Monday, July 30, 2012

. . . . . . ပြောပြချင်ပါတယ် (၃)


PDF Print
Written by သန်းထွဋ်အောင်   
Saturday, 16 June 2012 22:36

(၁)

ဒီနှစ် Eleven Media Group ရဲ့ ၁၂ နှစ်ပြည့်ကိုတော့ Staff  Party သဘောမျိုးပဲ လုပ်ဖြစ်ပါတယ်။ မနှစ်က ကျွန်တော်ပြောခဲ့တဲ့ စကားတချို့ကိုကောက်ပြီး Staff တွေကို စကားပြောဖြစ်ပါတယ်။ တရုတ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရဲ့ တံခါး တွေကို ဖွင့်လိုက်ပါ။ လေကောင်း လေသန့်နဲ့အတူ ခြင် ယင် ပိုးမွှားတွေ ၀င်လာနိုင်ပါတယ်။ အစိုးရအနေနဲ့ ရဲရဲတင်းတင်းသာ တံခါးဖွင့်ခဲ့မယ်ဆိုရင် ကျွန်တော်တို့ မီဒီယာတွေ၊ ပြည်သူတွေအနေနဲ့ ဒီပိုးမွှားတွေရဲ့ အန္တရာယ်ကို အစိုးရနဲ့အတူ ၀ိုင်းဝန်း ဖြေရှင်း ကာကွယ်သွားမယ်လို့ ပြောခဲ့ပါတယ်။

အခု ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပြဿနာဟာ ဒီမိုကရေစီတံခါးတွေ ဖွင့်လိုက်တဲ့အခါ ၀င်လာတတ်တဲ့ ဘာသာရေး၊ လူမျိုးရေး၊ လူအုပ်စု၊ အယူဝါဒ ပဋိပက္ခပြဿနာထဲက ပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ဖွင့်ထားပြီးသား တံခါးတွေအတွက် သံသယမရှိပါနဲ့၊ ပြည်သူတွေဟာ လေကောင်းလေသန့်တွေ ရှူရှိုက်ရခြင်းနဲ့အတူ တဖြည်းဖြည်း ရင့်ကျက်လာပြီး တိုင်းပြည်ဟာ ပိုတည်ငြိမ် တိုးတက်လာပါလိမ့်မယ်။
(၂)

