Friday, August 24, 2012

ထိုင်းနိုင်ငံရောက် မြန်မာနှစ်သန်းကျော် ကိစ္စ အစိုးရ အာရုံစိုက်


 ထိုင်းနိုင်ငံရောက် မြန်မာနှစ်သန်းကျော် ကိစ္စ အစိုးရ အာရုံစိုက်လွန်ခဲ့သော ဆယ်စုနှစ် သုံးခုအတွင်း မြန်မာနိုင်ငံမှ အုပ်ချုပ်သူ အစိုးရများ ၏ လျစ်လျူရှုခြင်း ခံရသော မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံ သို့ ပြောင်းရွှေ့နေထိုင်သူ အလုပ်သမား နှစ်သန်းေ ကျာ်ခန့်သည် မြန်မာ သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ် အပြီးတွင် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်နှင့် အလုပ်သ မား အခွင့်အရေး အပြည့်အ၀ ရရှိ စေရေးအတွက်ကို ပိုမို ဆောင်ရွက် ပေးနိုင် လိမ့်မည့် ကနဦး အခြေအနေများ ပိုမို ဖြစ်ထွန်း လာ လျက် ရှိပြီဖြစ်သည်။

သမ္မတခရီးစဉ်နှင့် လိုက်ပါ လာခဲ့သူ အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်သည် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သား အရေး ဆောင်ရွက်သူများ၊ INGO ၊ ထိုင်း ပြည်ထဲရေး ၀န်ကြီးနှင့် ထိုင်း လူဝင်မှု ကြီးကြပ်ရေးမှ ကော်မရှင်နာ မင်းကြီးတို့နှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ အလုပ်သမား အရေးကို အကာအကွယ် ပေးနိုင်ရန် အထူး ကြိုးပမ်းခဲ့သည်။
အရှေ့တောင် အာရှ ဒေသအတွင်း မြန်မာ လုပ်သားများသည် ရသင့်ရထိုက်သည့် အခွင့်အရေး များကို အကာအကွယ်ပေးမှု အနည်းဆုံး၊ အနစ်နာဆုံးသော လုပ်သားများ ဖြစ်ကြောင်း မြန်မာနိုင်ငံမှ အလုပ် သမားဝန်ကြီးက ထိုင်းနိုင်ငံမှ ကော်မရှင်နာ မင်းကြီးနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေကို ဖမ်းပြီး ပြန်ပို့ မယ်ဆိုရင် မြန်မာသံရုံးကို အကြောင်းကြား စေလိုပါတယ်။ မြန်မာနိုင်ငံ ဘက်က အစိုးရက လာကြိုပြီး တရားဝင် ဖြစ်အောင် လုပ်ပေးချင်ပါ တယ်” ဟုလည်း ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးမှ ကော်မရှင်နာ မင်းကြီးကို တွေ့ဆုံစဉ် ဦးအောင်ကြည်က တောင်းဆို ခဲ့သည်။ သို့သော် ထိုကိစ္စ သည် ထိုင်းတို့ဘက်က မည်မျှ ထိရောက်စွာ အရေးယူ ဆောင်ရွက်မည် ကို တိတိကျကျ မသိရှိရ သေးပေ။
ထိုင်းနိုင်ငံမှ ရွှေ့ပြောင်း လုပ်သားများ အတွက် ထောက်ပံ့ရေး အစီအစဉ် မပ် ဖောင်ဒေးရှင်းမှ ဒါရိုက်တာ ပရာနွမ်ဆွန်ဝန်က မြန်မာလုပ်သား ၁ ဒသမ ၂ သန်းသည် ထိုင်းနိုင်ငံတွင် တရားဝင် မှတ်ပုံတင်၍ လုပ်ကိုင်ခွင့် ရရှိထားသည်ဟု ပြောသည်။
