Wednesday, March 16, 2016

နျူအန္တရာယ် ငါးနှစ်အလွန် ဖူကူရှီးမား

၂၀၁၁ ခုနှစ်က ဖူကူရှီးမားစီရင်စု တိုမီအိုကာဒေသတွင် မြေငလျင်နှင့် ဆူနာမီ ကြောင့် ပျက်စီးသွားပြီး ဖယ်ရှားကယ်ဆယ်ရေးလုပ်ဆောင်ထားသောဇုန်၌ လူသူ ကင်းမဲ့နေသော အိမ်များနှင့် လမ်းများကို ၂၀၁၆ မတ်လက တွေ့ရစဉ်
ဖူကူရှီးမားဒေသတွင် ဂျပန် နိုင်ငံ၏ အဆိုးရွားဆုံးနျူကလီး ယားဘေးဒုက္ခ ဖြစ်ပေါ်ခဲ့သည်မှာ ငါးနှစ်ကြာမြင့်ခဲ့ပြီဖြစ်သည်။ လမ်းများ ပြန်လည်ဖောက်လုပ်ထားပြီး လျှင်စစ်မီးများ ပြန်လည်သွယ်တန်းထားပြီဖြစ်သည်။ သို့သော် ဖူကူရှီးမားစီရင်စုတွင် နေထိုင်သူ လူများစွာ အတွက်မူ ပုံမှန်ဘ၀ အခြေအနေ ပြန်မရောက်သေးပေ။
ဖူကူရှီးမားမြို့ဒေသ အများအပြားသည် လူနေထိုင်သော အနေအထား ရောက်နေပြီဖြစ်သည်။ သို့သော်နျူကလီးယားစက်ရုံနှင့် နီးကပ်သော မြို့နယ်အများအပြားကိုမူ ၀င်ခွင့်ပိတ်ပင်ထားသည်။ အစိုးရ၏ ဒေတာ အချက်အလက် များအရ ဖူကူရှီးမားစီရင်စု၏ နယ်ပယ် ၇ ရာခိုင်နှုန်းသည် ဓာတ်ရောင်ခြည်သင့်မှု မြင့်မားနေသေး၍ လူနေထိုင်၍ မရသေးပေ။
ပျက်စီးသွားသော အဏုမြူ စက်ရုံမှ ၃၉ မိုင် ကွာဝေးသော ဖူကူရှီးမားမြို့၏ ဓာတ်ရောင်ခြည်သင့်မှုအဆင့်မှာ ရှန်ဟိုင်းမြို့ထက် နည်းပါးပါသည်။ တိုကျိုမြို့လယ် ဓာတ်ရောင်ခြည်သင့်မှု အဆင့်မှာ နယူးယောက်၊ ဆိုးလ်နှင့် ပါရီမြို့ တို့ထက် နည်းပါးသည်။
တံဆိပ်ခေါင်းရောင်း၍ အသက်မွေးဝမ်းကျောင်းပြုပြီး တိုမီ အိုကီဒေသတွင် ကြာရှည်စွာ နေထိုင်ခဲ့သူ ဟာရူဟီဆာအန်ဒိုက ၎င်း၏ နေအိမ်ကို လိုက်ပြသည်။ (နေ့ခင်းပိုင်းသတ်မှတ်ထားသော အချိန်တစ်ခုတွင် ယင်းဒေသသို့ သွားရောက် လည်ပတ်ခွင့်ပြု သည်) မျက်နှာကြက်ပြားများ ကြမ်းပြင်ပေါ်တွင် ပြုတ်ကျလျက် နှင့်ပင် ၎င်း၏ နေအိမ်မှာ မြေ ငလျင်လှုပ်ပြီးခါစ အနေအထားအတိုင်း ကျန်ရှိနေသေးသည်။
‘‘ကျွန်တော့်အိမ်ကို ဒီလိုမြင်တွေ့ရတဲ့အခါ ကျွန်တော်စိတ် အားမငယ်ဘဲ မနေနိုင်ဘူး’’ဟု အန်ဒို (၆၁) နှစ်ကဆိုသည်။
