Thursday, February 18, 2016

လိင်တူစုံမက်သူများကို ပုတ်ခတ်ခဲ့ခြင်းကြောင့် ပက်ကွီအိုနှင့် စပွန်ဆာ စာချုပ်ကို Nike ဖျက်သိမ်း

လိင်တူ စုံမက်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြောဆိုခဲ့သည့် မှတ်ချက်စကားကြောင့် မန်နီပက်ကွီအိုနှင့် စပွန်ဆာစာချုပ်ကို Nike ကုမ္ပဏီက ဖျက်သိမ်းလိုက်ကြောင်း သိရသည်။
ဝိတ်တန်းခြောက်ခု၏ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့သူ ဖိလစ်ပိုင်လက်ဝှေ့သမားက လိင်တူ စုံမက်သူများသည် တိရစ္ဆာန်များထက်ပင် အဆင့်အတန်းနိမ့်သေးကြောင်း ဝေဖန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ဖိလစ်ပိုင်တွင် လွှတ်တော်အမတ်တစ်ဦးလည်း ဖြစ်နေသည့် အသက် ၃၇ နှစ်အရွယ် ကမ္ဘာကျော်အားကစားသမားက နောက်ပိုင်းတွင် အဆိုပါစကားအတွက် ပြန်လည်တောင်းပန်ခဲ့သည်။
သို့သော်လည်း Nike ကမူ ၎င်းတို့၏ လက်တွဲဖော်အားကစားသမားတစ်ဦးအနေဖြင့် ထိုကဲ့သို့ မဆင်မခြင်စကားမျိုး
ပြောဆိုခဲ့ခြင်းသည် လက်သင့်ခံနိုင်စရာမရှိဟု ဆုံးဖြတ်ခဲ့သည်။

“ကျွန်ုပ်တို့အနေနဲ့ ပက်ကွီအိုရဲ့ မှတ်ချက်စကားဟာ လွန်ကဲလွန်းတယ်လို့ ယူဆပါတယ်။ Nike ဟာ လူသားချင်း ဘယ်လိုပုံစံနဲ့မဆို ခွဲခြားနှိမ့်ချဆက်ဆံတာကို ဆန့်ကျင်ပါတယ်။ ပြီးတော့ လိင်တူစုံမက်သူ အသိုက်အဝန်းရဲ့ရပ်တည်မှုကို ထောက်ခံရပ်တည်ခဲ့တဲ့သမိုင်းကြောင်း အခိုင်အခန့်လည်းရှိခဲ့တယ်။ အခုအချိန်ကစပြီး ပက်ကွီအိုနဲ့ Nike နဲ့ကြား ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိတော့မှာမဟုတ်ပါဘူး” ဟု Nike က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ပက်ကွီအိုသည် ရုပ်မြင်သံကြားအင်တာဗျူး အစီအစဉ်တစ်ခုတွင် ယခုကဲ့သို့ မှတ်ချက်ပေးခဲ့ခြင်းဖြစ်ပြီး ထို့နောက်ပိုင်းဝေဖန်မှုများ မြင့်တက်လာချိန်တွင် “သမ္မာကျမ်းစာမှာပါတဲ့အတိုင်း ကျွန်တော်ပြောခဲ့တာပါ” ဟု Instagram တွင် ရေးသားခဲ့သည်။ နောက်ပိုင်းတွင်မူ ၎င်းကလိင်တူချင်း ထိမ်းမြားလက်ထက်မှုကို ဆက်လက်ဆန့်ကျင်သည့်တိုင် လိင်တူစုံမက်သူ လူ့အဖွဲ့အစည်းကိုရှုတ်ချရန် ရည်ရွယ်ချက်မရှိခဲ့ဟု Facebook မှတစ်ဆင့် ဖြေရှင်းခဲ့သည်။

Ref: Guardian

No comments:

Post a Comment