Thursday, January 7, 2016

လိပ်ကျွန်းအမှု ဒီအင်န်အေနမူနာ သက်သေနှင့်ပတ်သက်၍ ဩစတြေးလျ မှုခင်းသိပ္ပံပညာရှင် မေးခွန်းထုတ်

လိပ်ကျွန်းလူသတ်မှုတွင် မြန်မာလုပ်သားနှစ်ဦးကို သေဒဏ်ချမှတ်ခြင်းခံရအောင် တွန်းပို့ခဲ့သည့် အဓိက DNA သက်သေကိစ္စအပေါ် ဩစတြေးလျ မှုခင်းသိပ္ပံ ပညာရှင်တစ်ဦးက မေးခွန်းထုတ်သွားခဲ့သည်။

ပြီးခဲ့သည့်နှစ် စက်တင်ဘာလက ထိုင်းနိုင်ငံ၊ လိပ်ကျွန်းသို့ လာရောက်လည်ပတ်သည့် ဗြိတိန်နိုင်ငံသား ခရီးသွားနှစ်ဦးကို သတ်ဖြတ်မှုဖြင့် ထိုင်းတရားရုံးက မြန်မာလုပ်သား နှစ်ဦးဖြစ်သည့် ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက သေဒဏ် ချမှတ်ခဲ့သည်။ ထိုအမှုကို စစ်ဆေး ကြားနာရာတွင် DNA နမူနာ တင်သွင်းမှုများသည် နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီမှုမရှိကြောင်း အငြင်းပွားဝေဖန်မှုများလည်း ပေါ်ပေါက်ခဲ့သည်။

မဲလ်ဘုန်းမှ မှုခင်းသိပ္ပံပညာရှင် ဂျိန်းတော်ပင်က DNA စစ်ဆေးမှု သဘောတရားသည် အလွန်အနုစိတ်ပြီး ထိုင်းတရားရုံးတွင် တင်သွင်းခဲ့သည့် မှတ်တမ်းများက လုံလောက်သည့် သက်သေခံ အထောက်အထားအဖြစ် ယူဆနိုင်ခြင်းမရှိကြောင်း မှတ်ချက်ပေးခဲ့သည်။ တော်ပင်က ထိုင်းတရားရုံးတွင် တင်သွင်းသည့် DNA စစ်ဆေးမှု မှတ်တမ်းများ၌ DNA နမူနာ ရယူပုံ၊ ရွှေ့ပြောင်းသယ်ဆောင်ပုံ၊ ထိန်းသိမ်းကိုင်တွယ်ပုံတို့နှင့် ပတ်သက်၍ အသေးစိတ်ဖော်ပြချက်များမရှိကြောင်း ထောက်ပြခဲ့သည်။ ‘‘တရားရုံးမှာ သုံးသပ်စစ်ဆေးဖို့ သိပ္ပံနည်းကျပြုစုထားတဲ့ မှတ်တမ်းတွေကို တင်သွင်းခဲ့တာ မရှိဘူး။ သိပ္ပံပညာရှင် တစ်ယောက်အနေနဲ့ ပြောရရင် ဒီမှတ်တမ်းအချက်အလက်တွေ မရှိဘဲ ကျွန်မဆိုရင် ဘယ်လိုမှ အမှုသွား အမှုလာကို သုံးသပ်နိုင်မှာ မဟုတ်ဘူး။ ဒီနမူနာတွေကို ဘယ်လို အခြေခံစံနှုန်းတွေနဲ့ စစ်ဆေးထားသလဲဆိုတဲ့ မှတ်တမ်းလည်း ပါမလာဘူး’’ဟု တော်ပင်ကဆိုသည်။

တော်ပင်သည် အစိုးရနှင့် ဆက်နွှယ်မှုမရှိဘဲ သီးခြားရပ်တည်သည့် မှုခင်းသိပ္ပံပညာရှင် တစ်ဦးဖြစ်သော်လည်း ဩစတြေးလျနှင့် ဗြိတိန်ရဲတပ်ဖွဲ့များ၏ အကူအညီ တောင်းခံမှုများအရ DNA နမူနာများကို စစ်ဆေးပေးနေသူ ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့်နှစ် ဇူလိုင်လက လိပ်ကျွန်းလူသတ်မှုကို စစ်ဆေးစုံစမ်းရန် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့သော်လည်း အမှန်တကယ် အမှုစစ်ဆေးချိန်တွင် ၎င်းအနေဖြင့် တစ်စုံတစ်ရာ ပါဝင်ထွက်ဆိုခွင့်မရခဲ့ဘဲ ဩစတြေးလျသို့ ပြန်ခဲ့ရသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် မှုခင်းရေးရာ ပညာရှင် ပွန်သစ်ပ် ရိုဂျန်နာဆူနန်ကလည်း ရဲတပ်ဖွဲ့ အနေဖြင့် အခင်းဖြစ်ရာနေရာကို ကိုင်တွယ်ထိန်းသိမ်းပုံ အလွန်ညံ့ဖျင်းပြီး သက်သေခံပစ္စည်းများ စုဆောင်း ရယူရာတွင်လည်း မှုခင်းပညာရပ်၏ အခြေခံများနှင့် လျော်ညီမှုမရှိကြောင်း သုံးသပ်ခဲ့ဖူးသည်။