လက်ရှိ အပြောင်းအလဲကို လက်မခံလိုသူ၊ ခေတ်နောက်ပြန်ဆွဲလိုသူဆိုတာ ခေတ်တိုင်း ခေတ်တိုင်း၊ စနစ်တိုင်း၊ စနစ်တိုင်းမှာ ရှိကြတာပဲ ဖြစ်သလို ဘယ်ဘက်မှာမဆို ရှိကြတာပဲ ဖြစ်ပါတယ်။ ဘက်တစ်ဖက်တည်းမှာ ရှိကြတာ မဟုတ်ဘဲ နှစ်ဖက်၊ သုံးဖက်၊ ဘက်ပေါင်းစုံမှာ ရှိကြပါတယ်။ အခွင့်အရေးတွေ မတန်မဆ ရခဲ့ပြီး ဒီအခွင့်အရေးတွေ လက်လွတ်မှာစိုးလို့ပဲဖြစ်ဖြစ် ဒီအခွင့်အရေးတွေ မတရားသဖြင့် ထပ်လိုချင်လို့ပဲဖြစ်ဖြစ်  ဒီလူတွေဟာ တိုင်းပြည် မငြိမ်ဘူး၊ အာဏာသိမ်းလိုက်နိုင်တယ်။ အပြောင်းအလဲတွေ မြန်လွန်းလို့ ဒီလိုဖြစ်တာ၊ အစိုးရက ပျော့လွန်းတယ် စသဖြင့် တိုင်းပြည်နဲ့ လူမျိုးမျက်နှာ မထောက်မထား ပြောဆိုဝေဖန်ပြီး ပြဿနာကို မီးထိုးလှုံ့ဆော်မှုတွေ လုပ်ခဲ့ကြတယ်။ ဒီလိုပါပဲ တစ်ဖက်မှာလည်း ကိုယ်ခံခဲ့ရတဲ့ နာကျည်း မုန်းတီးမှုတွေ၊ ကိုယ့်နောက်ကွယ်က တစ်ချိန်လုံး ထောက်ပံ့ခဲ့တဲ့ အထောက်အပံ့ပေးသူတွေရဲ့ မျက်နှာကိုပဲ ကြည့်မှုတွေ၊ လက်ရှိအပြောင်းအလဲမှာ ပါဝင်ခွင့်မရနိုင်လို့ ပတ်မကြီး ထိုးဖောက်ချင်တဲ့စိတ်တွေ၊ သွေးထိုး လှုံ့ဆော်မှုတွေ၊ အစိုးရကို မုန်းတီး အပြစ်တင်ရရင်ပြီးရောဆိုတဲ့ စိတ်တွေနဲ့ ကိုယ့်နိုင်ငံ၊ လူမျိုး၊ တိုင်းရင်းသား လူနည်းစုတွေရဲ့ မျက်နှာကိုမထောက်ဘဲ လုပ်ကိုင်ခဲ့မှုတွေဟာ တစ်ဖက်က ပြည်ပက ဘာသာရေး အစွန်း၊ လူမျိုးရေး အစွန်းရောက်တွေနဲ့ ပေါင်းမိပြီး လှုံ့ဆော်ရာက ဒီပြဿနာဖြစ်ပွားစေခဲ့တယ်လို့ ကျွန်တော်ယူဆပါတယ်။
နှစ်ပေါင်းထောင်နဲ့ချီပြီး သမိုင်းကြောင်းရှိခဲ့တဲ့ ရခိုင်တိုင်းရင်းသားတွေနဲ့ ၁၈၂၄ ရခိုင်ပြည်ကို ဗြိတိသျှတို့ သိမ်းပိုက်အပြီး စတင်ဝင်ရောက်လာတဲ့ ဘင်ဂါလီလူမျိုးတွေနဲ့ သမိုင်းထိပ်တိုက်တိုးမှုမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းကို နိုင်ငံတကာမီဒီယာတွေ မသိအောင် ၀ါဒဖြန့် ချိရေးစစ်ပွဲတွေ ဆယ်စုနှစ်နှစ်စုစာ ဆင်နွှဲခဲ့တာကြောင့် ဒီပြဿနာ စခဲ့တာပါ။
(၃)

BBC က ရခိုင်ပြည်နယ်ကို ရိုဟင်ဂျာတွေရဲ့ ပြည်နယ်အဖြစ် ဖော်ပြခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ Eleven Media Group အနေနဲ့ ဒီကိစ္စဟာ ပြဿနာဖြစ်နိုင်တယ်ဆိုပြီး သတိထား ဖော်ပြခဲ့ကြရပါတယ်။ ကျောက်နီမော်က မုဒိမ်းကျင့် လူသတ်မှုကို ဘာသာရေး၊ လူမျိုးရေးအဖြစ် ဖန်တီးမယ့် သတင်းတွေ၊ လှုံ့ဆော်မှုတွေ အင်တာနက်ပေါ်မှာ ပျံ့နှံ့ပြီး Eleven Media Group ကို ဖော်ပြဖို့ နည်းအမျိုးမျိုးနဲ့ ဖိအားပေးခဲ့သလို ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့ လူမျိုးရေး၊ ဘာသာရေးနဲ့ ပတ်သက်ရင် ရပ်တည်ချက်ကို မြစ်ဆုံကိစ္စမှာ ပြောပြီးသားပါ။ ပြည်ထောင်စုအတွင်းမှာ နေထိုင်တဲ့ နိုင်ငံသားရရှိထားတဲ့ မည်သည့် ဘာသာ၊ မည်သည့် လူမျိုးမဆို ပြည်ထောင်စုအတွင်းမှာ နေထိုင်ကြတဲ့ ပြည်ထောင်စုအပေါ်မှာ ကျေးဇူး သစ္စာ စောင့်သိ ရိုသေတဲ့သူတွေဟာ ကျွန်တော်တို့ရဲ့ လူမျိုးတွေပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ ပြဿနာတစ်ခုခုဖြစ်လာရင် မွတ်စလင်နဲ့ ဗုဒ္ဓဘာသာရန်တိုက်ပေးတဲ့ အစဉ်အလာဆိုးဟာ အခု ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့အချိန်မှာ မဖြစ်သင့်တော့ပါဘူး။ ကျွန်တော်တို့ဟာ ကိုယ်ယုံကြည်တဲ့ ဘာသာကို လွတ်လပ်စွာ ကိုးကွယ်ခွင့် ရှိရမှာဖြစ်သလို ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုး အခြေမြှင့် တိုးတက်အောင် အခြားဘာသာ လူမျိုးအပေါ် မုန်းတီးမှုမရှိဘဲ လုပ်ဆောင်နိုင်ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းပွားမှုတွေကို မလိုလားပါဘူး။
တောင်ကုတ်မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦး အသတ်ခံရတဲ့အမှုမှာ ဘယ်သူတွေ လှုံ့ဆော်ခဲ့သလဲ။ ဘယ်အဖွဲ့အစည်းတွေ နောက်က ပါသလဲဆိုတာ ကာယကံရှင်တွေထက်တော့ ပိုမသိနိုင်ပါဘူး။ အဲဒီနောက် အစိုးရ မီဒီယာတွေမှာ 'မွတ်ဆလင်ကုလား'လို့ ကျင့်ဝတ်နဲ့မညီ သုံးစွဲခဲ့တဲ့ အမှားကို ကျူးလွန်ခဲ့တာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီသတင်းတွေ ကို သာမန်ထက်မပိုဘဲ ဖော်ပြခဲ့ပါတယ်။