အန်ဒိုသည် ယင်းနေရာမှ တစ်နာရီခန့်ဝေးသော အီဝါကီစီးတီးတွင် ၂၀၁၄ က အိမ်တစ်လုံး ၀ယ်ယူခဲ့ပြီး ယခုအခါယင်းနေရာသို့ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်သည်။ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာတော့ တိုမီအိုကာမှာပဲ နေချင် တယ်’’ဟု ၎င်းက ဆိုသည်။
၂၀၁၇ ဧပြီတွင်မူ တိုမီအိုကာ ဒေသအများစုသို့ ဒေသခံများအား ပြန်လည် နထိုင်ခွင့်ပြုမည်ဖြစ်သည်။ အနီးအနားရှိ နာဟာရာနှင့် ကာဝါအူချီမြို့နယ်များတွင်လည်း ယမန်နှစ်အတွင်း အလားတူ ပြန်လည်နေထိုင်ခွင့်ပြုခဲ့ပါသည်။
လူပေါင်း ၁၄,၀၀၀ နေထိုင် သော မြို့တွင် ၁၄ ရာခိုင်နှုန်းကသာ ပြန်လည်နေထိုင်လိုသည်ဟု ပြောကြားကြောင်း ယမန်နှစ်က ပြုလုပ်ခဲ့သော ဂျပန်ပြန်လည်တည် ဆောက်ရေးအေဂျင်စီ စစ်တမ်းတွင် တွေ့ရှိခဲ့သည်။ ၅၁ ရာခိုင်နှုန်းက နေရပ်ပြန်လာတော့မည် မဟုတ်ဟု ပြောကြားကြသည်။ ၎င်းတို့၏ အဓိက စိုးရိမ်ပူပန်မှုမှာ ဓာတ်ရောင်ခြည်သင့်ခြင်းနှင့် ဒေသတွင်း၌ ကျောင်းများ နည်းပါးမှုဖြစ်သည်။
ဖူကူရှီးမားစီရင်စု တစ်ခုလုံး အနေဖြင့်ဆိုလျှင် ယင်း၏ လူဦးရေ  ၆ ရာခိုင်နှုန်းကို ဆုံးရှုံးသွားပြီဖြစ်သည်။
‘‘ပြန်ဖို့ အစီအစဉ် မရှိပါဘူး’’ ဟု ယာယီ အိမ်ရာတစ်ခုမှာပင် ရှိနေသေးသော ယာဆူနာအိုအန်ဒို (၄၈) နှစ်က ပြောပါသည်။
‘‘ဖူကူရှီးမားစက်ရုံ အမှတ် (၁)မှာ ဘာဖြစ်မလဲ ဆိုတာ မသိတဲ့ နေရာတစ်ခုကို ပြန်ဖို့ ခက်ခဲပါ တယ်’’ဟု ပျက်စီးနေသော ဓာတ် ပေါင်းဖိုများ စက်ရုံကို ရည်ညွန်း၍ ၎င်းက ပြောသည်။
နေအိမ်မှ ရွှေ့ပြောင်းနေရပြီး ဘ၀ကို ပိုပြီးအသားကျနေပြီဟု အန်ဒိုကဆိုပြီး သူ့သမီးကျောင်းမတက်နိုင်သော နေရာသို့ မပြန်ချင်ဟု ပြောသည်။ ယင်းနေရာတွင် ဆေးခန်းနှင့် ဈေးဆိုင်များလည်း မရှိဟု ၎င်းက ဆိုသည်။
ဓာတ်ရောင်ခြည်သင့်ခြင်း နှင့် ကင်ဆာရောဂါဖြစ်ပွားမှု ဆက်စပ်ရခြင်းမှာ ခက်ခဲပါသည်။ သို့ သော်ဖူကူရှီးမားနံပါတ် (၁) စက် ရုံအလုပ်သမားတစ်ဦးတွင် တွေ့ ရှိရသော သွေးကင်ဆာမှာ ၂၀၁၁ မတ်လ အဖြစ်အပျက်၏ ရလဒ်ဖြစ်သည် ဆိုခြင်းကို ဂျပန်အစိုးရက ယမန်နှစ်တွင် အတည်ပြုခဲ့သည်။