တော်ပင်က DNA စစ်ဆေးမှု ရလဒ်နှင့် ပတ်သက်၍ အစိုးရရှေ့နေများက တရားရုံးသို့ တင်သွင်းခဲ့သည့် မှတ်တမ်းကို ဝေဖန်ခဲ့ပြီး အဆိုပါ မှတ်တမ်း၏ အချို့သောနေရာများတွင် လက်ရေးဖြင့် ပြီးစလွယ် ပြင်ဆင်ထားသည်များမှာ မည်သို့မျှမဖြစ်သင့်ကြောင်း ထောက်ပြခဲ့သည်။ အဆိုပါ DNA စစ်ဆေးမှုမှတ်တမ်းစာရွက်ကို သီးခြား အထောက်အပံ့မှတ်တမ်းစာရွက် လေးရွက်နှင့် အတူတွဲ၍ တင်ပြခဲ့ခြင်း ဖြစ်သည်။

‘‘ထိုင်းရဲတပ်ဖွဲ့ရဲ့ မှုခင်းဓာတ်ခွဲခန်းဟာ DNA စစ်ဆေးမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အဆင့်တိုင်းကို တင်သွင်းသင့်ပါတယ်။ ဒါတွေမပါဘဲ သိပ္ပံနည်းကျဆန်းစစ်ဖို့ ဆိုတာက အကန့်အသတ် အရမ်းကြီးသွားပြီ။ မှန်ကန်တိကျတဲ့ အဆင့်မျိုးနဲ့ ဘယ်လိုမှ စစ်ဆေးနိုင်မှာ မဟုတ်ဘူး’’ဟု တော်ပင်က ဆိုသည်။

တော်ပင်က ၎င်း၏ မှတ်ချက်များသည် ထိုင်းတရားရုံးအပေါ် ရှုတ်ချတိုက်ခိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ကြောင်းနှင့် ခုခံလျှောက်လဲသည့် အဖွဲ့သည် အယူခံဝင်ရာတွင် အဆိုပါ DNA သက်သေခံကိစ္စကို အထူးပြုလေ့လာ တင်သွင်းသင့်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာလုပ်သား နှစ်ဦးအတွက် ခုခံလျှောက်လဲသည့် ရှေ့နေအဖွဲ့ကို အကြံပေးနေသည့် ဗြိတိန် ဥပဒေပညာရှင် အန်ဒီဟောလ်က တရားခံရှေ့နေများသည် DNA စစ်ဆေးမှု ဆက်စပ်မှတ်တမ်းများကို အပြည့်အစုံပေးအပ်ရန် အစိုးရ ရှေ့နေများကို တောင်းဆိုခဲ့သော်လည်း မရရှိခဲ့ကြောင်း ဆိုသည်။

‘‘DNA စစ်ဆေးမှု နည်းလမ်းတွေကို ရှင်းပြထားတာတွေ၊ ရဲတွေဘက်က အသေးစိတ်စစ်ဆေးထားတာတွေနဲ့ ပတ်သက်ပြီး တရားခံရှေ့နေတွေ ဘာမှတ်တမ်းမှတ်ရာမှ မရရှိခဲ့ကြောင်း ကျွန်တော် အတည်ပြုနိုင်ပါတယ်’’ဟု ဟောလ်က ပြောကြားခဲ့သည်။

၎င်းက ‘‘DNA နမူနာချင်း နှိုင်းယှဉ်ပြီး ကိုက်ညီမှုဖြစ်နိုင်ခြေကို အဖြေထုတ်ထားတဲ့ မှတ်တမ်းတွေ၊ DNA နည်းပညာနဲ့ ပတ်သက်ပြီး အသေးစိတ်ရှင်းလင်း အဓိပ္ပာယ်ဖွင့်ထားတဲ့ မှတ်တမ်းတွေ ဘာတစ်ခုမှလည်း တရားရုံးကို တင်သွင်းခဲ့တာ မရှိကြောင်းလည်း ကျွန်တော် ပြောနိုင်တယ်’’ဟု ဆိုသည်။ ဟောလ်က DNA နမူနာများကို သုက်ရည်၊ တံတွေးနှင့် အရေပြားတို့မှ ရယူထားသည်ဟု ဆိုသော်လည်း ထိုနမူနာများ ရယူထားပုံကိုဖော်ပြထားမှုမရှိဟု ထောက်ပြခဲ့သည်။

တရားခံရှေ့နေအဖွဲ့သည် DNA နမူနာများနှင့် ပတ်သက် ၍ မည်သည့် အတိုင်းအတာထိ သက်ရောက်မှုရှိလာမည်ကို ခန့်မှန်းရာ၌ စိတ်ရှုပ်ထွေးမှုများရှိခဲ့ကြောင်း၊ ယခုDNA နမူနာများကို ဗြိတိန်အစိုးရက သီးခြားစေလွှတ်သည့် ပညာရှင်အဖွဲ့အစည်းတစ်ခုခုက တာဝန်ယူစစ်ဆေးနိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုင်းတရားစီရင်ရေးနှင့် ရဲတပ်ဖွဲ့၏ လုပ်ဆောင်မှု အားနည်းချက်များအပေါ် ဝေဖန်မှုများ မြင့်တက်လာချိန်တွင် ထိုင်းအာဏာသိမ်း စစ်အစိုးရ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ စီရင်ချက်အပေါ် ဝေဖန်မှုများနှင့် ပတ်သက်၍ သတင်းထောက်များ မေးမြန်းသည့်အခါ ၎င်းက ‘‘ဒီအမှုရဲ့ တရားခံတွေက အယူခံဝင်ခွင့်ရှိနေတယ် မဟုတ်လား။ ဒါက နိုင်ငံတကာ ဥပဒေရေးရာ လုပ်ထုံးလုပ်နည်းတွေအတိုင်းပဲ မဟုတ်လား’’ဟု ပြောကြားခဲ့သည်။

Ref: Sunday Morning Herald

No comments:

Post a Comment