Saturday, December 5, 2015

ကယ်လီဖိုးနီးယား ပစ်ခတ်မှုကို အကြမ်းဖက်မှု အနေဖြင့် FBI သတ်မှတ်စုံစမ်းနေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားရှိ လူမှုစောင့်ရှောက်ရေးစင်တာတစ်ခုတွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ FBI ထောက်လှမ်းရေး ဌာနက အကြမ်းဖက်မှုတစ်ခုအဖြစ် သတ်မှတ်စုံစမ်းနေကြောင်း သိရှိရသည်။
အဆိုပါ ဖြစ်ရပ်တွင် ဆန်ဘာနာဒီနိုမြို့ရှိ လူမှုစောင့်ရှောက်ရေးစင်တာ၌ ပါတီပွဲတစ်ခု ကျင်းပနေချိန်တွင် လင်မယားနှစ်ဦးက ချေမှုန်းရေးရိုင်ဖယ်များဖြင့် ဝင်ရောက်ပစ်ခတ်ရာ လူ ၁၄ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။ သေနတ်သမားများက ထွက်ပြေးရန် ကြိုးစားသော်လည်း ၎င်းတို့၏ အနက်ရောင် SUV မော်တော်ကားကို ရဲတပ်ဖွဲ့က ပိတ်ဆို့တားဆီးပြီး တရားခံနှစ်ဦးကို သုတ်သင်နိုင်ခဲ့သည်။

အစောပိုင်းတွင် ကယ်လီဖိုးနီးယားရဲတပ်ဖွဲ့က ပစ်ခတ်မှုနှင့်ပတ်သက်သည့် အခြေခံလှုံ့ဆော်မှုကို ကွဲကွဲပြားပြား မသိရှိရသေးကြောင်း ပြောဆိုခဲ့သော်လည်း ယခုအခါ FBIက အကြမ်းဖက်မှု တစ်ခုအနေဖြင့် ကောက်ချက်ဆွဲကာ စုံစမ်းချဉ်းကပ်လာခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် အသက် ၂၈ နှစ်အရွယ် အမေရိကန်နိုင်ငံသား ဆာယက်ဒ်ဖာရွတ်ခ်နှင့် အသက် ၂၇ နှစ်အရွယ် ပါကစ္စတန်နိုင်ငံသူ ဇနီးသည် တက်ရှ်ဖင်းမာလစ်ခ်တို့ကို သုတ်သင်ရှင်းလင်းပြီးနောက် ၎င်းတို့နေအိမ်ကို ဝင်ရောက်စစ်ဆေးရာ လက်နက်အများအပြား စုဆောင်းသိမ်းဆည်းထားသည်ကို တွေ့ရှိခဲ့ရသည်။

ရဲတပ်ဖွဲ့က ဖာရွတ်ခ်နှင့် မာလစ်ခ်တို့သည် ယခုတိုက်ခိုက်မှုကို ကြိုတင်၍ အချိန်ယူစီစဉ်ထားသည်ဟု ယုံကြည်ရကြောင်း ပြောဆိုထားသည်။ FBI ၏ ညွှန်ကြားရေးမှူး ဂျိမ်းစ်ကိုမေက လက်ရှိအထောက်အထားများအရ အဆိုပါ ဇနီးမောင်နှံသည် ပိုမိုကျယ်ပြန့် ကြီးမားသည့် အဖွဲ့အစည်း၊ သို့မဟုတ် အသိုက်အဝန်းတစ်ခု၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ယခုတိုက်ခိုက်မှုကို ကျူးလွန်ခဲ့သည်ဟု ယူဆရကြောင်း မှတ်ချက်ပေးခဲ့သည်။

“သူတို့ရဲ့ ဒစ်ဂျစ်တယ်ဆက်သွယ်မှုကွန်ရက်အစိတ်အပိုင်းတွေကို ဖျက်ဆီးဖို့ အားထုတ်ထားကြတယ်။ ပြီးတော့ ချိုးဖဲ့ဖျက်ဆီးထားတဲ့ ဆဲလ်ဖုန်းတွေကိုလည်း အနားက အမှိုက်ပုံးထဲမှာ တွေ့ခဲ့တယ်”ဟု ကိုမေက ဆိုသည်။

တရားဥပဒေ စိုးမိုးရေးအရာရှိများကို ဆက်သွယ်မေးမြန်းပြီး အမေရိကန် မီဒီယာများက ကိုးကားဖော်ပြကြရာ၌ ယခုတိုက်ခိုက်မှုတွင် အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့အစည်းက ပါဝင်ဆက်နွှယ်သည့် အထောက်အထားမျိုး ရှာမတွေ့ဟု သိရသည်။ သို့သော်လည်း အဆိုပါ စုံတွဲအပေါ် အိုင်အက်စ်တို့၏ အမေရိကန် မုန်းတီးရေးဝါဒဖြန့်မှုများက လွှမ်းမိုးမှု ရှိကောင်းရှိနိုင်ကြောင်းမူ တာဝန်ရှိသူတစ်ဦးက New York Times သတင်းစာသို့ ပြောကြားသွားခဲ့သည်။

Ref: CNA

No comments:

Post a Comment