Thursday, January 7, 2016

သေနတ်ကိုင်ဆောင်ခွင့် ကန့်သတ်ရေးတွင် အိုဘားမား သဘောထား မှန်ကန်မည်ဟု ထရမ့်ပ်ယုံကြည်

သေနတ်ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အမေရိကန်သမ္မတ ဘာရတ်အိုဘားမားနှင့် သဘောထား ကွဲလွဲနေသည့်တိုင် အိုဘားမား၏ စိတ်ရင်းမှန်ကန်မှုကို အသိအမှတ်ပြုကြောင်း ဒေါ်နယ်လ်ထရမ့်ပ်က ပြောကြားခဲ့သည်။
ယခုနှစ် အမေရိကန်ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးပမ်းနေသည့် မီဒီယာလုပ်ငန်းရှင် သူဌေးကြီးက နိုင်ငံအတွင်း သေနတ်ကိုင်ဆောင်ခွင့်ကို ကန့်သတ်ရန် အိုဘားမား၏ အားထုတ်နေမှုသည် ရိုးရှင်းသည့် သဘောထားရှိလိမ့်မည်ဟု မှတ်ချက်ပေးခဲ့သည်။အမေရိကန်တွင် သေနတ်ဖြင့် ရမ်းကားပစ်ခတ်သည့် မှုခင်းများ မြင့်တက်လာသည့်နောက် အိုဘားမားက သေနတ်ကိုင်ဆောင်ခွင့်၊ ဝယ်ယူခွင့်နှင့် ပတ်သက်၍ ပိုမိုကြပ်မတ်ထားသည့် စည်းမျဉ်းအချို့ကို ထုတ်ပြန်ခဲ့သည်။ သမ္မတ၏ အထူးလုပ်ပိုင်ခွင့်ကို အသုံးချကာ သတ်မှတ်လိုက်သော စည်းမျဉ်းများကို ကြေညာချိန်တွင် အိုဘားမားက ပစ်ခတ်မှု တစ်ခုကြောင့် သေဆုံးသွားသည့် မူလတန်းကျောင်းသူကျောင်းသား ကလေးငယ်များအကြောင်း ပြောကြားရင်း မျက်ရည်ကျခဲ့သည်။

အတိုက်အခံ ရီပတ်ဘလစ်ကန် ပါတီဖက်ကမူ အိုဘားမား၏ ကန့်သတ်ချက်များကို ကန့်ကွက်ပြီး လူတစ်ဦးချင်း၏ လွတ်လပ်မှုကို ထိပါးခြင်းဟု ဝေဖန်နေကြသည်။ ထရမ့်ပ်ကိုယ်တိုင်ကလည်း မိမိသာ သမ္မတဖြစ်လာလျှင် အိုဘားမား၏ အစီအစဉ်များကို ပြန်လည် ပြောင်းလဲသွားမည်ဟု ပြောကြားခဲ့သည်။

“ဘာပဲဖြစ်ဖြစ် အိုဘားမားဟာ စိတ်ရင်းအမှန်နဲ့ အခုလိုလုပ်ခဲ့တာ ဖြစ်ပါလိမ့်မယ်”ဟု ထရမ့်ပ်က ဆိုသည်။ အိုဘားမား မျက်ရည်ကျခဲ့ခြင်းသည် အမှန်တကယ် စိတ်ထိခိုက်၍ ဖြစ်နိုင်ပြီး ဟန်ဆောင်နေခြင်းဟု မိမိမထင်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

“သူတကယ်ပဲ စိတ်နှစ်ခံစားမိလို့ ဖြစ်နိုင်ပါတယ်။ ဒီလိုပြောလို့ ကျွန်တော့်ထောက်ခံမဲ အရေအတွက်က ၅ ရာခိုင်နှုန်းစာလောက် ကျချင်လည်းကျသွားလိမ့်မယ်။ ဒါပေမဲ့ သူတကယ်ပဲ သဘောရိုးနဲ့ ခံစားခဲ့တယ် ထင်ပါတယ်”ဟုလည်း ထရမ့်ပ်က ဆိုသည်။

သို့သော်လည်း အမေရိကန်တွင် ဖြစ်ပွားနေသည့် ပစ်ခတ်မှုများနှင့် ပတ်သက်၍ အိုဘားမား၏ အစီအမံများက အမှန်တကယ် ထိရောက်အောင်မြင်မည်ဟု မိမိမယုံကြည်ကြောင်းကိုမူ ထရမ့်ပ်က ထပ်လောင်း ပြောဆိုသွားခဲ့သည်။

Ref: CNN

No comments:

Post a Comment