Saturday, December 5, 2015

ရုရှား ကမ္ဘာလှည့်ခရီးသွားများကို တိုက်ခိုက်ရန် ထိုင်းနိုင်ငံထဲသို့ အိုင်အက်စ်များ ရောက်ရှိနေဟုဆို

ထိုင်းလေဆိပ်တစ်ခုတွင် တွေ့ရသည့် ရုရှားကမ္ဘာလှည့် ခရီးသည်များ။
ရုရှားနိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်ရန်အတွက် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအကြမ်းဖက်သမား ၁၀ ဦးခန့် ထိုင်းနိုင်ငံထဲရောက်နေကြောင်း ရုရှားက ထိုင်းရဲတပ်ဖွဲ့ထံ ဆက်သွယ်သတိပေးထားကြောင်း သိရသည်။
ဆီးရီးယားနှင့် အီရတ်တို့တွင် ခြေကုပ်ယူလှုပ်ရှားနေသည့် အိုင်အက်စ်တို့သည် ပြီးခဲ့သည့်လက ပြင်သစ်နိုင်ငံ၊ ပါရီမြို့တော်တွင် ကွန်မန်ဒိုဆန်ဆန် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုကြီးကို အဓိကကြိုးကိုင်ခဲ့ပြီး အဆိုပါဖြစ်စဉ်တွင် လူပေါင်း ၁၃၀ မျှ သေဆုံးခဲ့သည်။

ရုရှားလေတပ်သည် ဆီးရီးယားသမ္မတ ဘာရှာအယ်လ်အာဆက်ဒ်ကို ပံ့ပိုးသည့်အနေဖြင့် ဆီးရီးယားနိုင်ငံအတွင်းရှိ အိုင်အက်စ်ပစ်မှတ်များကို ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ အိုင်အက်စ်တို့က ရုရှားကို လက်စားချေတုံ့ပြန်ရန် အလွန်အမင်း ဆန္ဒပြင်းပြနေသည်။

ဆီးရီးယားရှိ အိုင်အက်စ်အဖွဲ့အတွက် အလုပ်လုပ်နေသည့် အစွန်းရောက်ဝါဒီ တိုက်ခိုက်ရေးသမား ၁၀ ဦးမျှသည် အောက်တိုဘာလအတွင်း၌ ထိုင်းနိုင်ငံထဲ ဝင်ရောက်ခဲ့သည်ဟု ရုရှားက မိမိတို့ထံ သတိပေးထားကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ် တစ်နှစ်စာ စာရင်းအရ ထိုင်းနိုင်ငံသို့ ရုရှားနိုင်ငံသား ၁.၅ သန်းကျော် လာရောက်လည်ပတ်ခဲ့သည်။ ရုရှားအာဏာပိုင်များ ဆက်သွယ်အကြောင်းကြားထားသည့် ကိစ္စနှင့်ပတ်သက်၍ အဆိုပါ ဆီးရီးယားအကြမ်းဖက်သမားများ မည်သည့်နေရာ ရောက်ရှိနေသည်ကို လတ်တလောမသိရသေးကြောင်းနှင့် အလွန်အမင်းစိုးရိမ်မနေသင့်ကြောင်း နှစ်သိမ့်ထားသည်။

ရုရှားသည် ဆီးရီးယားတွင် အိုင်အက်စ်အပါအဝင် အစိုးရဆန့်ကျင်ရေး အတိုက်အခံအင်အားစုများကို စက်တင်ဘာလက စတင်၍ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ အိုင်အက်စ်က တုံ့ပြန်သည့်အနေဖြင့် အီဂျစ်ပိုင် ဆီနိုင်းကျွန်းဆွယ်မှ ပျံတက်လာသည့် ရုရှားခရီးသည်တင် လေယာဉ်တစ်စီးကို ဗုံးထောင်ဖောက်ခွဲခဲ့ရာ လူပေါင်း ၂၂၄ ဦး သေဆုံးခဲ့သည်။

နိုဝင်ဘာ ၂၇ ရက်ကို နေ့စွဲတပ်ထားပြီး အထူးအရေးပေါ်ဟု ခေါင်းစဉ်တပ်ထားသည့် လျှို့ဝှက်ရုံးစာတစ်စောင်သည် ထိုင်းရဲတပ်ဖွဲ့၏အထူးတပ်ဖွဲ့ခွဲဦးစီးမှူးတစ်ဦးထံမှ စတင်ပေါက်ကြားလာပြီး ယင်းတွင် ရုရှားအာဏာပိုင်များက ဆီးရီးယားအကြမ်းဖက်သမားများ ဝင်ရောက်လာမှုကို သတိပေးရေးသားထားသည်။

ရုရှားထောက်လှမ်းရေး၏ အဆိုအရ အဆိုပါစစ်သွေးကြွများသည် အောက်တိုဘာ ၁၅ မှ ၃၁ ရက်ကြားတွင် ထိုင်းနိုင်ငံပိုင်နက်ထဲ ဝင်ရောက်သွားသည်ဟု ယုံကြည်ရကြောင်း သိရှိရသည်။ ထို့အပြင် ၎င်းတို့၏ ရည်ရွယ်ချက်သည် ရုရှားကမ္ဘာလှည့်ခရီးသည်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် ဖြစ်နိုင်သည်ဟုလည်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ပတ္တယားနှင့် ဖူးခက်ကမ်းခြေများသည် ရုရှား ကမ္ဘာလှည့်ခရီးသည်များ အဓိကသွားရောက်သည့် နေရာဖြစ်ပြီး မကြာမီကျရောက်တော့မည့် ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများသည် ထိုင်းတွင် ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှု အမြင့်ဆုံး အချိန်များဟုလည်း သိရှိရသည်။

Ref: Bangkok Post

No comments:

Post a Comment