၂၀၀၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်း နေထိုင် လုပ်ကိုင်ခြင်းကို စနစ်တကျ ရှိစေရန်အတွက် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံ သဘောတူညီမှု စာချုပ်ကို လက်မှတ် ရေးထိုးသော်လည်း အကြောင်းကြောင်းကြောင့် ၂၀၀၉ ခုနှစ်မှသာ မြန်မာ လုပ်သားများကို ထိုင်းအခေါ် ထော်လော်ဆန်စစ်ဟု ခေါ်သည့် မှတ်ပုံတင်ကို စတင် ထုတ်ပေးခဲ့သည်။
သို့ရာတွင် ထိုမှတ်ပုံတင်သည် ထိုင်းနိုင်ငံအတွင်း နေထိုင်မှု တစ်ခုတည်းကိုပင် အာမခံနိုင်ပြီး တစ်နေရာမှ တစ်နေရာသို့ သွားလာမှုကိုပင် အာမ မခံနိုင်သည့် အတွက် အောင်မြင်နိုင်သော အစီအစဉ် တစ်ခု ဖြစ်လာမည် ဆိုသည်လား ဆိုသည်မှာ မသေချာပဲ ရှိခဲ့သည်။
“ယာယီ ပတ်စ်ပို့နဲ့ မဲဆောက်ကနေ ဘန်ကောက် သွားခွင့် မရှိဘူး။ ဒါ ထိုင်းအစိုးရက မြန်မာ-ထိုင်း နှစ်နိုင်ငံ ကြား ရေးထိုးထားတဲ့ နားလည်မှု ချိုးဖောက်တာပဲ” ဟု မြန်မာလုပ်သား အရေး ဆောင်ရွက်သူ ထိုင်းရှေ့နေဘီက ပြောသည်။
ယခင်အစိုးရ လက်ထက်က စီးပွားရေး မပြေလည်မှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့ တရားမ၀င် ၀င်ရောက်၍ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေကြသော မြန်မာ အလုပ်သမားများ အပေါ် ထိုင်းအလုပ် ရှင်များက နှိမ်ချ ဆက်ဆံရုံမျှ မက အခြေခံ လုပ်ခ လစာကိုလည်း ထိုင်းနိုင်ငံသား အလုပ်သမား များထက် များစွာ လျှော့ပေါ့ ပေးခဲ့သည်။
မြန်မာ အလုပ်သမားများ အရေးကိစ္စ တစ်ခု ကြုံရလျှင် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာသံရုံး အပါအ၀င် မြန်မာအစိုးရက လျစ်လျူရှုထား ခဲ့သည့် အတွက် ထိုင်းနိုင်ငံရောက် မြန်မာများမှာ နှစ်ပေါင်းများစွာ မျက်နှာ ငယ်ခဲ့ရသည်။
မြန်မာနိုင်ငံ၌ သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန် စတင်ယူသည့် နောက်ပိုင်း သမ္မတ ကိုယ်တိုင် ပြည်ပရောက် မြန်မာများ အရေးကိစ္စကို မိန့်ခွန်းများထဲတွင် အရေးတယူ ထည့်သွင်း ပြောကြား လာခဲ့ရာ မြန်မာပြည်သားများ အပေါ် ထိုင်းနိုင်ငံသားများ၏ ဆက်ဆံရေးလည်း တဖြည်းဖြည်း ပြောင်းလဲ လာသည်ကို တွေ့ရသည်။ သို့သော် ထိုင်းနိုင်ငံတွင် နေထိုင် အသက်ရှင် ခြင်းသည် ယနေ့အထိ ခက်ခဲလှသည်။
ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့က ဘန်ကောက်မြို့ အနီး မဟာချိုင် နယ်မြေ အုန်းနွဲ့စိုင်ဟတ်တွန်းစွန် ကြက်သား အလုပ်ရုံ အလုပ်သမား မစန်းစန်းဝင်း အဓမ္မ ပြုကျင့်ခံရပြီး ငါးထပ်တိုက်ပေါ်မှ ပစ်ချခံ၍ သေဆုံးခဲ့ရသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ BAT တို့က PHOKAEN ရဲစခန်းသို့ သွားရောက် အမှုဖွင့် ခဲ့ကြသော်လည်း ရဲစခန်း က အမှုဖွင့် လက်မခံခဲ့ပါ။ အလုပ်သမားများအား အချက်အလက် ယူခြင်း၊ ဓာတ်ပုံရိုက်ခြင်းများ လာရောက် လုပ်ကိုင်သည့် BAT အဖွဲ့ ကို ကွန်ဒိုတိုက်ပိုင်ရှင် ထိုင်းအမျိုးသားက လုပ်နိုင်မှ ဓာတ်ပုံရိုက်ပါ၊ မေးမြန်းပါဟု ပြောဆိုခဲ့သည်ဟု BAT ၀က်ဘ်ဆိုက်တွင် ဖော်ပြ ထားသည်။
