Tuesday, August 21, 2012

စုံစမ်းရေး အဖွဲ့ဝင်နှစ်ဦးအား ကန့်ကွက်မည့်ကိစ္စကို စိုးရိမ်ခြင်းမရှိဟု ပြော

သြဂုတ်လ ၁၇ ရက်နေ့က နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် ရခိုင်ပြည်နယ် အရေးကိစ္စ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင် ၂ ဦးအား စစ်တွေဒေသခံ အချို့က လက်မှတ်စုဆောင်း ကန့်ကွက်မည်အဖြစ်ကို စိုးရိမ်ခြင်းမရှိကြောင်း ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ(RNDP)မှ အထွေထွေ အတွင်းရေးမှူး  ဦးဦးလှစောက က တုံ့ပြန်ပြောဆိုသည်။စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းကြောင်း ကြေညာပြီး ရက်အနည်းငယ်အကြာတွင် (၂၇) ဦးပါ ကော်မရှင် အဖွဲ့ထဲမှ အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် RNDP ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ဦးကိုကိုကြီးတို့အား လက်မခံနိုင်ကြောင်း
စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်မှ ဘင်္ဂါလီ အချို့က လက်မှတ်စုဆောင်းကာ ကန့်ကွက်မည့် အကြောင်း သတင်းထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

ဦးဦးလှစောက  “ကန့်ကွက်ပိုင်ခွင့်ဆိုတာတော့ ရှိပါတယ်၊ ဒါပေမယ့် မှတ်တမ်းတစ်ခုအဖြစ်နဲ့ပဲ ကျန်ရစ်ပါလိမ့်မယ်၊ ထိရောက်မှုရှိမှာ မဟုတ်ပါဘူး” ဟုဆိုသည်။ ထို့ပြင် ၎င်းက နိုင်ငံတော် သမ္မတက မျှတ၍ မှန်ကန်သည့် ရလဒ်ထွက်ပေါ်လာစေရန် ပညာရှင်များဖြင့် ယခုကော်မရှင်ကို ဖွဲ့စည်းထားခြင်း ဖြစ်၍ ကော်မရှင်အဖွဲ့ဝင်များက အမှားအမှန်ကို ရှာဖွေသုံးသပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း ပြောဆိုသည်။

ရခိုင်တိုင်းရင်းသား တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်မှာ ဇွန်လဆန်း စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော အမှတ် (၁)  ရဲစခန်းအား ၀ိုင်းသည့် အဖြစ်အပျက်တွင် လုံခြုံရေး အရာရှိများနှင့် အရပ်သားများ အကြားဝင်ရောက် ဖြေရှင်းပေးခဲ့သူ ဖြစ်သည်။
ဦးကိုကိုကြီးမှာမူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦးဖြစ်ကာ မေလနှင့် ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်သည့် အရေးကိစ္စကို အမျိုးသားရေး ကိစ္စရပ်အဖြစ် ရှုမြင်ကြောင်း ပြောဆိုကာ ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာနိုင်ငံ တိုင်းရင်းသား လုံးဝမဟုတ်ကြောင်းလည်း သတင်းမီဒီယာတခုက မေးမြန်းစဉ် ပြောဆိုထားသည်။

စစ်တွေ ဒေသခံ ကိုခိုင်ဓူဝံကလည်း “ဒေါက်တာအေးမောင်နဲ့ ကိုကိုကြီးတို့ကို  ကန့်ကွက်ကြတယ် ဆိုတာက သူတို့နှစ်ယောက်က ရခိုင်အရေး(ပဋိပက္ခ)ကို ကောင်းကောင်း  သိရှိထားကြတဲ့သူတွေလည်း ဖြစ်နေကြလို့ ဖြစ်ပါလိမ့်မယ်” ဟု YPI သို့ပြောသည်။

နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးလိုက်သည့် ကော်မရှင်တွင် နိုင်ငံရေးပါတီခေါင်းဆောင်များ၊ အငြိမ်းစား အစိုးရအရာရှိများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ ဘာသာနာရေးနယ်ပယ်မှအဖွဲ့အစည်း ခေါင်းဆောင်များနှင့် သတင်းစာဆရာ၊ အနုပညာရှင်များ အထိပါဝင်သည်ကို တွေ့ရသည်။

ကော်မရှင် မှ အစီရင်ခံစာတင်သွင်းရန်နောက်ဆုံး ရက်မှာဖွဲ့စည်းချိန်မှ စ၍ (၃) လအကြာ နိုဝင်ဘာ ၁၆ ရက်ဖြစ်သည်။ ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပထမဆုံးအစည်းအဝေး စတင်ကျင်းပခဲ့ကာ ယနေ့နံနက်ပိုင်းကလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ နယ်စပ်ရေးရာ ပြည်ထောင်စုဝန်ကြီး နှင့်လည်း တွေ့ဆုံခဲ့သည်။      ။

From -YPI

No comments:

Post a Comment