Monday, September 10, 2012

အသွင်သစ် အစိုးရနှင့် အားလုံးပါဝင်သော နိုင်ငံတည်ဆောက်ရေး


ပြင်ဆင် ဖွဲ့စည်းလိုက်သော အစိုးရအဖွဲ့တွင် ပညာရှင်များ အများအပြား ပါဝင်လာခဲ့ရာ အောင်မြင်သည့် နိုင်ငံများရှိ တက္ကသိုလ်နှင့် အစိုးရ အဖွဲ့အကြား ပညာရှင်များ စုန်ချည်ဆန်ချည် ကူးချည် သန်းချည် ဖြစ်စဉ်မျိုး နောင်တွင် တွေ့ကြရတော့မည့် အလားအလာပင် ဖြစ်သလို မြန်မာ့ ပြုပြင် ပြောင်းလဲရေး အတွက် မူဝါဒကောင်းများ ချမှတ်နိုင်ရေး၊ အိုင်ဒီယာကောင်းများ ဖော်ထုတ်နိုင် ရေးတွင် အားလုံး ပါဝင် နိုင်ရေး အခြေခံ ကျသော ခြေလှမ်းကြီး တစ်လှမ်းလှမ်း လိုက်ခြင်းဖြစ်သည်။


မူဝါဒ ချမှတ်ရာတွင် အကြံဥာဏ်များ အရည်အသွေး မြင့်စေရန် အတွက် အကြံဥာဏ် ထုတ်သူ အမျိုးအစား စုံလင်ရန် (Diversity) လိုသလို အကြံဥာဏ် ထုတ်သူ အရည်အသွေးကောင်းရန် (Quality) လည်းလိုသည်။ အောင်မြင် သည့်နိုင်ငံများတွင် ယဉ်ကျေးမှု၊ စနစ်၊ ရာသီဥတု၊ နိုင်ငံအရွယ်အစား၊ လူဦးရေ တို့ ကွဲပြားချင်တိုင်း ကွဲပြားမည်ဖြစ်သော်လည်း နိုင်ငံ အဆင့် မူဝါဒ အကြံဥာဏ် ထုတ်ဖော် ရှာဖွေရာတွင် အရည်အသွေး မြင့်မားခြင်းမှာမူ တူညီကြသောကြောင့် အောင်မြင်လိုလျှင် အကြံဥာဏ်ထုတ်ရေး ဖြစ်စဉ် (Idea Generation)ကို ကောင်းမွန်အောင် မဖြစ်မနေ ဆောင်ရွက်ရမည်။


စက်မှုဇုန်များတွင် လုပ်ခလစာ တိုးမြှင့်ရေး စသည့် အလုပ်သမား အခွင့်အရေး၊ အလုပ်ရှင် အလုပ်သမား ပြဿနာတွင် ပညာရှင်များ၊ အစိုးရ အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ၊ အလုပ်သမား အရေး လှုပ်ရှားသူ၊ ၈၈မျိုးဆက် ကျောင်းသားများ၊ အလုပ်သမားများ၊ နိုင်ငံရေး ပါတီများ စသည့် ပါဝင်ပတ်သက် သူအားလုံး (Stakeholders) အား ဖိတ်ခေါ် ဆွေးနွေး အကြံထုတ် ပါဝင် စေခဲ့ သည်မှာလည်း လွန်ခဲ့သော ရာစုနှစ် တစ်ဝက်ခန့် အတွင်း အကြံဥာဏ်ထုတ်ရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်ရေး ဖြစ်တောင့်ဖြစ်ခဲ ပြောင်းလဲမှုကြီး ပင်ဖြစ်သည်။


အမျိုးသား အဆင့်ဖြစ်သည့် ရခိုင်အရေး စုံစမ်းရေး ကော်မရှင်တွင် ယခင် နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအဝင် နယ်ပယ်စုံမှ ပါဝင် လာသလို သမ္မတကို ပံ့ပိုးသည့် စီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီတွင် မူလ အကြံပေး ပုဂ္ဂိုလ်များ အပါအဝင် ပြည်ပရောက် မြန်မာပညာရှင်များ၊ ယခင်က ရန်ဘက်သဖွယ် ဖြစ်ခဲ့သည့် ပညာရှင်များ ပါဝင် လာခဲ့ခြင်းကြောင့် မြန်မာ့ နိုင်ငံရေးကို အစဉ်တစိုက် လေ့လာသူ ဝါရင့်များပင် အံ့အား သင့်ခဲ့ကြရသည်။


အကြံကောင်း ပေးနိုင်သူကို ဘေးဖယ်ထားခြင်း၊ လုပ်နိုင် ကိုင်နိုင်သူကို အားမပေးခြင်း စသည့် အကြောင်းရင်းတို့ကြောင့် အကြံဥာဏ် ထုတ်သည့် ဖြစ်စဉ် အားနည်း ချွတ်ခြုံ ကျကာ နိုင်ငံ ဖွံ့ဖြိုးမှု အဘက်ဘက်မှ နောက်ကျ ခဲ့ရခြင်းဖြစ် သည်။ ထို့ကြောင့် မူဝါဒ ချမှတ်ခြင်း၊ အကြံဥာဏ် ထုတ်ခြင်း ဖြစ်စဉ်တွင် အားလုံး ပါဝင်နိုင်အောင်၊ လုပ်နိုင်သူ နေရာ ရအောင် ယခု ချိန်ကိုက် ပြင်ဆင်နေ ခြင်းတို့မှာ များစွာ အားတက်ဖွယ် ကောင်းသည်။


ယခုကဲ့သို့ နိုင်ငံအဆင့် မူဝါဒ ချမှတ်ရေး ဖြစ်စဉ်တွင် အားလုံး ပါဝင်စေ ရေး အပြောင်းအလဲ များမှသည် အမှန်တကယ် အနှစ်သာရ ပြည့်သော၊ လူတော် လူမှန် နေရာရသော၊ အားလုံးပါဝင်နိုင်သော အစဉ်အလာ ယဉ်ကျေးမှု အဖြစ် နိုင်ငံအနှံ့ ကျောင်းများ၊ စီးပွားရေး လုပ်ငန်းများ စသော နယ်ပယ် အသီးသီး၊ အဆင့် အသီးသီးသို့ စီးဆင်း ရှင်သန် သွားပါစေကြောင်း The Voice Weekly က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။


အယ်ဒီတာ (၆-၉-၂၀၁၂)
Frm -TheVoiceWeekly

No comments:

Post a Comment