Thursday, January 7, 2016

ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားရန် ကုလသမဂ္ဂစီစဉ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် စစ်ဘက်အရာရှိကြီးများ။
ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုအတွက် မြောက်ကိုရီးယားကို တိုးမြှင့်အရေးယူသွားမည်ဟု ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာခဲ့သည်။
မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် ၎င်းတို့၏ ပထမဆုံး ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ ဖောက်ခွဲ
စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။ အဆိုပါဗုံးသည် မြောက်ကိုရီးယား ယခင်က စမ်းသပ်ဖူးသည့် အက်တမ်ဗုံးများထက် ပိုမိုပြင်းထန်ပြီး နျူကလီးယားဗုံး တီထွင်နိုင်ရန် ခြေတစ်လှမ်းနီးလာသည့် ပြယုဂ်လည်း ဖြစ်သည်။ အမေရိကန် ဘူမိတိုင်းတာရေး အေဂျင်စီက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်ရာနေရာတွင် ရစ်ခ်ျတာစကေး ၅.၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း ကြေညာခဲ့ပြီးနောက် မြောက်ကိုရီးယားက ယင်းသည် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု၏ သက်ရောက်မှုဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ကုလသမဂ္ဂသည် နျူကလီးယားလက်နက်နည်းပညာ စမ်းသပ်မှုများအတွက် မြောက်ကိုရီးယားကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ထားပြီး ဖြစ်သည်။ ယခုကဲ့သို့ ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲစမ်းသပ်မှု ထပ်မံပြုလုပ်လာသည့်အခါ ပိုမိုတင်းကျပ်စွာ အရေးယူဆောင်ရွက်ရန် ချက်ချင်း အစပြု လုပ်ဆောင်နေပြီဟု လုံခြုံရေးကောင်စီက ဆိုသည်။ ထို့အပြင် မြောက်ကိုရီးယား၏ လက်နက်စမ်းသပ်မှုသည် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကဏ္ဍများကို ခြိမ်းခြောက်နေကြောင်းလည်း လုံခြုံရေးကောင်စီက စွပ်စွဲခဲ့သည်။မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်နောက်ပိုင်း စတုတ္ထအကြိမ်မြောက် အဏုမြူလက်နက် စမ်းသပ်ဖောက်ခွဲမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးအနေဖြင့်မူ ပထမဆုံး ဖြစ်လာသည်။

အမေရိကန် ပြည်ထောင်စုကမူ ပေါက်ကွဲမှု အတိုင်းအတာသည် မြောက်ကိုရီးယားက ကြေညာသည့်အတိုင်း ဟိုက်ဒရိုဂျင်ဗုံး တစ်လုံးကြောင့် ဟုတ်မဟုတ် စစ်ဆေးပေးရန် ကျွမ်းကျင်ပညာရှင်များကို အကူအညီ တောင်းခံထားသည်။ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ဂျော့ရှ်အားနက်စ်က “ကနဦးအဆင့် ကောက်နုတ်ချက်တွေ အရတော့ ဟိုက်ဒရိုဂျင် ဗုံးတစ်လုံးကို အောင်အောင်မြင်မြင် ဖောက်ခွဲခဲ့တယ်ဆိုတဲ့ မြောက်ကိုရီးယားရဲ့ အဆိုပြုချက်နဲ့ ကွဲလွဲနေပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဖြစ်ပျက်ခဲ့သမျှ အခြေအနေတွေကြောင့်တော့ မြောက်ကိုရီးယားရဲ့ စစ်ရေးနဲ့ နည်းပညာစွမ်းရည်အပေါ် အမေရိကန် ပြည်ထောင်စုက ယုံကြည်ယူဆထားတဲ့ သတ်မှတ်ချက်တွေကို ပြောင်းလဲစရာ မရှိသေးပါဘူး”ဟု
ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီ၏ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဥရုဂွေးနိုင်ငံမှ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး အယ်လ်ဘီရို ရိုဆယ်လီက “အဖွဲ့ဝင် နိုင်ငံတွေက မြောက်ကိုရီးယားရဲ့ နောက်ထပ် အဏုမြူဗုံး စမ်းသပ်မှုနဲ့ ပတ်သက်ပြီး သိသာထင်ရှားတဲ့ အရေးယူ ချဉ်းကပ်မှုတွေ မြှင့်တင်ဆောင်ရွက်လိုကြတယ်။ မြောက်ကိုရီးယားက ကုလသမဂ္ဂရဲ့ သတ်မှတ်ချက်တွေကို ချိုးဖောက်ခဲ့တဲ့နောက် လုံခြုံရေးကောင်စီအနေနဲ့ အရေးယူမှု အသစ်တွေကို ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ဖို့ လုပ်ဆောင်သွားမှာပါ”ဟု ဆိုသည်။
မြောက်ကိုရီးယားသည် ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်များအတွင်းက အဏုမြူဗုံးစမ်းသပ်မှုများကြောင့် ကုလသမဂ္ဂ၏ အရေးယူပိတ်ဆို့မှုများကို ခံနေရဆဲဖြစ်သည်။
Ref: CNN

No comments:

Post a Comment