ဓာတ်ရောင်ခြည်သင့်ခြင်းကို တိုက်ရိုက် ထိခိုက်မှုအပြင် ဘေးဒုက္ခကြောင့်ဖြစ်သော စိတ်ဒဏ်ရာ နှင့် ထပ်ကာထပ်ကာ နေအိမ်ရွှေ့ပြောင်းရခြင်း စိတ်ဖိစီးမှုမှနေ၍ ကျန်းမာရေး ပြဿနာအများအပြားပေါ်ထွက်ခဲ့သည်။ ၂၀၁၁ က ပြုလုပ်ခဲ့သော ဖူကူရှီးမားဆေးတက္ကသိုလ် စစ်တမ်းတွင် ရွှေ့ပြောင်း ကယ်ဆယ်ခံရသူ ငါးဦးတွင် တစ်ဦးမှာ ဘေးဒုက္ခအလွန် စိတ်ဖိစီးမှု ရောဂါတစ်ခခံစားနေရသည်ကို တွေ့ရှိခဲ့သည်။
‘‘တခြားလူတွေ အများကြီးလိုပဲ ကျွန်မဆေးကုသမှု ခံယူရလုနီးပါး စိတ်ကျရောဂါဖြစ်နေခဲ့တယ်’’ဟု ဖူကူးရှီးမားမြောက်ဘက် အကီတာဒေသသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အကီကိုရှီမီဇု (၅၈) နှစ်ကဘးဒုက္ခဖြစ်ပြီး
ခြောက်လတာ ကာလအကြောင်း ပြန်ပြောင်းပြောပြသည်။ ယခုအခါတွင်မူ ရှီမီဇုတစ်ယောက် တိုမီအိုကာ လူမှုစင်တာတွင် အလုပ်လုပ်နေသည်။ ဒေသခံများအတွက် ခြင်းရက်နည်းကဲ့သို့ သင်တန်းများကို ကမကထ လုပ်ဦးဆောင်သည်။ ‘‘အလုပ်လုပ်နေခဲ့တာ အထောက်အကူ ဖြစ်တယ်လို့ ခံစားရတယ်’’ ဟု ၎င်းက ပြောသည်။
ဖူကူရှီးမား အခြေစိုက် ရှေ့နေတစ်ဦးဖြစ်သော ကာအိုရီဆူဂါနာမီက ဖူကူရှီးမား တက္ကသိုလ် လေ့လာမှုတွင် တွေ့ရှိရသော အချက်တစ်ချက်ကို ထုတ်ပြောသည်။ ကလေးသူငယ်များကို နေအိမ် ပြင်ပတွင် ဆော့ကစားခွင့်ပေးရန် မိဘများက တွန့်ဆုတ်နေခြင်းဖြစ်သည်။ ယင်းမှာ ကလေးငယ်များ၏ ဖွံ့ဖြိုးတိုးတက်မှု အတွက် စိုးရိမ်စရာ နောက်ဆက်တွဲဖြစ်ရပ်များ ရှိလာနိုင်သည်ဟု ဆူဂါနာမီက ဆိုသည်။
ဘေးဒုက္ခဇုန်တွင် ပြန်လည် တည်ဆောက်ရေးများ လုပ်ဆောင်ခြင်းကြောင့် ဆောက်လုပ်ရေးလုပ်ငန်း အများအပြား ရှိနေသည်။ ဓာတ်ရောင်ခြည်သင့်မှု ဖယ်ရှားရှင်းလင်းရေး လုပ်ငန်းများနှင့် တည်ဆောက်ရေးများနှင့် ဆက် စပ်သော အလုပ်နေရာ အများအပြားပေါ်ထွက်ခဲ့၍ ဖူကူရှီးမားစီရင်စုသည် အလုပ်လျှောက်ထားသူများအတွက် အခွင့်အလမ်း အများအပြား ရှိလာသည်။
ဒေသခံများကလည်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ရန် ကြိုးပမ်းနေကြသည်။ ယိုရှီယူကီအင်ဒိုမှာ တိုမီအိုကာမှ ဟိုတယ်မန်နေဂျာဟောင်း တစ်ဦးဖြစ်သည်။
