးထားကြောင်း ပေါ်ပေါက်လာသည့်နောက် အွန်လိုင်းတွင် လူအများက ဖြန့်ဝေ လှောင်ပြောင်ခဲ့ကြသည်။ အထူးသဖြင့် Twitterတွင် ယင်းကိစ္စမှာ အထူးသတင်းကြီးခဲ့ပြီး အခြားသူများကပါ နောက်ထပ် ကိုယ်တိုင် ပြုပြင်ပြောင်းလဲထားသည့် ဓာတ်ပုံများဖြင့် မိုဒီက ရေဘေးသင့် ဒေသတွင် ပျော်ရွှင်စွာ Selfie ရိုက်နေဟန် ဖန်တီး ပြက်ရယ်ပြုခဲ့ကြသည်။

အဆိုပါ သတင်းဗျူရိုက ဒီဇင်ဘာ ၃ ရက်တွင် ဝန်ကြီးချုပ်က လေယာဉ်ပြတင်းပေါက် အပြင်ဘက် လှမ်းကြည့်နေသည့် ပုံကို လွှင့်တင်ခဲ့သည်။ ယင်းဓာတ်ပုံတွင် ရေမြုပ်နေသည့် လယ်ကွင်းများ၏ပုံကို ခပ်ဝါးဝါး တွေ့မြင်နေရသည်။ ထို့နောက် ယင်းပုံကို ပြန်ဖျက်ကာ ပုံအသစ် ထပ်တင်ခဲ့ပြီး ထိုဓာတ်ပုံတွင်မူ ပြတင်းပေါက်၌ တွေ့မြင်ရသော မြင်ကွင်းမှာ အလွန်ထင်ရှားနေပြီး အဆောက်အအုံများ ရေမြုပ်နေသည်ကို တွေ့ရသည်။

ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ယင်းပုံကို အလျင်အမြန် ပြန်ဖျက်ခဲ့သော်လည်း သတင်းပျံ့မှု အလွန်မြန်ဆန်သွားပြီး လူမှုကွန်ရက်များမှ လှောင်ပြောင်မှုများကို မတားဆီးနိုင်တော့ချေ။ သတင်းဗျူရိုက ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး အတိအလင်း မှတ်ချက်မပေးဘဲ နှုတ်ဆိတ်လျက် ရှိသည်။
မူရင်းဓာတ်ပုံ။

မိုဒီသည် ဒီဇင်ဘာ ၃ ရက်က တမီလ်နာဒူ ပြည်နယ်အတွင်းရှိ ချန်နိုင်းမြို့သို့ သွားရောက်ခဲ့ပြီး ရေဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်ဆေး ကြည့်ရှုခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက စတင်ဖြစ်ပွားသည့် ရေလွှမ်းမိုးမှုများကြောင့် ချန်နိုင်းတွင် လူပေါင်း ၂၆၀ ကျော် သေဆုံးခဲ့ပြီး လတ်တလောတွင် အဆိုပါ ဒေသ၌ ကယ်ဆယ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက် ရှိသည်။

ဓာတ်ပုံအတုဖန်တီးသည့် ကိစ္စကြောင့် မိုဒီအနေဖြင့် ကြားချောင် သားကောင်ဖြစ်ပြီး လှောင်ပြောင်ခံရခြင်းသည် ယခုတစ်ကြိမ် ပထမဆုံး မဟုတ်ချေ။ ပြီးခဲ့သည့်နှစ် အတွင်းကလည်း ၎င်း၏ မိန့်ခွန်းတစ်ရပ်ကို အမေရိကန် သမ္မတ ဘာရတ်အိုဘားမားက TVမှ စောင့်နားထောင်နေဟန် ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံတစ်ပုံ အွန်လိုင်းတွင် ပျံ့နှံ့ခဲ့ဖူးကြောင်း သိရသည်။

Ref: Indian Express

No comments:

Post a Comment