လွန်ခဲ့သည့် ၂ နှစ်ကျော်ခန့် ကလည်း အဆိုပါ ကွန်ဒိုတိုက် လေးထပ်တွင် မြန်မာ အမျိုးသမီးငယ် တစ်ဦးကို အဓမ္မပြုကျင့်ပြီး လည်ပင်းကို လှီးဖြတ် သေဆုံးမှု ဖြစ်ခဲ့သော်လည်း အမှုမှန် ပေါ်ပေါက် ခဲ့ခြင်း မရှိခဲ့ကြောင်း ယင်းကွန်ဒိုတိုက်တွင် သုံးနှစ်ခန့် နေထိုင်ဖူးသူ အလုပ်သမား ကိုမိုးဇော်ဝေက ပြောကြောင်း BAT ၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြ ပါရှိသည်။
အဓမ္မ ပြုကျင့်ခံရပြီး ငါးထပ်တိုက်ပေါ်မှ ပစ်ချ ခံရသော မစန်းစန်းဝင်း သေဆုံးမှုအတွက် မြန်မာသံရုံးက ကူညီလျက် ရှိသည်။
သေဆုံးသူ မစန်းစန်းဝင်းသည် ဧရာဝတီတိုင်း ရေကြည်မြို့နယ် နုံးကနိုင်ရွာမှ ဖြစ်သည်။ အလုပ်လုပ်သည့် နေရာတွင် ခင်ပွန်း ကိုအောင် နှင့် သမီးကြီးတစ်ဦးတို့ ရှိနေကြပြီး နေရပ်ရင်းတွင် သမီးအလတ်နှင့် တစ်နှစ်ကျော် အရွယ် သားငယ်တစ်ဦးမှာ ကျန်ရစ်ခဲ့သည်။ “မြန်မာအစိုးရနဲ့ မြန်မာသံရုံးက ကူညီရင် ထိရောက်တယ်။ ဒီ INGO တွေနဲ့ စနစ်တကျ ပူးပေါင်းရင် မြန်မာ ရွှေ့ပြောင်း လုပ်သားတွေ အတွက် အများကြီး အကျိုးရှိမယ်” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ အရေးကို နှစ်ပေါင်း ၁၆ နှစ်နီးပါး အကူ အညီပေးလုပ်ကိုင်ခဲ့သူ ABSDF အဖွဲ့ဝင် ဟောင်း ဦးထူးချစ်က ပြောကြားသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့မှ ဦးမျိုးနိုင်က “ထိုင်း ရဲတွေက မြန်မာပတ်စ်ပို့ ကိုင်ရင် အနိုင်ကျင့် တုန်းပဲ။ ဒါပေမဲ့ အခုနောက်ပိုင်း မြန်မာ အစိုးရက မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ အရေးမှာ နွေးနွေးထွေးထွေး ဆောင်ရွက် လာတဲ့အတွက် နည်းတော့ နည်းလာတယ်”ဟု ဇူလိုင်လအတွင်း ၀န်ကြီး ဦးအောင်ကြည်နှင့် တွေ့ဆုံစဉ် ပြောကြား ခဲ့သည်။
သို့သော် သမ္မတ ထိုင်းနိုင်ငံသို့ ရောက်ရှိမလာခင်က ထိုင်းအလုပ်သမား ၀န်ကြီး၏ ရွှေ့ပြောင်း အလုပ်သမားများ ကိုယ်ဝန်ဆောင်လျှင် နေရင်း နိုင်ငံ ပြန်ပို့မည်ဆိုသော ကြေညာချက်ကြောင့် ရွှေ့ပြောင်း အလုပ်သမားများ တရားဝင် လက်မှတ် ကိုင်ဆောင်ရန် ကိစ္စ အခက်အခဲ ဖြစ်လာနိုင်စရာ ရှိနေသည်။ အလားတူ တရားဝင် လက်မှတ်ရရှိရန် ငွေကြေး ကုန်ကျစရိတ် မတတ်နိုင်ခြင်း၊ အလုပ်သမားများတွင် မြန်မာ နိုင်ငံသား တရားဝင် စာရွက်စာတမ်းများကို အလုပ်ရှင်က သိမ်းထားသည့်အတွက် အထောက်အထား မရှိခြင်း၊ လက်မှတ်ရရှိရန် အလုပ်လုပ်ရာ ဒေသမှ နေ၍ တစ်နယ်တစ်ကျေးသို့ အလုပ်ဖျက်၍ မသွား လိုခြင်း စသည့် ခက်ခဲသော အကြောင်းရင်းများလည်း ရှိနေသေးသည်။
