Friday, December 4, 2015

ဆန်ဈေး အနည်းငယ်ကျဆင်းပြီး စပါးဈေးမြင့်

ပြည်တွင်း၌ ဆန်ဈေး များကျဆင်းနေသော်လည်း စပါး အသစ်ပေါ်ချိန်တွင် စပါးအဖွင့် ဈေး မြင့်တက်ခဲ့သောကြောင့် ယခင်နှစ်ထက် စပါးဈေးပိုမိုမြင့် တက်နေကြောင်း မန္တလေးဆန် စပါး ကုန်စည်ဒိုင်မှ သတင်းရရှိ သည်။
၂၀၁၄ တွင် စပါးအဖွင့်ဈေး ကို စပါး အမျိုးအစားအလိုက် တင်းတစ်ရာလျှင် ကျပ်နှစ်သိန်းခွဲ မှ သုံးသိန်းထိသာရှိသော်လည်း ယခုနှစ် စပါးအသစ်ပေါ်ချိန် (ဒီ ဇင်ဘာ) တွင် တင်းတစ်ရာလျှင် ငါးသိန်းကျပ်မှ ခြောက်သိန်းအထိ ပေါက်ဈေးရှိကြောင်း မန္တလေးမြို့ ဆန်စပါးဈေးကွက်အတွင်းမှသိရ သည်။
ယခုနှစ်အတွင်း ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရေကြီး ရေလျှံမှုများကြောင့် စပါးအဓိက စိုက် သော ဒေသများဖြစ်သည့် မကွေး တိုင်း၊ ဧရာဝတီတိုင်းတို့တွင် စပါး အထွက်နှုန်း လျော့ကျခဲ့သော ကြောင့် စပါးအသစ်ပေါ်ချိန်တွင် ဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဆန်ကုန်သည်အများစုက ပြောကြားသည်။
‘‘အခုက ရေဘေးဖြစ်တဲ့ အရှိန်ကြောင့်ရော၊ စပါးပေါ်တဲ့ ဒီလိုအချိန်တွေက ဆန်စက်တွေနဲ့ ကုန်လှောင်သူတွေက တစ်နှစ်လုံး စပါးကြိတ်ဖို့အတွက် ဒီအချိန် အဝယ်လိုက်ရတဲ့အချိန်ဆိုတော့ ရေဘေးမဖြစ်တဲ့စပါးစိုက်ဒေသ တွေမှာရော တစ်နိုင်ငံလုံးမှာပါ စပါးဈေးတွေ မြင့်တက်ကုန်တာ ပါ’’ဟု မန္တလေးဆန်စပါးကုန်စည် ဒိုင် အတွင်းရေးမှူးဦးမင်းထက် အောင်က ပြောသည်။
ထို့အပြင် ယခုနှစ်ဒီဇင်ဘာ တွင် စပါးစိုက်သည့်ဒေသ အချို့၌ စပါးများစိုက်ပျိုးပြီး၍ ပဲစိုက်ချိန် ကာလ ရောက်သော်လည်း တောင်သူအချို့ စပါးထုတ်ရောင်းသူအနည်းငယ်သာ ရှိကြသဖြင့် စပါးလှောင်သူများနှင့် ဆန်စက်များ တစ်နှစ်စာသိုလှောင်ရန် ဈေးကောင်းပေးဝယ်ယူချိန်ဖြစ်သောကြောင့် စပါးဈေးမြင့်တက်ရခြင်းဖြစ်ကြောင်း ဆန်ကုန်သည်များကဆိုသည်။
မြန်မာနိုင်ငံတွင် ထွက်ရှိသည့် ဆန်အများစုကို မူဆယ်ဈေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အဓိကတင်ပို့ရောင်းချနေရသော်လည်း ဆန်အိတ်များမှာ ရောင်းလိုအားများပြီး တရုတ်နိုင်ငံမှ အဝယ်နည်း၍ ဈေးနှိမ်ဝယ်ယူသောကြောင့် ပြည် တွင်း၌ ဆန်ဈေးအနည်းငယ် ကျဆင်းနေရကြောင်း ဦးမင်းထက်အောင်ကပြောသည်။
‘‘မူဆယ်ဈေးကွက်ကလည်း တရုတ်ကဆန်အိတ်တစ်သောင်း လောက်ဝယ်မယ်ဆိုရင် အိတ်ငါး သောင်းလောက် လာရောင်းနေ တော့ ဈေးနှိမ်တဲ့အတွက် ပြည် တွင်းမှာ ဆန်ဈေးကျတာပါ။ တစ် ပတ်လောက်ပဲရှိပါသေးတယ်။ ဒီနှစ်ကတော့ စပါးရယ်၊ ဆန်ဈေး ရယ် အတက်အကျကိုခန့်မှန်းရ ခက်တယ်’’ ဟု ၎င်းက သုံးသပ် သည်။
ယခုနှစ် ဒီဇင်ဘာအတွင်း ပြည်တွင်းရှိ ဆန်အမျိုးအစား အလိုက် တစ်တင်းခွဲဆန် တစ်အိတ်လျှင် ၅၀၀ ကျပ်မှ ၁,၀၀၀ ကျပ်ထိဈေးကျဆင်းလျက်ရှိကြောင်း မန္တလေးမြို့ရှိ ဆန်ဈေးကွက်အတွင်းမှ သိရသည်။
ယခုနှစ်အတွင်း ရေကြီးခဲ့ခြင်းကြောင့် ဆန်ဈေးတက်မည့်အရေး စိုးရိမ်ခဲ့ကြသည် (ဓာတ်ပုံ− အေအက်ဖ်ပီ)
7Day Daily

No comments:

Post a Comment