Thursday, February 18, 2016

အမေရိကန် တက္ကသိုလ်တစ်ခု စာသင်ခန်းများထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြု

အမေရိကန်နိုင်ငံ၊ အော်စတင်ရှိ တက္ကဆက်စ် တက္ကသိုလ်တွင် ကျောင်းသူကျောင်းသားများ စာသင်ခန်းထဲ သေနတ်ယူဆောင်လာရန် ခွင့်ပြုပေးလိုက်ကြောင်း သိရှိရသည်။
ပြည်နယ် လွှတ်တော်အမတ်များက တက္ကသိုလ် ပရဝုဏ်များအတွင်း သေနတ်များ ကိုင်ဆောင်ခွင့် ပိတ်ပင်ထားမှုသည် တရားမဝင်ကြောင်း အဆိုတင်သွင်းမှု အောင်မြင်ခဲ့ပြီးနောက် တက္ကသိုလ် အာဏာပိုင်များက ယခုလို ခွင့်ပြုလိုက်ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

“တက္ကသိုလ် ပရဝုဏ်နဲ့ ပစ္စတို သေနတ်တွေ အပ်စပ်မှု လုံးဝ မရှိဘူးလို့ ကျွန်တော် မြင်တယ်။ ဒီတော့ အခုလို ဆုံးဖြတ်လိုက်ရတဲ့ ကိစ္စဟာ ကျွန်တော့် ဥက္ကဋ္ဌ သက်တမ်းမှာ အကြီးဆုံး စိန်ခေါ်မှု တစ်ခုလို့ ဆိုနိုင်တယ်”ဟု တက္ကဆက်စ် တက္ကသိုလ် ဥက္ကဋ္ဌ ဂရီဂိုရီ ဖန်ဗက်စ်က ပြောကြားခဲ့သည်။

၎င်းက ဆက်လက်၍ “တက္ကသိုလ်ရဲ့ ဝန်ထမ်းတွေ၊ ကျောင်းသူကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက အီးမေးလ်တွေ၊ အသနားခံစာတွေ ပေးပို့ပြီး တက္ကသိုလ် ပရဝုဏ်ထဲ သေနတ်ယူလာခွင့်ကို ပိတ်ပင်ပေးဖို့ တောင်းဆိုကြတယ်။ ကျွန်တော် သူတို့ရဲ့ ခံစားချက်ကို စာနာနိုင်ပါတယ်”ဟုလည်း ဆိုသည်။ သို့သော်လည်း တက္ကသိုလ် ပရဝုဏ်များတွင် လက်နက် ယူဆောင်လာခွင့် မရှိဟု ဥပဒေအရ ကန့်သတ်ပြဋ္ဌာန်းထားခြင်း မရှိသောကြောင့် မိမိတွင် တားဆီးပိုင်ခွင့် မရှိဟုလည်း ဖန်ဗက်စ်က ဖွင့်ဟခဲ့သည်။

အမေရိကန်တွင် လက်နက်ကိုင် ရမ်းကားပစ်ခတ်မှုများကြောင့် အရပ်သားများ သေဆုံးမှု မြင့်တက်လာပြီး သေနတ် ကိုင်ဆောင်ခွင့်နှင့် ပတ်သက်၍ အငြင်းပွားမှုများ ပြင်းထန်နေချိန်တွင် တက္ကဆက်စ် တက္ကသိုလ်က ယခုလို သေနတ် ယူဆောင်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တက္ကသိုလ်သည် အမေရိကန်တွင် တက္ကသိုလ်၊ ကောလိပ်များအတွင်း ပစ်ခတ်မှုကြောင့် လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့သည့် ပထမဆုံး နေရာများအနက် တစ်ခုလည်း ဖြစ်သည်။

၁၉၆၆ ခုနှစ်က တက္ကသိုလ်၏ နာရီစင် အနီးတွင် မရိန်းတပ်သားဟောင်း ချားလ်စ် ဝှိုက်မန်းက သေနတ်ဖြင့် ရမ်းကား ပစ်ခတ်ခဲ့ရာ လူပေါင်း ၁၄ ဦး သေဆုံး၍ ၃၀ ကျော် ဒဏ်ရာရရှိခဲ့ဖူးသည်။ သေနတ်ကိုင်ဆောင်ခွင့် တောင်းဆို လှုပ်ရှားသူများက တက္ကသိုလ် ကျောင်းသူ ကျောင်းသားများ အနေဖြင့် ရဲများက ၎င်းတို့၏ လုံခြုံရေးကို အကာအကွယ် မပေးနိုင်ဟု ယူဆရသည့် အခြေအနေတွင် သေနတ်ကိုင်ဆောင်ခွင့် ရသင့်ကြောင်း ထောက်ပြကြသည်။

ဩဂုတ်လ အတွင်းကမူ နိုင်ငံရေးအရ ရှေးရိုးစွဲဆန်ပြီး ကောင်ဘွိုင်ခေတ် အငွေ့အသက်များ ဖုံးလွှမ်းနေသည်ဟု သတ်မှတ်ခံရသည့် တက္ကဆက်စ် ပြည်နယ်တွင် တက္ကသိုလ်များ၌ သေနတ်ကိုင်ဆောင်ခွင့် ပိတ်ပင်ထားမှုကို ပယ်ဖျက်မည့် အဆိုတစ်ရပ် တင်သွင်းမှု အောင်မြင်ခဲ့သည်။ ထို့ကြောင့် အော်စတင်ရှိ တက္ကဆက်စ် တက္ကသိုလ်က ဥပဒေ အပြောင်းအလဲအတိုင်း ယခုလို ကျောင်းသူကျောင်းသားများ သေနတ် ကိုင်ဆောင်ခွင့်ကို အသိအမှတ် ပြုလိုက်ရခြင်း ဖြစ်သည်။

အဆိုပါ တက္ကသိုလ်သည် အမေရိကန်တွင် ကျောင်းသူကျောင်းသား အများဆုံး တက္ကသိုလ်များအနက် တစ်ခုအပါအဝင်ဖြစ်ပြီး ပညာသင်ကြားနေသူ ၅၁၀၀၀ ကျော် ရှိကြောင်းလည်း သိရသည်။

Ref: CNA

No comments:

Post a Comment