နိုင်ငံကူး လက်မှတ်မရှိ၍ မြန်မာနိုင်ငံသား အများအပြား အဖမ်းခံရခြင်း၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းတို့ကို အရေးယူ သော်လည်း ထိုင်း အလုပ်ရှင်များမှာ ထောင်ဒဏ် ခြောက်လအထိ အရေးယူ ခံနိုင်သော် လည်း အရေးယူခံရခြင်းမျိုး မရှိကြောင်း မြန်မာ အလုပ်သမားများ ကာကွယ် စောင့်ရှောက်ရေး အဖွဲ့မှ ဦးအောင်မျိုးသန်းက ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်ရှိ စက်ရုံတစ်ရုံတွင် ထိုင်းနိုင်ငံ အလုပ်ရှင်များသည် မြန်မာ အလုပ်သမားများ တရားဝင် အလုပ်သမားဖြစ်လာ မည်ကို အထူး စိုးရိမ်သောကြောင့် မြန်မာဘာသာဖြင့် ခြိမ်းခြောက် ရေးသားထားသည်။
မြန်မာလုပ်သားများ တရားမ၀င် နေထိုင် လုပ်ကိုင်မှုမှ ထိုင်းတို့သည်
၁ -လုပ်အားခ သက်သက်သာသာ ထက်ဝက်ခန့်ဖြင့် ခိုင်းရ သည်။
၂- အဆင်မပြေလျှင် ရဲကို ဖုန်းဆက်ကာ ချောက်ချ၍ ရသည်။
ကလေးများ ပညာသင်ခွင့်နှင့် အခြားအလုပ်ချိန် အချိန်ပို လုပ်ခများ တွင် အလုပ်ရှင်တွေက အသာစီး ရမြဲရနိုင်သည့်အတွက် တရားဝင် လုပ်သား ဖြစ်ရေးကို မသိကျေးကျွန် ပြုနေကြသည်။
ထိုင်းနိုင်ငံတွင် တရားမ၀င် နေထိုင်သော မြန်မာအလုပ်သမား များသည် တစ်သန်းကျော် ကျန်ရှိနေပြီး လာမည့်ဒီဇင်ဘာလ ၁၄ ရက်တွင် တရားဝင် လုပ်သားအဖြစ် မှတ်ပုံတင်ခြင်းကို သက်တမ်းတိုး ပေးမည် မဟုတ်တော့ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။
ထိုင်းအာဏာပိုင်များ၏ အချိန်မရွေး စစ်ဆေး ဖမ်းဆီးမှု ခံရနိုင်သောကြောင့် လူအများရှေ့တွင် မြန်မာစကားကိုပင် မပြောမဆိုရဲသည်အထိ အကြောက်တရားနှင့် သူတစ်ပါးနိုင်ငံတွင် ပင်ပန်းစွာ အလုပ် လုပ်ကိုင်နေရပြီး ထိုင်းအလုပ်ရှင်များ ဘက်မှ ဖိနှိပ်မှု၊ လစာ ခေါင်းပုံဖြတ်မှု၊ မမျှတမှုများ ရှိသည်ကို သိသော်လည်း စားဝတ်နေရေးကို ငဲ့၍အလုပ်လုပ်ခဲ့ကြရသည်။
ယခင်က တစ်ရက်လျှင် ဘတ် ၁၀၀၊ ၁၃၀၊ ၁၅၀ စသည်ဖြင့် အလုပ်ရှင်ပေါ် မူတည်၍ ပေးနေသော လစာကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်၍ ဘတ် ၃၀၀ စီ တစ်ရက်လျှင် ၉၀၀၀ ကျပ်ခန့် တစ်ပြေးညီ ခံစားခွင့် ရရှိမည်ဟု ထိုင်းအလုပ်သမား ၀န်ကြီးဌာနက ကြေညာခဲ့သည်။ ထိုကြေညာချက်သည် မှတ်ပုံတင် မထားသော လုပ်သားများ အကျုံး မ၀င်သည့်အတွက် စောင့်ကြည့်ရမည့် အခြေအနေ ဖြစ်သည်။