၈-၆-၂၀၁၂ မွန်းလွဲ ၁၂ နာရီမှာ မောင်တောမှာ ဘင်ဂါလီ ရာပေါင်းများစွာက ဗလီပြီးချိန်မှာ ဆူပူ အကြမ်းဖက်မှု စဖြစ်ပြီလို့ သတင်းရခဲ့ပေမယ့် ပြဿနာ မကြီးထွားပါက သတင်းမတင်ဖို့ အယ်ဒီတာအဖွဲ့က ဆုံးဖြတ်ခဲ့ပါတယ်။
ဒါပေမဲ့ အခြေအနေတွေက ဆိုးရွားလာပြီး ထိန်းမရသိမ်းမရ ဖြစ်လာပါတယ်။ လူဦးရေ ၄၀၀၀၀၀ ရှိတဲ့ ဘင်ဂါလီတွေဟာ လူ ၂၀၀၀၀ ပဲရှိတဲ့ ရခိုင်တွေနဲ့ ကျန်ဗမာ ၂၀၀၀၀ ခန့်အပေါ် လူမျိုးတုန်း သတ်ဖြတ်နိုင်တဲ့ အန္တရာယ်ရှိတာမို့ ဒီသတင်းကို အယ်ဒီတာအဖွဲ့က Eleven Media Group Website မှာ အရေးပေါ်သတင်းအဖြစ် စဉ်ဆက်မပြတ် ဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ media awareness ကို ပြည်သူတွေ သာမက အစိုးရပါသိရှိပြီး အဲဒီညဦးပိုင်းမှာပဲ ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ထုတ်ပြန်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေ မျိုးတုန်း သတ်ခံရမယ့်ဘေးက လွတ်ကင်းခဲ့ပါတယ်။


မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးပေါက် လုံခြုံရေးကို အမျိုးသား လုံခြုံရေးအဆင့် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အစိုးရ၊ ရခိုင်တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ၊ လူအများ ယုံကြည်ကိုးစားတဲ့သူတွေ ပါဝင်တဲ့ စုံစမ်းရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ လှုံ့ဆော်မှုတွေ၊ သေဆုံး ပျောက်ဆုံးသူ စာရင်း အတိအကျ ထပ်မံထုတ်ပြန်ရမှာဖြစ်သလို လှုံ့ဆော်သူတွေ၊ မီးရှို့ လူသတ်သူတွေကို အတိအကျ ဖော်ထုတ် အပြစ်ပေးနိုင်မှသာ ဒေသခံ တိုင်းရင်းသားတွေ စိတ်ချလက်ချ နေထိုင်မှာ ဖြစ်ပါတယ် . . .


