Tuesday, March 15, 2016

မြောက်ကိုရီးယားက နျူကလီးယားနှင့် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်တော့မည်ဟု သတိပေး


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က နျူကလီးယားထိပ်ဖူး ဖောက်ခွဲစမ်းသပ်မှုတစ်ခုနှင့် နျူထိပ်ဖူးများကို သယ်ဆောင်သွားနိုင်သော ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုများကို လုပ်ဆောင်တော့မည်ဟု နိုင်ငံပိုင်မီဒီယာက မတ်၁၅ ရက်တွင် ဖော်ပြခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန် ပြည်မကြီးအထိ ရောက်အောင်ပစ်နိုင်သော တာဝေးပစ် ဒုံးကျည်ကို ဖန်တီးနိုင်ခဲ့ပြီဟု ကြေညာပြီးချိန်မှာပင် ယခုသတိပေးချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ တောင်ကိုရီးယားကမူ မြောက်ကိုရီးယားတွင် ယခုအချိန်အထိ တိုက်ချင်းပစ်ဒုံးကျည် တီထွင်နိုင်ခြင်း မရှိသေးဟု ပြောကြားထားသည်။ ကင်က ထိုစမ်းသပ်မှုများကို မကြာမီကာလအတွင်း လုပ်ဆောင်သွားမည်ဟု ယင်းသတင်းတွင် ဖော်ပြခဲ့သော်လည်း ပြုလုပ်မည့် အချိန်ကို မထုတ်ပြန်ခဲ့ပေ။
မြောက်ကိုရီးယားသည် မတ်လက ပြုလုပ်ခဲ့သော နျူကလီးယားစမ်းသပ်မှုနှင့် ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့သော တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုတို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆယ်စုနှစ် နှစ်ခုအတွင်း အပြင်းထန်ဆုံး ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်နေသည်။ ထို့ကြောင့် မြောက်ကိုရီးယား၏ မည်သည့်စမ်းသပ်မှုမဆို ပိုမိုပြင်းထန်သော ပိတ်ဆို့အရေးယူမှုနှင့် ရင်ဆိုင်ရဖွယ် ရှိသောကြောင့် မဝေးသော ကာလအတွင်း စမ်းသပ်မှု ရှိမလာနိုင်ပေ။
မကြာသေးမီက မြောက်ကိုရီးယား အစိုးရက ပြည်သူများသို့ ပြောကြားသည်ဟု ယူဆရသော လေလုံးများအရ မေလတွင် ကျင်းပမည့် အာဏာရပါတီ ဆွေးနွေးပွဲကြီး မတိုင်မီ အစိုးရ၏ အင်အားပြသမှုကို ပြုလုပ်နိုင်ကြောင်း ညွှန်ပြနေသည်။ ယခင်ကမူ မြောက်ကိုရီးယားသည် နျူကလီးယား စမ်းသပ်မှုများနှင့် ဒုံးကျည်လွှတ်တင်မှုများကို သုံးနှစ်နှင့် လေးနှစ်မှ တစ်ကြိမ် ပြုလုပ်လေ့ရှိသည်။
တောင်ကိုရီးယား လေ့လာသူများ၏ ပြောကြားချက်အရ စမ်းသပ်မှုများ အမှန်တကယ် ပြုလုပ်ဖြစ်ပါက ကင်ဂျုံအွန် ဆိုလိုသည့် ထိုနျူကလီးယားထိပ်ဖူး ဖောက်ခွဲမှုမှာ ပလူတိုနီယံ (သို့) ယူရေနီယံ မပါဝင်သော Trigger device တစ်ခုသာ ဖြစ်လိမ့်မည်ဟု သုံးသပ်ကြသည်။ မြောက်ကိုရီးယားသည် ထိုထိပ်ဖူးကို တိုက်ချင်းပစ် ဒုံးကျည်ဖြင့် မဟုတ်ဘဲ တာတိုပစ်ဒုံးကျည်ဖြင့်သာ ပစ်လွှတ်စမ်းသပ် နိုင်သည်ဟုလည်း ပြောကြားခဲ့ကြသည်။

ယခင်ကတည်းက ဒေါသတကြီး စကားများ ပြောလေ့ရှိသည့် မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ နှစ်ပတ်လည်ပူးတွဲ စစ်ရေးလေ့ကျင့်မှု စတင်ခဲ့ပြီးနောက်ပိုင်း ခြိမ်းခြောက်မှုများကို တိုးမြှင့်ပြုလုပ်လာခဲ့သည်။ မတ် ၉ ရက်ကလည်း မြောက်ကိုရီးယား၏ အဓိက သတင်းစာက နျူကလီးယားကျည်ဖူး ပုံစံတူ တစ်ခု၏ ဓာတ်ပုံများကို ဖော်ပြခဲ့သည်။ွ
Ref : AFP

No comments:

Post a Comment