Wednesday, December 23, 2015

နိုင်ငံ့လက်ရွေးစင်မှ ငါးနှစ်အနားယူထားသူများ လက်ရွေးစင် အားကစားသမားဟောင်းများ အသင်းဝင်အဖြစ် လျှောက်နိုင်

မြန်မာ့အားကစား တိုးတက်ရေးအတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် မြန်မာ့လက်ရွေးစင် အားကစားသမားဟောင်းများအသင်းသို့ လက်ရွေးစင်အားကစားသမားအဖြစ်မှ ငါးနှစ်အနားယူထားပြီးသူများအနေဖြင့် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ကြောင်းသတင်းရရှိသည်။
‘‘ကျွန်တော်တို့ အသင်းဝင်တွေမှာ အားကစားနည်းတွေ အစုံပါနေတော့ အားကစားအဖွဲ့ချုပ်တွေကနေ အကူအညီတောင်းခံလာမယ်ဆို ကူညီပေးနိုင်အောင်လို့ပါ။ နောက်တစ်ချက်က အသင်းဝင်တွေအချင်းချင်း ချစ်ခင်စည်းလုံးမှုရှိရှိနဲ့ ကူညီရိုင်းပင်းမှုတွေပြုလုပ်ပေးနိုင်ဖို့အတွက်ပါ။ အဓိက ရည်ရွယ်ချက်ကတော့ မြန်မာ့အားကစား တိုးတက်လာရေးအတွက် ပံ့ပိုးပေးနိုင်ဖို့ အတွက်ပါပဲ’’ဟု မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အသင်းဖြစ်မြောက်ရေးကော်မတီမှ အတွင်းရေးမှူးနှင့် ဘော်လီဘောချန်ပီယံဟောင်း ဦးစိုးသိန်းက ပြောသည်။

မြန်မာ့အားကစားအဆင့်အတန်း ပိုမိုတိုးတက်စေရေးအတွက် ကူညီပေးမည့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်းများ အသင်းဖွဲ့စည်းနိုင်ရန် ၂၀၁၃ အတွင်း စတင်ကြိုးပမ်းခဲ့ပြီး လက်ရှိတွင် အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားပြီဖြစ်ကာ အသင်းရုံးခန်းကို သုဝဏ္ဏအမျိုးသားအားကစားပြိုင်ပွဲရုံ(၁)၌ ဖွင့်လှစ်မည်ဟု ကော်မတီဝင်များထံမှ သတင်းရရှိသည်။

အသင်းဝင်လိုသူ လက်ရွေးစင်ဟောင်းများသည် နိုင်ငံတကာအားကစားပြိုင်ပွဲကြီးများ(International Games)၊ နိုင်ငံတကာတံခွန်စိုက်ပြိုင်ပွဲကြီးများ (Inter antional Championship) နှင့် လက်ရွေးစင်ကစားသမားအဖြစ် ငါးနှစ်အနားယူထားပြီးသူများ အနေဖြင့် ၂၀၁၆ ဇန်န၀ါရီ ၅ ရက် မှစတင်ကာ အသင်းရုံးခန်းသို့ လာရောက်လျှောက်ထားနိုင် သည်။

ထို့အပြင် လက်ရှိအသင်း၏အမှုဆောင်များဖြစ်သည့် ဦးသန့်ဇင် ၀၉-၅၁၂၈၀၁၅၊ ဦးစိုးသိန်း ၀၉-၅၁၇၃၃၇၈၊ ဒေါ်ကြည်ကြည်ဝေ ၀၉-၇၃၂၃၂၁၁၄ တို့ထံ ဆက်သွယ်နိုင်ကြောင်း သိရသည်။

‘‘လက်ရှိအသင်းကို အသင်းဝင်တွေရဲ့ ရန်ပုံငွေနဲ့ပဲ လည်ပတ်သွားဖို့ ရည်ရွယ်ထားပါတယ်။ လက်ရွေးစင် အားကစားသမားဟောင်းတွေအနေနဲ့ မြန်မာ့အားကစားတိုးတက်ဖို့ အရမ်းကို လိုလားနေကြပါတယ်။ အားကစားအဖွဲ့ချုပ်တွေကနေ အကြံဉာဏ်တောင်းခံလာရင် အကူအညီပေးဖို့ ဒီအသင်းကို ဖွဲ့စည်းခဲ့တာပါ’’ ဟု ဦးစိုးသိန်းက ဆက်လက်ပြောသည်။
7 day

No comments:

Post a Comment