Thursday, January 28, 2016

ရက်ပိုင်းအတွင်း မြောက်ကိုရီးယား တာဝေးပစ်ဒုံးကျည် စမ်းသပ်နိုင်ဟု ဂျပန်မီဒီယာ ဖော်ပြ

မြောက်ကိုရီးယားရှိ တွန်ချယ်ရီ ဒုံးကျည်စမ်းသပ်ဧရိယာကို ဝေဟင်မှ တွေ့မြင်ရစဉ်။
ရက်ပိုင်းအတွင်း မြောက်ကိုရီးယားအနေဖြင့် တာဝေးပစ်ဒုံးကျည်တစ်စီး စမ်းသပ်ပစ်လွှတ်လာနိုင်ကြောင်း ဂျပန်အခြေစိုက် ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။
ဂျပန်၏ ကာကွယ်ရေးဌာနမှ အမည်မဖော်သည့် ထိပ်တန်းအရာရှိတစ်ဦး၏ အဆိုကို ကိုးကားပြီး မြောက်ကိုရီးယားသည် သီတင်းတစ်ပတ်မျှအတွင်း တာဝေးပစ်ဒုံးကျည် စမ်းသပ်မှုကို လက်တွေ့အကောင်အထည်ဖော် စီစဉ်လာဖွယ်ရှိနေကြောင်း ကျိုဒိုက ဆိုသည်။

မြောက်ကိုရီးယား အနောက်ဘက်ကမ်းခြေရှိ တွန်ချန်ရီ ဒုံးကျည်စမ်းသပ်ဧရိယာတွင် လှုပ်ရှားမှုများရှိနေသည်ကို ဂြိုဟ်တုမှ ခြေရာခံထောက်လှမ်း တွေ့ရှိခဲ့ပြီးနောက် ဂျပန်အစိုးရက ယခုလိုယူဆလာခြင်း ဖြစ်သည်။ ဇန်နဝါရီ ၆ ရက်က အက်တမ်ဗုံးဖောက်ခွဲမှုနှင့် စပ်လျဉ်း၍ မြောက်ကိုရီးယားအပေါ် အရေးယူပိတ်ဆို့မှုများ မြှင့်တင်ရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဆွေးနွေးနေချိန်တွင် မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မည့် အလားအလာများ ပြသလာခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ၎င်းတို့၏ တာဝေးပစ်ဒုံးကျည်တစ်စင်းကို ၂၀၁၂ ခုနှစ်က နောက်ဆုံးအကြိမ် စမ်းသပ်ခဲ့ပြီး ထိုစဉ်က ဒုံးကျည်သည် ကမ္ဘာပတ်လမ်းထဲသို့ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။ မြောက်ကိုရီးယားအစိုးရက ထိုဒုံးကျည်သည် ဆက်သွယ်ရေး ဂြိုဟ်တုတစ်လုံးကို လွှတ်တင်ခြင်းဟု ကြေညာခဲ့သော်လည်း ကျွမ်းကျင်သူများက တိုက်ချင်းပစ်ဒုံးကျည်နည်းပညာ အဆင့်မြှင့်တီထွင်နေမှု၏ ခြေလှမ်းတစ်ရပ်အဖြစ် သံသယရှိခဲ့သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရအရာရှိ ကင်မ်မင်ဆွတ်ခ်ကမူ ယခုသတင်းများအပေါ် မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ သို့သော်လည်း ယခင်တစ်ကြိမ် ဒုံးကျည်စမ်းသပ်မှုတွင် မြောက်ကိုရီးယားသည်
နိုင်ငံတကာအဆင့် ကြိုတင်သတိပေးမှု၊ လမ်းကြောင်းကြေညာမှုမျိုး လုံးဝမပြုလုပ်ခဲ့ဖူးသည်ကို သတိပြုသင့်ကြောင်းမူ ၎င်းက ထောက်ပြပြောဆိုသွားသည်။

Ref: Reuters

No comments:

Post a Comment