Wednesday, March 16, 2016

ပါရီအကြမ်းဖက်မှုနှင့် ဆက်နွှယ်သူ တစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ စနိုက်ပါများ သုတ်သင်

ပါရီအကြမ်းဖက်မှုကြီးနှင့် ဆက်နွှယ်မှုရှိနိုင်သူတစ်ဦးကို ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့ လက်ဖြောင့်စနိုက်ပါတပ်ဖွဲ့က သုတ်သင်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ ရက်က ပါရီရှိ လူစည်ကားရာ ဇာတ်ရုံတစ်ခုအပါအဝင် နေရာအချို့ကို အကြမ်းဖက်သမားများက စီးနင်းတိုက်ခိုက်ရာ လူ ၁၃၀ သေဆုံးပြီး သေနတ်သမား ၇ ဦးကို ရဲများက သုတ်သင်ခဲ့သည်။ ယင်းအကြမ်းဖက်မှုကို စီစဉ်ညွှန်ကြားသူ အချို့သည် ပြင်သစ်၏အိမ်နီးချင်း ဘယ်လ်ဂျီယံသို့ ထွက်ပြေးကာ ခိုအောင်းပုန်းရှောင်နေသည်ဟု ယူဆရသည်။
မတ် ၁၅ ရက်ကမူ ပါရီအကြမ်းဖက်မှုနှင့် ဆက်နွှယ်သူများကို ဘယ်လ်ဂျီယံရဲတပ်ဖွဲ့က စီးနင်းရှာဖွေခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့သလို လူတစ်ဦးကို ရဲတပ်ဖွဲ့၏ စနိုက်ပါများက အသေပစ်ခတ်နှိမ်နင်းခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးမျှ ဒဏ်ရာများရခဲ့ကြောင်းလည်း သိရသည်။

“မတ် ၁၅ ရက် နံနက်အစောပိုင်းက ဘရပ်ဆဲလ်မှာ ပြုလုပ်တဲ့စစ်ဆင်ရေးမှာ အကြမ်းဖက် သံသယတရားခံ နောက်ထပ်နှစ်ယောက်လောက် ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ယူဆရပါတယ်။ ဒီအတွက်လည်း စိုးရိမ်နေပါတယ်” ဟု ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
ဘယ်လ်ဂျီယံဝန်ကြီးချုပ် ချားလ်မစ်ချဲလ်က ဘရပ်ဆဲလ် ပတ်ဝန်းကျင်ဒေသများတွင် အကြမ်းဖက်သမားများကို စီးနင်းရှာဖွေသည့် စစ်ဆင်ရေးများ ဆက်လက်လုပ်ဆောင်နေဦးမည်ဟုလည်း ပြောကြားခဲ့သည်။
ဘရပ်ဆဲလ်တောင်ပိုင်းရှိ တောစပ်နားတွင် ရဲတပ်ဖွဲ့က စီးနင်းခဲ့ရာ၌ သေနတ်သံ အချက် ၃၀ မျှ ကြားခဲ့ရကြောင်း မျက်မြင်တစ်ဦးက ဆိုသည်။ “လူတစ်ယောက်က ရဲတွေဘက်ကို ရိုင်ဖယ်နဲ့ ပြန်ပစ်နေတာ တွေ့တယ်။ ကျွန်တော်က ကိုယ်တိုင်သတိမထားမိဘဲ အကြမ်းဖက်မှု ဆန့်ကျင်ရေး စီးနင်းတဲ့ဇုန်ထဲ ရောက်နေခဲ့တာပါ” ဟု အမည်မဖော်ပြသည့် အဆိုပါအမျိုးသားက မှတ်ချက်ပေးခဲ့သည်။

ပစ်ခတ်မှုများ စတင်သည်နှင့် ပြင်သစ်ရဲမေတစ်ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦး ဒဏ်ရာများရသွားပြီး ထို့နောက်ပိုင်းတွင် နောက်တစ်ဦး ထပ်မံထိမှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတို့အနက် ၂ ဦးသည် ဆေးရုံတက်ကုသရန် လိုအပ်ခဲ့သော်လည်း မကြာမီတွင်ပင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း ဘယ်လ်ဂျီယံ ဒုတိယဝန်ကြီးချုပ် ယန်ဂျမ်ဘွန်းက အတည်ပြုခဲ့သည်။
အပြန်အလှန် ပစ်ခတ်မှုများအပြီးတွင် ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ ဖောက်ခွဲရေးပစ္စည်းများနှင့် လက်နက်များကို တွေ့ရှိခဲ့သည်။ သံသယတရားခံသည် Kalashnikov ရိုင်ဖယ်တစ်လက်ဖြင့် တုံ့ပြန်ပစ်ခတ်နေခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ စနိုက်ပါများ၏လက်ချက်ကြောင့် သေဆုံးသွားခြင်းဟု ဘယ်လ်ဂျီယံ အစိုးရရှေ့နေများက ဆိုသည်။
သေဆုံးသူကို တိတိကျကျ မသိသေးသော်လည်း ပါရီတိုက်ခိုက်မှု၏ အဓိကစီစဉ်ညွှန်ကြားသူ လက်သည် ဆာလား အက်ဘ်ဒီဆာလမ် မဟုတ်နိုင်ဟု ကောက်ချက်ချထားသည်။ ပါရီတိုက်ခိုက်မှုသည် ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွ အဖွဲ့က အတည်ပြုခဲ့ပြီး အိုင်အက်စ်လက်ပါးစေ အက်ဘ်ဒီဆာလမ်က ဦးဆောင်ကာ အကွက်ချစီစဉ်ခဲ့ခြင်းဟု ပြင်သစ်ထောက်လှမ်းရေးက ကြေညာထားသည်။
Ref: CNN

No comments:

Post a Comment