သမ္မတကြီး ဦးသိန်းစိန်သည်လည်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ်နှင့် တွေ့ဆုံစဉ် မြန်မာ အလုပ်သမားများ အရေးကို အထူးတလည် ပြောဆို ဆွေးနွေးခဲ့သည်။ အလားတူ မြန်မာအလုပ်သမား ၀န်ကြီးသည်လည်း ထိုင်းနိုင်ငံ ရောက်ရှိနေစဉ် အတွင်း မြန်မာ ရွှေ့ပြောင်းလုပ်သားများ၏ ပညာရေးအတွက် မဟာချိုင်နှင့် စူရက်ချိုင်တွင် စာသင်ကျောင်းများ ဖွင့်ခွင့်ပြုရေး၊ ထိုင်းနိုင်ငံတွင် မွေးဖွားသော မြန်မာ ကလေးငယ်များ ကိုမွေးစာရင်း၊ သန်းခေါင်စာရင်း အသိအမှတ်ပြု ထုတ်ပေးရေး၊ နယ်စပ်သို့ မြန်မာ တရားမ၀င် လုပ်သားများ ပြန်ပို့ပါက အကြောင်းကြားရေး၊ နှစ်နိုင်ငံ နယ်စပ် ၀င်ပေါက်များ ညှိနှိုင်း လုပ်ကိုင်ရေး၊ ရန်ကုန်နှင့် မန္တလေးတို့တွင် မြန်မာလုပ်သားများကို စိတ်ကြိုက် လာရောက် ခေါ်ယူပြီး လေကြောင်းမှ တရားဝင် ခေါ်ယူရေးတို့ အပါအ၀င် အချက်အလက် အများအပြားကို ပြောဆို ဆွေးနွေးခဲ့သော်လည်း ရလဒ် တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ တရားဝင် အလုပ်လုပ်ခွင့်နှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိစေရေးသည် အမေရိကနှင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများ ရုပ်သိမ်းလိုက်ပြီး နောက် တိုးတက် ပြောင်းလဲလာတော့မည့် မြန်မာပြည်၏ စီးပွားရေး ကဏ္ဍများတွင် ၀င်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသော ထိုင်းအစိုးရ၏ မူဝါဒနှင့်လည်း သက်ဆိုင်နေပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ ထားဝယ် ရေနက် စီမံကိန်းတွင် မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ ပူးပေါင်း လုပ်ကိုင်နိုင်မှု အထူး အလားအလာ ကောင်းမွန်ပြီး မြန်မာနိုင်ငံနှင့် ရေမြေချင်း ထိစပ်နေသည့် ထိုင်းနိုင်ငံသည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံပြီးလျှင် မြန်မာနိုင်ငံနှင့် ကုန်သွယ်မှု တန်ဖိုး အမြင့်ဆုံး အနေအထားတွင် ရှိနေပြီး လာမည့် ၂၀၁၅ တွင် လက်ရှိထက် နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုး အနည်းဆုံး သုံးဆခန့် တိုးမြှင့်နိုင်သည်ဟု ပညာရှင် များက ခန့်မှန်းထားသည်။
မြန်မာပြည်နှင့် ရေရှည် အကျိုးစီးပွားအတွက် ဆက်ဆံရေး ကောင်းမွန်စေရန် ထိုင်းအစိုးရ ဘက်က မြန်မာ အလုပ်သမားများ အရေးကို ချန်လှပ် မထားခြင်း၊ မြန်မာပြည်နှင့် ပတ်သက်သည့် အရေး ကိစ္စများကို အရေးတယူ ပြုလာခြင်းတို့ အချိန်တွင် မြန်မာအစိုးရ အနေနှင့် နှစ်ပေါင်းများစွာ၏ လျစ်လျူရှုခြင်း ခံရသော မြန်မာရွှေ့ပြောင်း အလုပ်သမားများ နှစ်သန်းကျော်ခန့် အတွက် တစ်စုံတစ်ရာ ဆောင်ကြဉ်း လာနိုင်ရန်မှာ အထူး အရေးကြီးကြောင်း မြန်မာအစိုးရနှင့် အထူး ပြေလည်စွာ ပူးပေါင်း ဆောင်ရွက်လိုသည့် ထိုင်းနိုင်ငံ အခြေစိုက် မြန်မာရွှေ့ပြောင်း လုပ်သား အရေး ဆောင်ရွက်ပေးနေသူ INGO များက
 သုံးသပ်ကြသည်။

From -TheVoiceWeekly

No comments:

Post a Comment