Thursday, January 28, 2016

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ မပေါ့ဆရန် WHOကို အမေရိကန် ပညာရှင်များ သတိပေး

ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ အမြန်ဆုံး အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကို အမေရိကန် သိပ္ပံပညာရှင်များက သတိပေးလိုက်သည်။
ပညာရှင်များက ခြင်မှ ကူးစက်သည့် အဆိုပါဗိုင်းရပ်စ်သည် ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါပိုးတစ်ခုအဖြစ် ပျံ့နှံ့ရောက်ရှိနိုင်သည့် အလားအလာ ကြီးကြီးမားမားရှိနေကြောင်း ပြောကြားခဲ့သည်။ ဇီကာရောဂါပိုး ကူးစက်ခံရသည့်အခါ အပျော့စား တုပ်ကွေးဝေဒနာ လက္ခဏာများသာ ပြသလေ့ ရှိသည်။ သို့သော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးများ ရောဂါပိုးကူးစက်ခံရပါက ဦးခေါင်းသေးပြီး ဦးနှောက်ဖွံ့ဖြိုးမှု အားနည်းသည့် ကလေးငယ်များ မွေးဖွားလာတတ်သည်ဟု ကမ္ဘာ့ကျန်းမာရေးသုတေသီများက ယူဆထားသည်။

ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၂၀ မျှထိ ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ရောက်ရှိနေပြီး လူပေါင်းaထာင်နှင့် သောင်းနှင့်ချီ ကူးစက်ခြင်း ခံထားရပြီဟု ယူဆရသည်။ ဘရာဇီးသမ္မတ ဒယ်လ်မာရူးဆက်ဖ်က လက်တင်အမေရိကနိုင်ငံများတွင် အဆိုပါရောဂါပိုးကို စုပေါင်းတိုက်ဖျက်ကြရန် တိုက်တွန်းထားသည်။ ဘရာဇီးသည် ဇီကာဗိုင်းရပ်စ် ကူးစက်မှုအများဆုံး ကြုံရသည့်နိုင်ငံဖြစ်ပြီး ကိုလံဘီယာက ဒုတိယနေရာတွင် ရှိနေသည်။ လက်တင်အမေရိက နိုင်ငံအချို့တွင် အာဏာပိုင်များက ရောဂါပိုးနှင့် ပတ်သက်၍ ပိုမိုမသိရှိလာရမီ အတောအတွင်း အမျိုးသမီးများ ကလေးမယူကြသေးရန် အကြံပြုထားသည်။

လေ့လာသူများက ဇီကာဗိုင်းရပ်စ် ကာကွယ်ဆေးကို တီထွင်ရန် ၂ နှစ်မျှ အချိန်ယူရဦးမည်ဟု ခန့်မှန်းကြသော်လည်း ထို့ထက် အချိန်စော၍ လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်နိုင်ရန် မျှော်လင့်နေကြသည်။ အမေရိကန် သုတေသီ နှစ်ဦးဖြစ်သည့် ဒန်နီရယ်လ် လူစီနှင့် လောရင့်စ် ဂိုစတင်တို့က WHO အနေဖြင့် အီဘိုလာရောဂါ ကူးစက်စဉ်က အစောပိုင်း တုံ့ပြန်မှုများ နှောင့်နှေးခဲ့ခြင်းကြောင့် အခြေအနေများ ပိုမိုဆိုးရွားခဲ့သည်ကို သင်ခန်းစာယူပြီး ဇီကာနှင့် ပတ်သက်၍ မြန်မြန်ဆန်ဆန် တုံ့ပြန်သင့်ပြီဟု အမေရိကန် ဆေးပညာအဖွဲ့ကြီး၏ ဂျာနယ်တွင် ရေးသားထားသည်။

“WHO အနေနဲ့ ဇီကာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အရေးပေါ် ကော်မတီ တစ်ရပ်ကို ချက်ချင်း ဖွဲ့စည်းသင့်နေပါပြီ။ ပြီးတော့ ဒီရောဂါပိုးဟာ နိုင်ငံတကာ အတိုင်းအတာထိ စိုးရိမ်သင့်တဲ့ ပြည်သူ့ကျန်းမာရေး ပြဿနာ တစ်ရပ်ဆိုတာကို ရှင်းရှင်းလင်းလင်း ကြေညာသင့်ပါတယ်။ ဒီကော်မရှင်ဟာ နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ ငွေကြေးနဲ့ သုတေသနကဏ္ဍတွေမှာ အထောက်အပံ့ ပေးမှုတွေကိုပါ ရရှိဖို့ လိုပါတယ်”ဟု ၎င်းတို့က ဆိုသည်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဂျော့ရှ်အားနက်စ်ကလည်း အမေရိကန် အစိုးရ အနေဖြင့် ဇီကာဗိုင်းရပ်စ်နှင့် ပတ်သက်၍ လက်တင်အမေရိက နိုင်ငံများနှင့် ပိုမိုခိုင်မာအားကောင်းစွာ ဆက်သွယ်ပူးပေါင်း လုပ်ဆောင်မှုများ အကောင်အထည် ဖော်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

လတ်တလောတွင် ဇီကာဗိုင်းရပ်စ်ကို ကာကွယ်ရန်၊ ကုသရန် ဆေးဝါးများ မရှိသေးဘဲ တက္ကဆက်စ် တက္ကသိုလ်၏ ဆေးပညာဌာနမှ သုတေသီများက ဘရာဇီးသို့ သွားရောက်ကာ ရောဂါပိုးနှင့် ပတ်သက်သည့် မျိုးဗီဇ နမူနာများကို ရယူကာ ဓာတ်ခွဲစစ်ဆေးမှုများ ပြုလုပ်နေဆဲဟု သိရှိရသည်။

Ref: BBC

No comments:

Post a Comment