Wednesday, February 3, 2016

မလေးရှားနိုင်ငံသို့ အလုပ်သမားတင်ပို့မှု ထိခိုက်နိုင်

မလေးရှားနိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ်။ (ဓာတ်ပုံ - Fadzil Daud)
မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမားများအား အခွန်နှစ်ဆတိုးကောက်မည်ဟု မလေးရှားအစိုးရက ကြေညာလိုက်ခြင်းကြောင့် လုပ်သားတင်ပို့မှုအပေါ် အနည်းငယ်ထိခိုက်မှုရှိလာနိုင်သည်ဟု
ပြည်ပအလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့က ပြောသည်။

မလေးရှားနိုင်ငံရှိ နိုင်ငံခြားသားအလုပ်သမားခွန်များကို မလေးရှားအစိုးရက ပြောင်းလဲကောက်ခံမည်ဟု သတင်းထွက်ပေါ်ခဲ့သည့်အတိုင်း ဖေဖော်ဝါရီ ၁ ရက်မှ စတင်ပြီး ဝန်ဆောင်မှုလုပ်ငန်းများမပါ အခြားသောလုပ်ငန်းများအားလုံးအတွက် နှစ်ဆပြောင်းလဲကောက်ခံမည်ဖြစ်ကြောင်း မလေးရှားနိုင်ငံသတင်း
ဌာနများတွင် ကြေညာထားခြင်း ဖြစ်သည်။

ထိုသို့အခွန်တိုးမြှင့်ကောက်ယူရာတွင် အိမ်အကူများအတွက် ယခင်အလုပ်သမားအခွန် ၄၁၀ ရင်းဂစ်မှာ မပြောင်းလဲသကဲ့သို့ ဝန်ဆောင်မှုလုပ်သားခွန် (Service Sector Levy) ဖြစ်သည့် ၁,၈၅၀ ရင်းဂစ်ကိုလည်း တိုးကောက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ကြေညာသည်။

ကုန်ထုတ်လုပ်မှုလုပ်သားခွန် (Manufacturing Sector) နှင့် ဆောက်လုပ်ရေးလုပ်သားခွန် (Construction Sector) တို့ကို ၁,၂၅၀ ရင်းဂစ်အစား ၂,၅၀၀ ရင်းဂစ်သို့လည်းကောင်း၊ စိုက်ပျိုးရေးလုပ်သားခွန် (Plantation Sector) နှင့် စိုက်ပျိုးမွေးမြူလုပ်သားခွန် (Agriculture Sector) တို့ကို ၇၅၀ ရင်းဂစ်မှ ယနေ့ ၁၅၀၀ ရင်းဂစ်သို့လည်းကောင်း
ပြောင်းလဲကောက်ခံမည်ဟု ဆိုသည်။

‘‘အဲဒီအခွန်အခကိုက တစ်ဖက်အလုပ်ရှင်က ကြိုပြီးစိုက်ဆောင်ပေးတယ်။ ပြီးရင်အလုပ်သမားဆီက တစ်လချင်းစီနည်းနည်းချင်း ပြန်ဖြတ်တာမျိုးလုပ်တာ များတယ်။ အခွန်တိုးကောက်တော့ အလုပ်သမားတွေဝင်ငွေလည်း အနည်းနဲ့အများ သွားထိခိုက်စေတာကြောင့် လုပ်သားဈေးကွက်အနည်းအကျဉ်း သွားသက်ရောက်နိုင်တယ်’’ ဟု ဟိန်းသစ္စာ ပြည်ပအလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှုလုပ်ငန်းမန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းဦးက ပြောသည်။

မလေးရှားနိုင်ငံသို့ သွားရောက်လုပ်ကိုင်သည့် မြန်မာလုပ်သားလေးသိန်းခန့်ရှိပြီး အများစုမှာ ဆောက်လုပ်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်များတွင် ဝင်ရောက်လုပ်ကိုင်နေကြ၍ တိုးမြှင့်အခွန်ပေးဆောင်ရမည့်အထဲ အကျုံးဝင်နေသည်။

‘‘သတင်းထွက်နေတာတော့ ကြာပြီ။ ဒီကိစ္စနဲ့ ပတ်သက်လို့ မလေးရှားလုပ်ငန်းရှင်တွေဘက်ကလည်း ဝေဖန်မှုတွေရှိနေတယ်လို့ သိရတယ်’’ ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူ ကိုမင်းသူအောင်က ပြောသည်။

ထိုသို့အခွန်ခတိုးမြှင့်သည့်အတွက် အလုပ်သမားများထိခိုက်မှုမရှိစေရန် လုပ်ခလစာတိုးမြှင့်ပေးမှုများရှိလာ
နိုင်သည်ဟု အေဂျင်စီအချို့က ခန့်မှန်းထားသည်။

မလေးရှားနိုင်ငံအနေဖြင့် ဇန်န၀ါရီအတွင်းက မြန်မာနိုင်ငံတွင် ဗီဇာလျှောက်ထားမှုကို One Stop Service စနစ်ဖြင့် ပြောင်းလဲခဲ့ပြီးနောက် System Fees နှင့် Services Fees ထည့်သွင်းကောက်ခံမှုများပြုလုပ်ခဲ့၍ ယင်းနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့် လုပ်သားများကုန်ကျစရိတ်ပိုများစေသည်ဟုဆိုကာ ဝေဖန်ကန့်ကွက်မှုများ ထွက်ပေါ်ခဲ့သည်။
7 day

No comments:

Post a Comment