Tuesday, March 15, 2016

အိုင်အက်စ်၏ နာမည်ကျော် စစ်ဦးစီးမှူးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန် အတည်ပြု

အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့၏ ထင်ရှားသည့် စစ်ဦးစီးတစ်ဦး သေဆုံးသွားပြီဟု အမေရိကန်၏ ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ကြေညာခဲ့သည်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူများက အိုင်အက်စ် တပ်မှူး အဘူအိုမာ အယ်လ် ရှီရှာနီသည် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ရရှိသည့် ဒဏ်ရာများကြောင့် သေဆုံးသွားကြောင်း ပြောကြားခဲ့ကြသည်။ ဂျော်ဂျီယာ နိုင်ငံသား တစ်ဦးဖြစ်ပြီး အမည်ရင်း တာခန် ဘာတီရာရှာဗီလီဖြစ်သည့် ရှီရှာနီသည် မကြာသေးမီက ဆီးရီးယား အရှေ့မြောက်ပိုင်းတွင် အိုင်အက်စ် ယာဉ်တန်းတစ်ခုကို အမေရိကန် လေတပ်က တိုက်ခိုက်ရာ၌ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ စစ်ဆင်ရေးတွင် ရှီရှာနီ၏ ကိုယ်ရံတော်အချို့ သေဆုံးခဲ့သော်လည်း ၎င်းကိုယ်တိုင်ကမူ ထွက်ပြေး လွတ်မြောက်သွားကြောင်း ကောလာဟလအချို့ ထွက်ပေါ်ခဲ့သေးသည်။ သို့သော်လည်း မတ် ၄ ရက်က ရှက်ဒါဒီမြို့အနီး ပြုလုပ်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ရှီရှာနီသည် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ယင်းဒဏ်ရာများဖြင့်ပင် သေဆုံးသွားကြောင်း အမေရိကန် စစ်ဘက်က ကြေညာခဲ့သည်။
ရက်ပိုင်းမျှ ဝေဒနာ ခံစားရပြီးနောက် မတ် ၁၄ ရက် နံနက်ပိုင်းတွင် အိုင်အက်စ်တပ်မှူး သေဆုံးသွားကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့ကလည်း သီးခြား ကြေညာသည်။ ရှီရှာနီသည် အိုင်အက်စ်၏ အစွမ်းထက်သည့် စစ်ဦးစီးမှူး တစ်ဦးအဖြစ် အသိအမှတ်ပြု ခံရပြီး ယမန်နှစ်အတွင်း အမေရိကန်က ၎င်းအတွက် ဒေါ်လာ ၃.၅ သန်း ဆုငွေထုတ်ခဲ့ဖူးသည်။


၎င်းသည် အိုင်အက်စ်၏ စစ်ပွဲရေးရာ ဝန်ကြီးအဖြစ် တာဝန်ယူထားသလို အခြားအရေးပါသည့် စစ်ဘက် ရာထူးများကိုလည်း ပူးတွဲ ရယူထားကြောင်း သိရသည်။ ရှက်ဒါဒီမြို့ ပတ်ဝန်းကျင်တွင် အိုင်အက်စ်တို့ ဆက်တိုက် အရေးနိမ့်ခဲ့သည့်နောက် အင်အားဖြည့်တင်းမှုအဖြစ် ရှီရှာနီကို စေလွှတ်ခဲ့ခြင်းဟု ယူဆရပြီး ထိုအချိန်တွင် အမေရိကန် လေတပ်က လျှပ်တပြက် ကြားဖြတ် တိုက်ခိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရှီရှာနီသည် ဂျော်ဂျီယာ စစ်တပ်တွင် တာဝန်ထမ်းဆောင်ဖူးပြီး ၂၀၀၈ ခုနှစ်၊ ရုရှား-ဂျော်ဂျီယာ စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ဖူးသည်။ ၎င်းသည် နောက်ပိုင်းတွင် ဂျီဟတ်ဝါဒီ စွဲကိုင်သူတစ်ဦး ဖြစ်လာပြီး ဆီးရီးယားသို့ သွားရောက်ကာ အိုင်အက်စ်နှင့် ပူးပေါင်းခဲ့သည်။ ၂၀၁၃ ခုနှစ်၊ မေလတွင်မူ ရှီရှာနီသည် အိုင်အက်စ်၏ ဆီးရီးယားမြောက်ပိုင်း စစ်ဦးစီးမှူး ဖြစ်လာကာ ထိုဒေသတွင် လှုပ်ရှားနေသည့် အိုင်အက်စ်တပ်ဖွဲ့ အားလုံးကို ကွပ်ကဲ အုပ်ချုပ်လာခဲ့သည်။
Ref: The Guardian

No comments:

Post a Comment