Wednesday, February 3, 2016

ဩစတြေးလျတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိ

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့တွင် နေထိုင်သူ နှစ်ဦး၌ ဇီကာဗိုင်းရပ်စ် ကူးစက်မှု ရှိခဲ့ကြောင်း ဩစတြေးလျ ကျန်းမာရေး အရာရှိများက အတည်ပြု ကြေညာခဲ့သည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီး နှစ်ဦးသည် ကာရေဘီယန်မှ ပြန်လာကြပြီး ပြီးခဲ့သည့် သီတင်းပတ်ကုန် စစ်ဆေးမှု များအရ ဇီကာဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ဇီကာ အဖျားရောဂါ ခံစားခဲ့ရကြောင်း နယူးဆောက်သ်ဝေးလ်စ် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။ ထိုနှစ်ဦးသည် အချင်းချင်း သိကျွမ်းကြကြောင်းလည်း ၎င်းက ဆိုသည်။
အမေရိက ဒသ တလွှားတွင် လျင်မြန်စွာ ကူးစက် ပျံ့နှံ့နေသည့် ဇီကာဗိုင်းရပ်စ်ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ရပ်အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာထားသည်။ ယခုအခါ ဇီကာ ဗိုင်းရပ်စ်ပိုးသည် အရှေ့တောင်အာရှရှိ ထိုင်းနှင့် အင်ဒိုနီးရှား နိုင်ငံများသို့ ရောက်ရှိလာသလို ဩစတြေးလျတွင်ပါ တွေ့ရှိလာရခြင်း ဖြစ်သည်။

အပူပိုင်းဇုန်တွင် ရှင်သန်ပေါက်ဖွားသည့် အေးဒီးစ် ခြင်မျိုးစိတ် မှတစ်ဆင့် ကူးစက်လေ့ ရှိသည့် ဇီကာဗိုင်းရပ်စ်သည် သာမန်လူများအတွက် တုပ်ကွေး အပျော့စား ဖျားနာမှုမျိုးသာ ဖြစ်စေနိုင်သော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီးများ အတွက်မူ သန္ဓေသားကို ထိခိုက်စေနိုင်သဖြင့် အထူးအန္တရာယ်ကြီးသည်။ ပညာရှင်များက ကလေးငယ်များ မွေးရာပါ ဦးခေါင်းသေးငယ်သည့် Microcephaly ခေါ် ချွတ်ယွင်းချက်သည် ဇီကာဗိုင်းရပ်စ်နှင့် တိုက်ရိုက် ဆက်စပ်နေသည်ဟု အခိုင်အမာ ယုံကြည်နေသည်။

လတ်တလောတွင် ဇီကာ ဗိုင်းရပ်စ်ကို ကုသရန်၊ ကာကွယ်ရန် ဆေးဝါး မရှိသေးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ အနေဖြင့် ခြင်ကိုက်မခံရရေး အထူးဂရုပြုရန် WHOက တိုက်တွန်းထားသည်။ ဇီကာဗိုင်းရပ်စ်သည် ၁၉၅၀ ပြည့်နှစ်များတွင် စတင်တွေ့ရှိခဲ့သော်လည်း ယမန်နှစ်က စတင်၍ လက်တင် အမေရိကတွင် အကြီးအကျယ် ခေါင်းထောင် လာခဲ့ပြီး ဘရာဇီးတွင် ယင်းနှင့်ဆက်စပ်၍ ဦးခေါင်းသေးငယ်သော ကလေးမွေးဖွားမှု အများအပြား ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

Ref: CAN

No comments:

Post a Comment