ဇွန် ၉ ရက်နေ့မှာ မောင်တော၊ ဘူးသီးတောင် အခြေအနေတွေ ငြိမ်သက်လာပါတယ်။ ဒါပေမဲ့ ပဋိပက္ခဖြစ်နိုင်တဲ့ အခြေအနေတွေ ရှိနေတဲ့အတွက် Eleven Media Group ရဲ့ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး စစ်တွေကို သတင်းထောက်အဖွဲ့ ထပ်မံ စေလွှတ်ခဲ့ပါတယ်။ ဒီအချိန်ကစပြီး နိုင်ငံတကာ သတင်းဌာနတွေကို စောင့်ကြည့် လေ့လာခဲ့တဲ့အခါ စိတ်ပျက်စရာ ကောင်းပါတယ်။ အစိုးရက ရိုဟင်ဂျာ ဆန္ဒပြသူတွေကို ပစ်သတ်နေတယ်၊ ရခိုင်တွေက ရိုဟင်ဂျာအိမ်တွေ မီးရှို့၊ လူမျိုးတုန်း သတ်ဖြတ်နေတယ်လို့ သတင်းတွေ ရေးသလို မွတ်ဆလင်နဲ့ ဗုဒ္ဓဘာသာအကြား ပဋိပက္ခမှာ ဗုဒ္ဓဘာသာ ၉၀ ရာခိုင်နှုန်းရှိတဲ့ ကျွန်တော်တို့နိုင်ငံက မွတ်ဆလင်လူနည်းစုအပေါ် အနိုင်ကျင့် သတ်ဖြတ်နေတယ်လို့ Media War ဆင်နွှဲကြတော့တာပါပဲ။
(၄)

ကျွန်တော်တို့ ပြည်တွင်း မီဒီယာတွေဟာ သတင်းမှန်ရဖို့ အခက်အခဲတွေ ကျော်ဖြတ်နေရတုန်း ပြည်ပက မီဒီယာများနဲ့ ဆန့်ကျင်ပြီး သတင်းအမှန် ဖော်ပြနေရတုန်းမှာပဲ ကိုယ့်ပြည်တွင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သတိပေး ခြိမ်းခြောက်မှုတွေ ခံခဲ့ရပါတယ်။ တကယ်တော့ အရေးပေါ်အခြေအနေ ထုတ်ပြန်ထားတဲ့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အစား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဘာလို့ ဒီလို သတိပေးခဲ့သလဲ။ တကယ်တော့ တစ်ပြည်လုံးနဲ့ဆိုင်တဲ့ ပြည်ထောင်စုအစိုးရ အဖွဲ့ ပြန်ကြားရေးဝန်ကြီးဌာနက လုပ်ရမှာ မဟုတ်ဘူးလား။ ကျွန်တော်တို့အတွက်တော့ ဘေးကျပ် နံကျပ်ပါပဲ။ ဒါပေမဲ့ ကျွန်တော်ဟာ မတရားအလုပ်ခံနေရတဲ့ ရခိုင်ဒေသခံတွေအတွက် သတင်းမှန်ရရေးအတွက်က ပိုအရေးကြီးတဲ့စိတ်နဲ့ပဲ သတင်း ဖော်ပြခဲ့ပါတယ်။ အစ ပထမပိုင်းမှာ Eleven Media Group က လှုံ့ဆော်တယ်၊ ဘက်လိုက်တယ်၊ Exiled Media တွေနဲ့ နိုင်ငံခြားသတင်းဌာနတွေ မှန်တယ်ဆိုပြီး နည်းပါးတဲ့ ဝေဖန်သံတွေ ထွက်ခဲ့ပေမယ့် Eleven Media Group နဲ့ ဆက်စပ်မှုမရှိတဲ့ The Voice, 7 Days တို့ စစ်တွေသတင်းတွေ ဝေေ၀ဆာဆာ တက်လာပြီးချိန်မှာတော့ အမှန်တရားဟာ တဖြည်းဖြည်း အသံထွက်လာသလို မီဒီယာစစ်ပွဲမှာ မမှန်တဲ့သူတွေ စတင် အထိနာလာခဲ့ပါတယ်။ အစိုးရအနေနဲ့ ဥ ပဒေစိုးမိုးရေးကို ပြတ်သားထိရောက်စွာ လုပ်ဆောင်လာနိုင်ပြီး အခြေအနေတွေ စတင် ငြိမ်သက်လာခဲ့ပါတယ်။ နောက်ဆုံးမှာ ဂျနီဗာရောက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ပညာသားပါတဲ့ မှတ်ချက် ထွက်ပေါ်လာခဲ့အပြီးမှာတော့ ရခိုင်တိုင်းရင်းသားတွေအတွက် မျှတတဲ့ နိုင်ငံတကာအမြင်တွေ ထွက်ပေါ်လာခဲ့ပါတယ်။
(၅)

