Thursday, February 18, 2016

စာအုပ်အစိမ်းရဲ့ ဝိရောဓိအချို့

၂၀၀၈ မေလ ၂၉ ရက်စွဲနဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်မှတ်ရေးထိုး အတည်ပြု ပြဋ္ဌာန်းခဲ့တဲ့ စာအုပ်အစိမ်းလို့ လူအများသိတဲ့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပုဒ်မအချင်းချင်း ရှေ့နောက် မချိတ်ဆက်တာ၊ အဓိပ္ပာယ်ဖွင့်ဆိုရာမှာဝိရောဓိ ဖြစ်နေတာ၊ ပြဋ္ဌာန်းထားတဲ့ ပုဒ်မတချို့ဟာ လက်တွေ့ကျင့်သုံး ဆောင်ရွက်ရာမှာ အံခွင်မကျတာတွေရှိနေတာကြောင့် ဖြည့်စွက်ဖို့ ပယ်ဖျက်ဖို့ ပြင်ဆင်ဖို့(ဒါမှမဟုတ်) အသစ်ပြန်လည်ရေးဆွဲဖို့ မဖြစ်မနေလိုအပ်နေပါတယ်။
လွှတ်တော်တွေနဲ့ သမ္မတသက်တမ်းကုန်ဆုံးချိန်ကွဲလွဲနေမှု

မြန်မာနိုင်ငံမှာ သမ္မတကို လွှတ်တော်တွေကနေ အဆိုပြု ရွေးချယ်ပေးရပါတယ်။ ယေဘု ယျအားဖြင့် လွှတ်တော်တွေနဲ့ သမ္မတသက်တမ်းဟာ ငါးနှစ်ဖြစ် ပါတယ်။ ငါးနှစ်ချင်းတူပေမယ့် အခြေခံဥပဒေထဲမှာတော့ စတင် တာဝန်ယူတဲ့အချိန်နဲ့ တာဝန်ပြီး ဆုံးချိန် မတူညီပါဘူး။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ် တော်တွေဟာ အဲဒီလွှတ်တော် တွေ ပထမအကြိမ် အစည်းအဝေး စတင်တဲ့ရက်ကနေစပြီး ငါးနှစ် ဖြစ်ပါတယ်။ လွှတ်တော်ဟာ ဥပမာ ၂၀၁၁ ဖေဖော်ဝါရီ ၁ ရက် စတင်ကျင်းပရင် ၂၀၁၆ ဇန်နဝါရီ ၃၁ ရက်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ အခြေခံဥပဒေအရ သမ္မတသက်တမ်းကတော့ လွှတ်တော်သက်တမ်းကုန်ဆုံးပေမယ့် မကုန်သေးပါဘူး။ လွှတ်တော်သက် တမ်းကုန်ပြီး နှစ်လလောက်နေမှ (ခန့်မှန်းခြေ မတ်လကုန်)ကုန်ဆုံးတာ ဖြစ်ပါတယ်။

အခြေခံဥပဒေပုဒ်မ ၆၁(ခ) မှာ သမ္မတနဲ့ ဒုတိယသမ္မတတွေ ဟာ ရာထူးသက်တမ်းကုန်ဆုံးတဲ့ အခါ နိုင်ငံတော်သမ္မတအသစ် ရွေးချယ်တင်မြှောက်ပြီးတဲ့ အချိန် အထိ လုပ်ငန်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရမယ်လို့ ပြဋ္ဌာန်းရေးဆွဲထားပါတယ်။ အဲဒီ ပုဒ်မဟာ သက်တမ်းကုန်နေတဲ့ သမ္မတကို လွှတ်တော်အသစ်ပေါ် လာချိန်အထိ အာဏာဆက်ပေး ထားခြင်းဟာ ခြွင်းချက်သဘော မျိုးဖြစ်နေပြီး အစိုးရတစ်ခုနဲ့တစ်ခု၊ လွှတ်တော်တစ်ခုနဲ့တစ်ခု အကြား ကူးပြောင်းရေး အခြေအနေတွေ ကို ရှုပ်ထွေးစေနိုင်ပါတယ်။

တကယ်ဆိုရင် လွှတ်တော် သက်တမ်းကုန်ဆုံးရက်နဲ့ သမ္မတ သက်တမ်း ကုန်ဆုံးရက်ဟာ တိကျစွာ တူညီနေသင့်ပါတယ်။ လွှတ်တော်က ရွေးချယ်ပေးလိုက် တဲ့ သမ္မတဟာ လွှတ်တော်သက် တမ်းကုန်ပေမယ့် သမ္မတသက် တမ်းမကုန်သေးတာဟာ သဘာဝ မကျပါဘူး။ တူညီစွာ မကုန်ဆုံး တဲ့အတွက် နောက်အစိုးရ၊နောက် သမ္မတကို လွှဲပြောင်းပေးရမယ့် တာဝန်လို့ပဲ ဆိုဆို၊ အာဏာလို့ပဲ ဆိုဆို အဖုအထစ်တွေ ရှိလာပါက မလိုလားအပ်တဲ့ သံသယဝင်မှု တွေ ရှိလာနိုင်ပါတယ်။ လက်ရှိ အကူးအပြောင်းကာလက သက် သေပြနေပါတယ်။ ဒါတွေဟာ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အဆီအငေါ် မတည့်မှုကြောင့် ဖြစ်ပါတယ်။