သူက ဓာတ်ရောင်ခြည်သင့်မှုများ ဖယ်ရှားရှင်းလင်းရေးနှင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် လာရောက် လုပ်ကိုင်သော အလုပ်သမားများကို ပစ်မှတ်ထား၍ နေ့လယ်စာ ထမင်းချိုင့်ပို့သော လုပ်ငန်းစတင်ခဲ့သည်။ ၎င်း၏ ကုမ္ပဏီနာမည်ကို သူယခင်အလုပ်လုပ်ခဲ့သော ဟိုတယ်နာမည် မှည့်ထားသည်။
‘‘ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့တယ်’’ဟု အင်ဒို (၄၃)နှစ်က ဆိုသည်။
ဖူကူရှီးမားဘေးဒုက္ခအပြီး ခြောက်လအကြာတွင် တစ်နေ့ လျှင် ထမင်းဘူး ၃၆ ဘူးနှင့် စတင်ခဲ့သော လုပ်ငန်းသည် ယခုဆိုလျှင် နေ့စဉ် ထမင်းဘူးပေါင်း ၁,၃၀၀ နှင့် ၁,၅၀၀ ကြား ပို့ပေးနေရသည်။ အလုပ်သမားဦးရေမှာလည်း ၃၈ ဦးသို့ တိုးလာခဲ့ပြီဖြစ်သည်။
တိုမီအိုကာဒေသတွင် လမ်းစပွင့်လာသော အရာတစ်ခုလည်း ရှိသည်။ Sharp ကော်ပိုရေးရှင်း က ယင်းဒေသတွင် နှစ် (၂၀) ကန်ထရိုက်စာချုပ်ဖြင့် မြေငှားခြင်းဖြစ်သည်။ ဆိုလာစွမ်းအင်စက်ရုံ တစ်ခု ယမန်နှစ်အတွင်း စတင် လည်ပတ်ခဲ့သည်။ ယင်းလုပ်ငန်းမှနေ၍ တိုမီအိုကာမြို့နယ် အတွက် နှစ်ပေါင်း ၂၀ တွင် ၀င်ငွေယန်းငွေ ၁၁၂ သန်းရရှိစေမည်ဟု Sharp ကိုယ်စားလှယ် ယိုအိချိအာအိုကီက ဆိုသည်။

ဖူကူရှီးမားစီရင်စုကို ‘‘တီထွင်ဆန်းသစ်မှု ကမ်းရိုးတန်း’’ အဖြစ် ပြန်လည် တံဆိပ်ကပ်ရန် ဂျပန်အစိုးရက ကန်ဒေါ်လာ တစ်ဘီလီယံ သုံးစွဲနေပါသည်။ ယင်းမှာ အဆိုပါဧရိယာကို ရှင်းလင်း ဖယ်ရှားရာတွင် အသုံးပြုသော ရိုဘော့စက်ရုပ် နည်းပညာကို ကောင်းကောင်း အသုံးချရန် ရည်ရွယ်ခြင်းဖြစ်သည်။
သို့သော် ယင်းဒေသမှ ရွှေ့ပြောင်းကယ်ဆယ်ခံရသူ အများအပြားကမူ စက်မှုလုပ်ငန်းများ ပြန်လာမည့်မျှော်လင့်ချက်များ မရှိဟု ထင်မြင်ကြသည်။
‘‘အခုဆိုရင် ကျွန်တော်အသက် (၄၈) နှစ်ရှိပြီ။ ဒါဟာ အလုပ်တစ်ခုရဖို့ ခက်ခဲတဲ့ အရွယ်ပါ’’ဟု ယာဆူနာအိုအန်ဒိုက ပြောပါသည်။ ယာဆူနာအိုမှာ ယခုအချိန်အထိ ယာယီအိမ်ရာစခန်းတွင် နေထိုင်ဆဲဖြစ်သည်။
Ref:Bloomberg

No comments:

Post a Comment