Monday, January 11, 2016

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီကွယ်လွန်

အင်္ဂလိပ် ဂန္ထဝင် ဂီတသမား ဒေးဗစ်ဘိုဝီသည် အသက် ၆၉ နှစ်အရွယ်၊ ဇန်နဝါရီ ၁၀ ရက်တွင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။


၎င်း၏ သားဖြစ်သူ ရုပ်ရှင်ဒါရိုက်တာ ဒန်ကန်ဂျုံးစ်က ကင်ဆာရောဂါဖြင့် ဖခင်ကွယ်လွန်သွားကြောင်း သတင်းကို အတည်ပြု ကြေညာခဲ့သည်။

“ဘိုဝီဟာ မိသားစုဝင်တွေ စုံစုံညီညီ ရှိနေချိန်မှာပဲ ငြိမ်းငြိမ်းချမ်းချမ်း ကွယ်လွန်သွားပါတယ်။ သူဟာ ကင်ဆာရောဂါကို ၁၈ လကြာအောင် ရဲရဲရင့်ရင့် ကြံ့ကြံ့ခံ တိုက်ပွဲဝင်ခဲ့ပါတယ်”ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

သီချင်းအယ်လ်ဘမ် ၂၈ ခု ထုတ်ဝေခဲ့သည့် အဆိုတော်သည် စွယ်စုံရ ဂီတသမားတစ်ဦးအဖြစ် လေးစားခံရသူလည်း ဖြစ်သည်။ ၎င်းသည် သီချင်းရေးဆရာ၊ တူရိယာ အမျိုးအစားအချို့ တီးခတ်နိုင်သူ၊ သီချင်းပရိုဂျူဆာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ပန်းချီဆရာ အစရှိသည့် ဂုဏ်ပုဒ်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။

ဘိုဝီ၏ နောက်ဆုံးထုတ် BlackStar အယ်လ်ဘမ်သည် ၎င်း၏ မွေးနေ့ဖြစ်သည့် ဇန်နဝါရီ ၈ ရက်ကမှ ထွက်ရှိထားခဲ့သည်။ သို့သော်လည်း ဘိုဝီသည် ၂၀၀၆ ခုနှစ်က နယူးယောက်တွင် ဖျော်ဖြေခဲ့သည့်နောက်ပိုင်း စင်မြင့်ဖျော်ဖြေပွဲများနှင့် တောက်လျှောက် ကင်းကွာသွားခဲ့သည်။ BlackStar အယ်လ်ဘမ်တွင် သီချင်းခုနစ်ပုဒ်သာ ပါဝင်ပြီး ဂီတလေ့လာသူများ၏ ချီးကျူးကြိုဆိုခြင်းကို ခံခဲ့ရသည်။

ဘိုဝီသည် ၁၉၇၂ ခုနှစ်ထုတ် The Rise and Fall of Ziggy Stardust and the Spiders from Mars အယ်လ်ဘမ်ဖြင့် လျှမ်းလျှမ်းတောက် အောင်မြင်မှုများ စတင်ရရှိလာခဲ့သည်။ ၎င်း၏ နောက်ဆုံးထုတ် အယ်လ်ဘမ်နှစ်ခုဖြစ်သည့် The Next Dayနှင့် Blackstarတို့သည် ဘိုဝီ၏ အကောင်းဆုံး လက်ရာများအဖြစ်လည်း မှတ်ယူခြင်း ခံရသည်။ ၎င်းသည် ရုပ်ရှင်ဇာတ်ကား ၂၇ ခုတွင်လည်း ပါဝင် သရုပ်ဆောင်ခဲ့ဖူးသည်။

ဘိုဝီ အသက် ၆၉ နှစ်ပြည့်မြောက်ချိန်တွင် ထွက်ရှိသည့် BlackStar အယ်လ်ဘမ်သည် ကင်ဆာရောဂါကို ၎င်းအပြင်းအထန် ခံစားနေရစဉ် ကာလအတွင်း စီစဉ် ထုတ်ဝေခဲ့ခြင်းဟုလည်း သိရှိရသည်။

Ref: CNN

No comments:

Post a Comment