ဒေါက်တာစိုင်းမောက်ခမ်းနဲ့ဦးဉာဏ်ထွန်း လွှတ်တော်မတက် ရတဲ့အကြောင်းရင်း

ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် ပြည် သူ့လွှတ်တော်အစည်းအဝေးတွေ မှာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်အဖြစ် ပြန်လည်ရွေးချယ်ခံခဲ့ရတဲ့ ဒုတိယသမ္မတတွေ ဖြစ်ဆဲဖြစ် နေကြတဲ့ ဒေါက်တာစိုင်းမောက် ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့ မတက် ရောက်ခဲ့ကြပါဘူး။ ပြည်သူ့လွှတ် တော်အစည်းအဝေးကို ဒေါက်တာစိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့ အစည်းအဝေးမတက်ရောက်ကြ တာနဲ့ ပတ်သက်ပြီး မီဒီယာတွေ၊ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ်တွေမှာပါ အမျိုးမျိုး ဝေဖန်မှတ်ချက်ပေးတာတွေ ရှိခဲ့ပါတယ်။

အမှန်တကယ်တော့ ဒုတိယ သမ္မတတွေဖြစ်တဲ့ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်း တို့ လွှတ်တော်မတက်နိုင်တာဟာ အခြေခံဥပဒေကြောင့်ပဲ ဖြစ်ပါ တယ်။

အခြေခံဥပဒေအရ သမ္မတနဲ့ ဒုတိယသမ္မတတွေအဖြစ် ခန့်အပ် ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် တွေဟာ လွှတ်တော်ကိုယ်စား လှယ်တွေအဖြစ်က နုတ်ထွက်ရပါ တယ်။ လွှတ်တော်ကကိုယ်စား လှယ်အဖြစ်ကနေ နုတ်ထွက်ခဲ့ရ တဲ့ ဒုတိယသမ္မတနှစ်ဦးဟာ ၂၀၁၅ ရွေးကောက်ပွဲ ထပ်မံ ကျင်းပတဲ့အခါမှာတော့ ဒုတိယ သမ္မတတွေအဖြစ်ကနေ မနုတ် ထွက်ဘဲ လက်ရှိရာထူးနဲ့ အသာ စီးယူကာ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။အနိုင်ရခဲ့ပါတယ်။ အဖြစ်ကတော့ ဒုတိယသမ္မတ သက်တမ်းက လည်း မကုန်သေး၊ လာမယ့် လွှတ်တော်အတွက်လည်း ပြန်လည် ရွေးချယ်ခံခဲ့ရတော့ ရွာလည်ကုန်တာပဲဖြစ်ပါတယ်။

လွှတ်တော်အစည်းအဝေး သစ် စတင်ကျင်းပနေပေမယ့် လက်ရှိအစိုးရအဖွဲ့ကို မဖျက် သိမ်းနိုင်သေးတော့ အဲဒီ ဒုတိယ သမ္မတနှစ်ဦးဟာ လွှတ်တော်လာ တက်လို့ မရသေးပါဘူး။ ပြဋ္ဌာန်း ထားတဲ့ ပုဒ်မတွေအရ လွှတ်တော် လာတက်ရင် အခြေခံဥပဒေနဲ့ မညီပါဘူး။ အုပ်ချုပ်ရေးမဏ္ဍိုင် မှာရော ဥပဒေပြုရေးမဏ္ဍိုင်မှာ ပါ ယူထားသလို ဖြစ်နေမှာပါ။ ရွေးကောက်ပွဲယှဉ်ပြိုင်တဲ့အခါ သမ္မတ၊ ဒုတိယသမ္မတတွေဟာ ရာထူးက မနုတ်ထွက်ရတာရယ်၊ လွှတ်တော်သက်တမ်း၊ အစိုးရ သက်တမ်း မတူညီမှု စတဲ့ အချိတ် အဆက်တွေ လွဲချော်နေတာရယ် ကြောင့် ဒေါက်တာစိုင်းမောက်ခမ်း နဲ့ ဦးဉာဏ်ထွန်းတို့ လွှတ်တော် မတက်နိုင်တာ ဖြစ်ပါတယ်။ လက်ရှိ သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းမကုန်မချင်း လာမယ့် မတ်လကုန်အထိ ဒေါက်တာ စိုင်းမောက်ခမ်းနဲ့ ဦးဉာဏ်ထွန်းတို့ လွှတ် တော်တက်ခွင့် မရသေးပါဘူး။ လွှတ်တော်တက်ချင်ရင်တော့ ဒုတိယသမ္မတ ရာထူးတွေ ကနေ ဆောလျင်စွာ နုတ်ထွက်ပေးရမှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်တွေရဲ့သက်တမ်းလည်း ဒွိဟဖြစ်

