Friday, January 22, 2016

မုဒိမ်းမှုများ ကျူးလွန်ခဲ့သည့် အမေရိကန်ရဲအရာရှိကို ထောင်ဒဏ် ၂၆၃ နှစ် ပြစ်ဒဏ်ချမှတ်

အမေရိကန်နိုင်ငံ၊ အိုကလာဟိုးမားပြည်နယ်ရဲတပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးကို မုဒိမ်းမှုနှင့် အခြားသောစွဲချက်များအတွက် ထောင်ဒဏ် ၂၆၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
အသက် ၂၉ နှစ်ရှိ ဒန်နီရယ်လ် ဟော့ဇ်ကလောသည် ကင်းလှည့်တာဝန်များ ထမ်းဆောင်နေချိန်တွင် အာဖရိကန်နွယ်ဖွား အမေရိကန်အမျိုးသမီးများကို ပစ်မှတ်ထားရှာဖွေကာ လိင်အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သူ ဖြစ်သည်။ ပြီးခဲ့သည့်လက ၎င်းအနေဖြင့် စွဲချက် ၃၆ ခုအနက် ၁၈ ခုတွင် အပြစ်ရှိကြောင်း ဟော့ဇ်ကလောက မျက်ရည်လည်ရွဲဝန်ခံခဲ့ပြီးနောက် ဇန်နဝါရီ ၂၁ ရက်တွင် ဂျူရီအဖွဲ့က အဆိုပါပြစ်ဒဏ်ကို ချမှတ်ခဲ့သည်။
ဟော့ဇ်ကလော အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုသည့် စွဲချက်များတွင် မုဒိမ်းမှု ၄ မှုနှင့် ဓမ္မတာနှင့် မလျော်ညီသည့် အဓမ္မလိင်ဖျော်ဖြေစေမှု ၄ မှုတို့ ပါဝင်သည်။ အစိုးရရှေ့နေများက ဟော့ဇ်ကလောသည် အိုကလာဟိုးမားရှိ ဆင်းရဲနွမ်းပါးပြီး ပြစ်မှုမှတ်တမ်းနောက်ခံရှိသည့် အမျိုးသမီးများကို ပစ်မှတ်ထားလေ့ရှိပြီး ယင်းတို့၏အတိတ်များကို အခွင့်အရေးယူအသုံးချ အမြတ်ထုတ်လေ့ရှိကြောင်း ပြောကြားခဲ့သည်။ ဟော့ဇ်ကလောကို ရုံးတင်စစ်ဆေးချိန်တွင် အမျိုးသမီး ၁၃ ဦးက သူမတို့အပေါ် ၎င်းကျူးလွန်ခဲ့သည့် ကိစ္စများကို ဝန်ခံထွက်ဆိုလာကြသည်။

ဟော့ဇ်ကလော၏ ယုတ်မာမှုခံရသူ အမျိုးသမီးအားလုံးသည် အာဖရိကန်ဖွားလူမည်းများ ဖြစ်နေသောကြောင့် ယခုအမှုသည် လူမျိုးရေးရှုထောင့်မှ ဝေဖန်မှုများပါခံလာရသည်။ အထူးသဖြင့် ဂျူရီလူကြီးအားလုံး လူဖြူများကို ရွေးချယ်ထားခြင်းအပေါ်
ထောက်ပြကန့်ကွက်မှုများ ထွက်ပေါ်လာသည်။ သို့သော်လည်း ဂျူရီအဖွဲ့က အဆုံးသတ်ပြစ်ဒဏ်ကို အပြင်းထန်ဆုံးချမှတ်သွားခဲ့သည်။

ဟော့ဇ်ကလော၏ဖခင်မှာ လူဖြူရဲအရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ ဂျပန်သူတစ်ဦးဖြစ်သည်။ ၎င်းက အနည်းဆုံး အဖွားအိုတစ်ဦးနှင့် အသက် ၁၇ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် အနည်းဆုံး အမျိုးသမီး ၈ ဦးအပေါ် အနိုင်အထက် ပြုကျင့်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရှိရသည်။
Ref: Root

No comments:

Post a Comment