ဒီကိစ္စမှာ ဘယ်သူတွေဟာ လှုံ့ဆော်ခဲ့သလဲ၊ ဘယ်သူတွေ နောက်ကွယ်က ပါခဲ့သလဲဆိုတာ ကာယကံရှင်တွေပဲ အသိဆုံး ဖြစ်မှာပါ။

သမ္မတကြီးရဲ့ နိုင်ငံရေးအရ အဓိပ္ပာယ်ရှိတဲ့ မိန့်ခွန်း၊ အစိုးရရဲ့ ဒီအရေးအခင်းမှာ ညင်သာစွာ ကိုင်တွယ်ခဲ့ပုံ (ဒီအတွက် ရခိုင်တိုင်းရင်းသားတချို့ ထိခိုက်ခဲ့ပေမယ့်) တပ်မတော်အပါအ၀င် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ Professional ကျမှု၊ ဒေါ် အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးအရ ပါးနပ်မှုနဲ့ နိုင်ငံတကာ မီဒီယာစာမျက်နှာ ကျွမ်းကျင်မှုတွေကြောင့် (ဒေါ်အောင်ဆန်းစုကြည်ဟာ ရိုဟင်ဂျာနဲ့ပတ်သက်ပြီး ပြည်တွင်းမှာ နှုတ်ပိတ်နေခဲ့ပေမယ့် အထင်အမြင် လွဲမှားတဲ့ နိုင်ငံတကာ မီဒီယာတွေရှေ့မှာ ရိုဟင်ဂျာကိစ္စကို တိုင်းရင်းသားဆိုတာ လုံးဝမစဉ်းစားဘဲ ပြည်ပမှ တရားမ၀င် ၀င်ရောက်မှုလို့ သွယ်ဝိုက်ပြောဆိုမှုဟာ သူ့ရဲ့ မီဒီယာ ကျွမ်းကျင်မှုပါ) ရခိုင်ပြည်နယ်နဲ့ ရခိုင် တိုင်းရင်းသားတွေအတွက် အနာဂတ် လှပလာတော့မှာပါ။ ကျွန် တော်တို့အားလုံးရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စာမေးပွဲမှာ ဘာသာရပ်တစ်ခု ဖြေဆို အောင်မြင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
(၆)

တကယ်တော့ ဒီပြဿနာဟာ  ဒုက္ခသည်တွေကို ပြန်လည် နေရာချထားပေး၊ ဥပဒေစိုးမိုးမှုကို ပြန်ထူထောင်ပေးဆိုတဲ့ အပေါ်ယံ လုပ်ဆောင်ပေးရုံနဲ့ ပြီးသွားသင့်တဲ့ ကိစ္စမဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အနောက်ဘက် တံခါးပေါက် လုံခြုံရေးကို အမျိုးသား လုံခြုံရေးအဆင့် ဦးစားပေး လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ အစိုးရ၊ ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေ၊ လူအများ ယုံကြည်ကိုးစားတဲ့သူတွေပါဝင်တဲ့ စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းပြီး ဒီဖြစ်ရပ်ကို ဖြစ်ပေါ်စေခဲ့တဲ့ လှုံ့ဆော်မှုတွေ၊ သေဆုံး ပျောက်ဆုံးသူ စာရင်းအတိအကျ ထပ်မံ ထုတ်ပြန်ရမှာဖြစ်သလို လှုံ့ဆော်သူတွေ၊ မီးရှို့ လူသတ်သူတွေကို အတိအကျ ဖော်ထုတ် အပြစ်ပေးနိုင်မှသာ ဒေသခံ တိုင်းရင်းသားတွေ စိတ်ချလက်ချ နေထိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ သန်းခေါင် စာရင်း ကောက်ယူရေးကို မစောင့်ဘဲ ရခိုင်ပြည်နယ်ကို အထူးဒေသ သတ်မှတ်ပြီး နိုင်ငံသားစိစစ်ရေးကို စနစ်တကျ လုပ်သင့်ပါတယ်။
(၇)

ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်တာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စိန်ခေါ်မှုတွေဟာ အစိုးရနဲ့ အစိုးရရဲ့ အတိုက်အခံ နှစ်ဖက်ထဲကအမြင်ထက် ပိုပြီး ကျယ်ပြန့်ပြီး ပိုပြီး ပူးပေါင်းဆောင်ရွက်ရမယ့် အမြင်မျိုးကို ပြောင်းရွှေ့လာပြီဆိုတာပါပဲ။ တိုင်းပြည်မှာ ဒီမိုကရေစီရေးဆိုတာထက် ပိုမိုရှုပ်ထွေးတဲ့ စိန်ခေါ်မှုတွေက ပြည့်နှက်နေပါတယ်။ ကမ္ဘာ့စူပါ ပါဝါဖြစ်လာမယ့် အင်အားကြီးနိုင်ငံရဲ့ အိမ်နီးချင်း၊ လူဦးရေ ပေါက်ကွဲမှုဖြစ်လာမယ့် နိုင်ငံနှစ်နိုင်ငံ ရဲ့ အိမ်နီးချင်း၊ ၂၁ ရာစုမှာ အာရှရဲ့ မဟာဗျူဟာအကျဆုံး နိုင်ငံအဖြစ် ကမ္ဘာကြီးက ယူဆလာတဲ့ အခြေအနေ၊ ဆင်းရဲပြီး ပညာရည်နိမ့်တဲ့ နိုင်ငံသား အများစုရဲ့ ပြဿနာ၊ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်ပြီး အချိန်မရွေး ပြည်ထောင်စု ပြိုကွဲသွားနိုင်တဲ့ အန္တရာယ်၊ ကမ္ဘာပေါ်မှာ လာဘ်ပေး လာဘ်ယူ အဂတိတရား လိုက်စားမှု အဆိုးဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ၊ ကမ္ဘာ့သက်တမ်းအရှည်ဆုံး စစ်အာဏာရှင်စနစ်ကနေ အသွင်ကူးပြောင်းတဲ့ နိုင်ငံတစ်နိုင်ငံမှာ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တယ်ဆိုတာ အားလုံး သိနားလည်ဖို့ လိုပါတယ်။  အဓိက နောက်ကြောင်းပြန်လှည့်နိုင်တဲ့ အချက်(၃) ချက်ဖြစ်တဲ့ 

  • ၁ ။တိုင်းရင်းသားများအရေးနဲ့ ပြည်ထောင်စုစစ်စစ် ဖော်ဆောင်ရေး ပြဿနာ
  • ၂ ။ တရားစီရင်ရေးမဏ္ဍိုင် ယိမ်းယိုင်ခြင်းနဲ့ ဥပဒေစိုးမိုးမှုပြဿနာ
  • ၃ ။ အဂတိတရားလိုက်စားမှုနဲ့ စီးပွားရေး တိုးတက်မှုနှောင့်နှေးခြင်း ပြဿနာတွေကို ဆက်လက် ဆွေးနွေးပါဦးမယ်

နံပါတ်(၃)ပြဿနာဖြစ်တဲ့ အဂတိတရားလိုက်စားမှုနဲ့ စီးပွားရေးတိုး တက်မှုနှောင့်နှေးခြင်း ပြဿနာဆွေးနွေးတုန်းမှာ နံပါတ်(၁)ပြဿနာဖြစ်တဲ့ တိုင်းရင်းသားပြဿနာကို ကြားဝင်ဆွေးနွေးရတာ ဖြစ်ပါတယ်။
နောက်တစ်ပတ်မှ နံပါတ်(၃) ကို ပြန်ဆွေးနွေးချင်ပါတယ်။

No comments:

Post a Comment