အခြေခံဥပဒေမှာ ဒွိဟဖြစ် စရာ နောက်တစ်ခုကတော့ တိုင်း ဒေသကြီး (သို့မဟုတ်) ပြည်နယ် ဝန်ကြီးချုပ် သက်တမ်းပဲဖြစ်ပါ တယ်။ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် သက်တမ်း ဟာ အခြေခံဥပဒေအရ သမ္မတ သက်တမ်းနဲ့ တူညီပြီး ငါးနှစ်ဖြစ် ပါတယ်။ ဒါပေမဲ့ အခြေခံဥပဒေ ကို လေ့လာကြည့်ရင် မေးခွန်း ထုတ်စရာတွေ ရှိလာပါတယ်။ အခြေခံဥပဒေအရ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်ဝန်ကြီးချုပ် တွေကို သက်ဆိုင်ရာ တိုင်းဒေသ ကြီး (သို့မဟုတ်) ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တွေထဲက ရွေးချယ်ရပါတယ်။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်သက်တမ်း ဟာ ပြည်သူ့လွှတ်တော်သက် တမ်းနဲ့ အတူတူဖြစ်ပါတယ်။ ယခု အခါ ပထမအကြိမ် ပြည်သူ့လွှတ် တော်သက်တမ်းဟာ ကုန်ဆုံးသွားပြီဖြစ်တာကြောင့် တိုင်းဒေသကြီး(သို့မဟုတ်) လွှတ်တော်သက် တမ်းဟာလည်း ကုန်ဆုံးသွားပါပြီ။

တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်က လွှတ် တော်ကိုယ်စားလှယ်ကို အခြေခံပြီး ရွေးချယ်ခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဟာ တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော် သက်တမ်း ကုန်ဆုံးသွားပေမယ့်၊ နောက် သက်တမ်းအသစ်အတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ် တော်အစည်းအဝေးအသစ်တွေ ကျင်းပနေပြီဖြစ်ပေမယ့် လွှတ် တော်အဟောင်းကနေ ရွေးချယ်ခံ ခဲ့ရတဲ့ ပုဂ္ဂိုလ်ဟာ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေသေးတာဟာလည်း ရှေ့နောက်မညီသလို ဖြစ်နေပါတယ်။

အမှန်တကယ်တော့ ဒါတွေ ဟာ အခြေခံဥပဒေရဲ့ အားနည်း ချက်ပါ။ အချိတ်အဆက်မမိမှုပါ။ အခြေခံဥပဒေဟာ မြန်မာနိုင်ငံရှိ ဥပဒေအားလုံး မိခင်ဥပဒေဖြစ်နေ တာကြောင့် ယခုလို ရှေ့နောက် အချိတ်အဆက်မမိတာ၊ အဓိပ္ပာယ်ဖွင့်ဆိုဖို့အတွက် မတိကျတာတွေ ဟာ မဖြစ်သင့်ပါဘူး။ ရွေးကောက်ပွဲလုပ်၊ ရွေးကောက်ပွဲ ရလဒ်ထုတ်ပြန်၊ အစိုးရနဲ့လွှတ်တော် (တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ လွှတ်တော်တွေအပါအဝင်) ဖျက်သိမ်းပြီး လွှတ်တော်သစ်ကျင်းပ ကာ အစိုးရပြန်ဖွဲ့ဖို့ အမြန် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အစိုးရအပြောင်းအလဲကြား နိုင်ငံကို ခေတ္တခဏ ထိန်းကျောင်းပေးမယ့် အဖွဲ့မျိုးဖွဲ့ထားသင့်ပါတယ်။ ဒါတွေရှိလာဖို့ အတွက် အခြေခံဥပဒေကို မဖြစ်မနေပြင်ဖို့လိုပါတယ်။ အခြေခံဥပဒေ မပြင်သေးသမျှ နောင်အစိုးရသစ် သက်တမ်းကုန်ရင်လည်း ဒီပုံစံအတိုင်း ဖြစ်နေဦးမှာပါပဲဖြစ်ပါတယ်။

ဒါ့အပြင် တပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ခန့်ထားရေး၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ သက်တမ်း၊ အခြေခံဥပဒေခုံရုံးသက်တမ်းများ ပြဋ္ဌာန်းထားခြင်း တွေမှာလည်း ဆွေးနွေးစရာများ စွာ ရှိပါသေးတယ်။
၂၀၀၈ ခု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်း ပုံအခြေခံဥပဒေဟာ ပုဒ်မအချင်း ချင်း အပြန်အလှန် ချိတ်ဆက် ရေး၊ အဓိပ္ပာယ်ဖွင့်ဆိုရာမှာ တိ ကျစေရေး၊ ဒီမိုကရေစီစံနှုန်း ပြည့်ဝရေး၊ ဒွိဟမဖြစ်စေရေး အတွက် သေချာပေါက် ပြင်ရမယ့် ဥပဒေ (ဒါမှမဟုတ်) အသစ်ပြန်လည်ရေးဆွဲရမယ့် ဥပဒေဖြစ်ပါတယ်။
မောင်ဥာဏ
7 day

No comments:

Post a Comment